သတင်း

ကယား(ကရင်နီ)ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို အမေရိကန်အစိုးရ ရှုတ်ချကြောင်းပြော၊ နိုင်ငံတကာနှင့်ပူးပေါင်းအရေးယူမှု တိုးမြှင့်မည်ဟု အန်တိုနီ ဂျေဘလင်ကန် ပြောဆို

ပုံစာ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အန်တိုနီ ဂျေ ဘလင်ကန်တွေ့ရစဉ်။

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၉၊ ၂၀၂၁

ကရင်နီပြည်နယ်တွင် Save the Children မှ ဝန်ထမ်း ၂ ဦး အပါအဝင်  ပြည်သူ ၃၅ ဦးခန့်ကို စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မီးရှို့သတ်ဖြတ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အန်တိုနီ ဂျေ ဘလင်ကန်က ကန့်ကွတ်ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်ကို အရေးယူရေး နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်တွင် ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများအပေါ် အမေရိကန်ပြည်ထောင်စုမှ ကန့်ကွက်ရှုတ်ချကြောင်း၊ အနည်းဆုံး လူ၃၅ဦးခန့် သေဆုံးခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း၊ ယခုလတ်တလော ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အပေါ် မိမိတို့  စိုးရိမ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။ 

အပြစ်မဲ့ပြည်သူများနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများကို ပစ်မှတ်ထားခြင်းကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာပြည်သူများအပေါ် စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့် ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များသည် စစ်တပ်တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေ၍ စစ်တပ်အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေသည့်အစဉ်အလာကို အလျင်အမြန် အဆုံးသတ်ရန်လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြ နေသည်ဟု ၎င်း၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း  စစ်တပ်သည် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရေး ရည်မှန်းချက်အတိုင်းဆက်လက်အကောင်အထည်ဖော်ရန်နှင့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ဖက်/အရပ်ဖက်သုံး နည်းပညာများအား စစ်တပ်သို့ရောင်းချမှုရပ်ဆိုင်းခြင်းကဲ့သို့သော မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်သည့် လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတားဆီးမှုမျိုးကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၄င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက် ခဲ့ကြောင်း၊ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုပြောဆိုသည်။

 မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်း အားပေးသွားမည်ဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများ၏လုံခြုံရေး သေချာမှုရှိစေရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေး အပ်နေသည့်သူများအား လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန် မြန်မာစစ်အာဏာရှင်ကို တောင်းဆိုကြောင်း ပြောဆိုထားသည်။

“မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှု များကို ထပ်တလဲလဲ ကျူးလွန်နေသော စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအား တောင်းဆိုကာ နိုင်ငံ တကာအဖွဲ့အစည်းများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထအား ရပ်တန့်နိုင်စေရန် စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးအသီးသီးတွင် ထိရောက်စွာ အပြစ် ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် ၊ စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ခံစားနေရသည့် ဒေသများတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး နှင့် စစ်ကောင်စီအား လက်နက်တင်ပို့မှု ပိတ်ဆို့ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုကြောင်း နှင့် ထွက်ပြေးတိမ်းရှောင် နေရ သည့် စစ်ဘေး ဒုက္ခသည်များအား ထိရောက်လျင်မြန်သည့် လူသားချင်းစာနာမှုအကူညီများ ပံ့ပိုးပေးရန် နိုင်ငံတကာအတိုင်းအဝိုင်းအား တောင်းဆိုကြောင်း  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း” ထုတ်ပြန်ပြောဆိုထားသည်။

Related Articles

Back to top button