တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို KNPP စုံစမ်းဖော်ထုတ်အရေးယူမည်

ပုံစာ – ကရင်နီမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များ။ 

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၆၊ ၂၀၂၂

ကြားကာလတွင် စစ်အာဏာရှင် နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် အခြားသော သဘာ၀တူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်လည်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ အတွင်း အခြားသော အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်နီမျိုးသား တိုးတက်ရေးပါတီ (KNPP)က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်တွင် နောက်ထပ် ဖော်ပြထားသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး လက်ရှိ ကရင်နီပြည်တွင်း စစ်ကောင်စီ၏ ကရင်နီလူမျိုးများပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့်လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေး မှတ်တမ်းပြုစုပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုလုပ်ငန်းများကို ချမှတ် အကောင်အထည် ဖော်ဆောင်သွားရန် ရှေ့လုပ်ငန်း စဉ်များ ချမှတ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကရင်နီမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေအထွေအတွင်းရေးမှူးသစ် ခူးပလူးရယ်က ဖက်ဒရယ်ဂျာနယ်ကို အခုလိုပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးကာလမှာတော့ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် ဘဝတူလက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ နောက်အာဏာရှင်ဖြုတ်ချရေးအတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ နောက်ကရင်နီပြည်တွင်းမှာရှိနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ အရေးယူဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ရှေ့လုပ်ငန်းစဉ်အနေနဲ့ ချမှတ်ခဲ့ပါတယ်” ဟု ပြောပါတယ်။

သူဆက်ပြေသာက

စစ်ကောင်စီက တိုင်းရင်းသားနယ်မြေအသီးသီးမှာ စစ်အင်အားတွေတိုးမြှင့်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးလုပ်လာတယ်။ ဒါကြောင့်လည်း လူထုတွေက ဒီအပေါ်မှာ ရရာလက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတာကိုလည်း တွေ့ရတယ်ပေါ့လေ။ ဒီလိုတိုက်ခိုက်နေတဲ့အပေါ်မှာ ကျွန်တော် တို့က လူထုတွေအတွက်ဂုဏ်ယူတယ်။ လက်တွဲပြီးလည်း လုပ်ဆောင်နေတယ်ပေါ့လေ။ အမျိုးသားရေး လွတ်မြောက်ရေးအတွက်ဝိုင်းဝန်း ဆောင်ရွက်သွားကြဖို့ကျွန်တော်ပြောချင်ပါတယ်” ဟု ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့

“ဒီကြားကာလ တော်လှန်ရေးကာလမှာတော့ ကျွန်တော်တို့က စစ်အာဏာရှင်ကျဆုံးရေးအတွက် လုပ်ဆောင် နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ အာဏာရှင်ကိုဖြုတ်ချပြီးလို့ရှိရင် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေးကတော့ နောက်တပိုင်းပေါ့နော်။ ဒါလည်းဆက်လက် လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ အစီအစဉ်တွေရှိပါတယ်” ဟု ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီသည် ကရင်နီပြည်တင်မက အခြားနေရာဒေသများတွင်လည်း စစ်အင်အားတိုးမြှင့်လာခြင်း စစ်ရေးအရှိန်များ ထပ်တိုးမြှင့်လာနေပြီဖြစ်သာကြောင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြစ်လည်း တန်ပြန်ပြီးတော့ စစ်ရေးအရှိန် တိုးမြှင့်ဖို့ပဲရှိကြောင်း သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်ကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပါတီဥက္ကဋ္ဌ တဦး၊ ပါတီဗဟိုကော်မတီဝင် ၁၈ ဦး၊ ပါတီအရန်ဗဟိုကော်မီတီ ၇ ဦးကိုလည်း လျှို့ဝှက်မဲနဲ့ ပြန်လည်ရွေးချယ်တင်မြောက်နိုင်ခဲ့သည်။

ပထမဦးဆုံ ပါတီဗဟိုကော်မီတီအစည်းအဝေးမှာ ဗဟိုအလုပ်အမှုဆောင်ကော်မီဝင် ၉ ဦးကို ရွေးချယ်တင်မြောက်လိုက်ပြီး ပါတီဥက္ကဋ္ဌ အဖြစ် ခူးဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် အေဘယ်တွိ၊ အထွေထွေအတွင်းရေမှူးအဖြစ် ခူးပလူးရယ်တို့ကို ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

အတွင်းရေးမှူး ၁ အဖြစ် ခူးဒယ်နီရယ်၊ အတွင်းရေးမှူး ၂ အဖြစ် ဦးအောင်ဆန်းမြင့်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ ၄ ယောက်ကို ရွေးချယ်ထားကြပါတယ်။ 

Related Articles

Back to top button