ဆောင်းပါး

ဒီမိုကရေစီနွေဦး၊ ဖက်ဒရယ်နွေဦး

ဒီမိုကရေစီနွေဦး၊ ဖက်ဒရယ်နွေဦး

———————————–

အဖြစ်အပျက်တွေက အဆိုးပေါ် အဆိုးထပ်လို့နေတာ ၁၀လကျော်ခဲ့ပြီ။ရှေ့သို့ချီနေတဲ့တိုင်းပြည် ဟာ ရုတ်တရက်ဘရိတ်ဆောင့်နင်းလိုက်သလို ပြိုကျတာက ကိုယ်တွေပြည်သူတွေချည်းတော့မဟုတ်။အကြမ်း ဖက်စစ်အုပ်စုဟာလည်း အပြင်ရန်၊အတွင်းရန်ရောနဲ့ သူတို့လည်းပြိုကျလာလိုက်တာ မနည်းမနောပါပဲ။

အခုကတော့ ဘယ်သူတွေ ဘယ်လောက်တောင့်ခံနိုင်မလဲ။ဘယ်သူတွေဘယ်လောက်ထိ အနိုင်ယူရဲ မလဲဆိုတာ ဆက်အားစမ်းနေဆဲပါပဲ။ပြောရရင် သူလည်း ရှေ့မတိုင်းနိုင်၊ကိုယ်လည်း နောက်မဆုတ်စတမ်း။ အကြမ်းဖက်စစ်အုပ်စုက လုံးဝနောက်ဆုတ်မှာမဟုတ်ကြောင်း အပြတ်ကြေညာထားသလိုမျိုး သူတို့အတွက် သက်သာရာရမယ့် အာဆီယံမူ၅ချက်လမ်းကိုပင် တရစပ် ခေါင်းခါရမ်းပြခဲ့တယ်။

မလုပ်ချင်လို့ မလုပ်ချင်ဘူးဆိုပြီး ရိုးရိုးသားသား အေးအေးဆေးဆေးခေါင်းရမ်းပြခဲ့တာလားဆိုတော့ မဟုတ်။မြန်မာတစ်ပြည်လုံးက ပြည်သူတွေကို အစွမ်းကုန်ရက်စက်ခြင်းနည်းတွေနဲ့ အာဆီယံမူ၅ချက်ကို လက်မခံကြောင်း ပြသနေတာပါ။

အာဆီယံထိပ်သီးအစည်းအဝေးမတက်ရသလို တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးလည်း တက်ခွင့်မရ ၊အာရှ-ဉရောပထိပ်သီးအစည်းအဝေးဆိုလည်း အနားတောင်သီခွင့်မရ။အဲဒီလို ဒေသတွင်းနဲ့ နိုင်ငံတကာအလယ်မှာ အရှက်တကွဲဖြစ်မှုတွေကြုံတိုင်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ခြင်းကင်းစွာနဲ့ နိုင်ငံတွင်းကပြည်သူတွေကို အငြိုးတကြီး ရက်စက်ပြနေတယ်လို့ ထင်မှတ်ရအောင်ပင်မင်းအောင်လှိုင်ဟာ ဉာဏ်ရည်ချို့တဲ့ ခဲ့ပါတယ်။

အခုစစ်အုပ်စုသွားနေတဲ့ လမ်းက တိုင်းပြည်ဘာဖြစ်ဖြစ် မငဲ့တဲ့လမ်း၊ပြည်သူတွေရဲ့အလောင်း တွေ ခုပြီး သူတို့လိုချင်တဲ့အာဏာပလ္လင် ပေါ် မရမက ကုပ်ကပ်တွယ်ဖက်တက်မယ်ဆိုတဲ့လမ်း။မင်း အောင် လှိုင် က အာဏာပလ္လင်ပေါ်ရောက်ချင်ရောက် ၊မဟုတ်ရင်လည်း ကြိုးစင်ပေါ်ရောက် ဆိုတာမျိုး ပုံအောလောင်း နေတာပါ။မင်းအောင်လှိုင်ဟာ ပြည်သူတွေရဲ့ အသက်ကို နေ့စဉ် သတ်ဖြတ်ခြင်းနည်းနဲ့ သူ့ခရီးသူရောက်ရှိ လိမ့်မယ်လို့ မျှော်လင့်နေပုံရတယ်။

သူသိတာက အာဏာတစ်ခုတည်းပါပဲ။အဲဒီအာဏာရရှိရေးအတွက် ပြည်သူကို စည်းရုံးတဲ့နည်းနဲ့သွား လို့မရဘူးဆိုတာလည်း သူကောင်းကောင်းသိပုံပါပဲ။ပြီးတော့ စည်းရုံးသိမ်းသွင်းတဲ့နည်းဆိုတာကလည်း သူ ကျွမ်းကျင်ပိုင်နိုင်တဲ့နည်းမဟုတ်လေတော့ သူအကျွမ်းကျင်ဆုံးနည်းဖြစ်တဲ့ အကြောက်တရားပေးတဲ့နည်းကို ပဲ လက်တွေ့သုံးလျက်ရှိပါတယ်။

အကြောက်တရားကို ဘယ်လောက်အတိုင်းအတာအထိပေးမလဲဆိုတဲ့ အချိန်အဆကို ပထမ၊သတိ ကြီးကြီးထား ကိုင်တွယ်ရမယ်မှန်းသိပေမဲ့ ပြည်သူတွေကြားထဲ မင်းအောင်လှိုင်နိုး၊အာဏာရှင်နိုး ဆိုတဲ့အသံ ကျယ်သထက်ကျယ်လောင်လာတာနဲ့အမျှ ဆင်ခြင်တုံတရားအားနည်းတဲ့သူ့ရဲ့ဉာဏ်ရည်က သုံးစားလို့မရ ဖြစ်သွားခဲ့တယ်။

ပြီးတော့ သူတို့အတွင်းထဲက ပြည်သူ့ရင်ခွင်ခိုဝင်တဲ့ စစ်သားတွေ နေ့စဉ်ရှိနေသလို အချိန်မရွေးသေ လမ်းမြင်နေပြီဖြစ်တဲ့ အောက်ခြေအကြမ်းဖက်တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကျမှုနဲ့ ခိုင်းသလိုလုပ်ဖို့ရာငြင်းဆန် လာမှုတွေအရ အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ ပြည်သူတွေအပေါ် အဓမ္မတောင်းရမ်းစားသောက်နေမှုတွေ၊အဓမ္မ  လုယက် သတ်ဖြတ်နေမှုတွေကို လက်ခုပ်တီးပေးလာရတော့တယ်။စစ်တပ်ကို အကြမ်းဖက်လူသတ် ဓားပြ တပ်ပုံစံဖြစ် အောင်လက်ခုပ်တီးပေးခြင်းအပေါ်မင်းအောင်လှိုင်ရဲ့ နောက်ထပ်မျှော်လင့်ချက်က မြန်မြန်ပွဲပြတ် ချင်စိတ်ကြောင့်လို့လည်းထင်ရတယ်။ မြန်မာနိုင်ငံတော်ကြီးကို  လုံးဝငြိမ်ဝပ်ပိပြားစွာနဲ့ အာဏာပိုင်စိုးနေပြီ ဖြစ်ကြောင်း နိုင်ငံတကာကို သိပ်ပြချင်တယ်။ဒါ့ကြောင့် ပုန်ကန်သူမှန်သမျှကို အစွမ်းကုန်သတ်ဖြတ်ဖမ်းဆီးရုံ တင်မက ပုန်ကန်အားပေးသူတွေကို ရွာဆိုရင်မီးရှို့ပစ်၊အိမ်ဆိုရင်ချိတ်ပိတ်ပစ်၊ဘာမှမဆိုင်တဲ့မိသားစုဝင်တွေ ကို အလွတ်မပေးနဲ့ဆိုပြီး အစွမ်းကုန်ရက်စက်ခိုင်းခဲ့တယ်။

ဒီဇင်ဘာ၂ရက်နေ့ည၈နာရီလောက်က  စစ်ကိုင်းတိုင်း၊မုံရွာမြို့၊သာစည်လမ်းက မြို့မရွှေဂူ ကျောင်းအနီးမှာ အမျိုးသား၂ယောက် ဆိုင်ကယ်နဲ့ ဖြတ်လာစဉ် အကြမ်းဖက်စစ်သားတွေက တားတာ ဆိုင်ကယ်ရပ်မပေး လို့ဆိုပြီး သေနတ်နဲ့ပစ်တာ တစ်ယောက်ပွဲချင်းပြီးသေသွားခဲ့တယ်။

သာစည်လမ်းဆိုရင် မုံရွာမြို့တွင်းတစ်နေရာဖြစ်သလို မုံရွာမြို့ဆိုတာ အနောက်မြောက်လွင်ပြင်ရဲ့ မြို့ တော်လို့ ပြောနိုင်တဲ့မြို့ကြီးတစ်မြို့ပါ။အဲဒီလိုမြို့ကြီးပေါ်မှာတောင် ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ဘယ်အရာရှိ ဆီကမှ ခွင့်ပြုချက်တောင်းစရာမလိုဘဲ သာမန်ပြည်သူတွေကို ပစ်သတ်နိုင်တာ တွေးမယ်ဆိုတွေးသလောက် ကြောက်မက်ဖွယ်ကောင်းပါတယ်။ပြောရရင် သာမန်တပ်သားတစ်ယောက်ဟာ မြို့ကြီးတွေပေါ် ဘယ်သူ့ကိုမ ဆို အလွယ်တကူသတ်ပစ်နိုင်တဲ့အထိ ပစ်မိန့်ပေးထားတဲ့သဘောပါ။

နိုဝင်ဘာ၁၁ရက်နေ့တုန်းကဆိုရင်လည်း ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊အပ်လွယ်ကျေးရွာကို အကြမ်းဖက်စစ် သား၃ယောက်ရောက်လာခဲ့တယ်။ယောကျာ်းဖြစ်သူကို ရိုက်နှက်ချုပ်နှောင်တယ်။ပြီးတော့ ကလေးမီးဖွားပြီးတာမကြာသေးတဲ့ မီးနေသယ် အမျိုးသမီးကို အဓမ္မ ဝိုင်းကျင့်ကြတယ်။လက်ဝတ်ရ နာတွေလုယူသွားကြတယ်။တစ်ကြိမ်နဲ့ အားမရ နောက်တစ်ကြိမ်ထပ်ရောက်လာကာ နောက်ထပ်အဓမ္မ ထပ်ကျင့်ရုံတင်မက ပြန်ပြောရင်သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်။

ဘယ်လောက်လူမဆန်လိုက်လေသလဲ။သူတို့ မိသားစုတစ်ခုလုံးရဲ့ စိတ်မှာ သေရာပါဒဏ်ရာ ဘယ် လောက်နာကျင်ကိုက်ခဲလိုက်လေမလဲ။သူတို့မိသားစုရဲ့အနာဂတ်ကို ဘယ်လိုခွန်အားမျိုးတွေနဲ့ လျှောက်လှမ်း ကြလေမလဲ။တိုင်းရင်းသားဒေသတွေမှာ အခုလို အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မကျင့်မှုတွေဟာ ပြည်တွင်းစစ် ကာလတောက်လျှောက် ကြုံခဲ့ရလို့ မဆန်းလှဘူးလို့ ဆိုနိုင်ပေမဲ့ ဒီနေ့ခေတ် မြန်နှုန်းမြင့်အင်တာနက်ကမာ္ဘထဲ အဓမ္မကျင့်ခံမိသားစုရဲ့ မျက်ရည်ဟာ မိနစ်ပိုင်းအတွင်း နိုင်ငံဖြတ်ကျော်စီးဆင်းခဲ့လေတော့ ကျနော်တို့အားလုံး ဝမ်းနည်းခဲ့ရတယ်။

အောက်တိုဘာ၂၉ရက်နေ့ကလည်းချင်းပြည်နယ်၊ထန်တလန်မြို့က ပြည်သူတွေရဲ့ နေအိမ်ကို အကြမ်းဖက်စစ် အုပ်စုက လက်နက်ကြီးနဲ့ပစ်၊မီးလောင်တိုက်သွင်းခဲ့လို့ ဘုရားရှိခိုးကျောင်းနှစ်ကျောင်းနဲ့လူနေအိမ်၁၆၃လုံး ပြာကျခဲ့ရတယ်။တကယ်တော့ ထန်တလန်မြို့ပေါ်မှာ ဒေသခံပြည်သူတွေမရှိတော့မှန်း အကြမ်းဖက်စစ်တပ် က သိရှိခဲ့ပါလျက် ဘာ့ကြောင့်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါသလဲ။လူမရှိလည်း ရှိတဲ့သက်မဲ့ပစ္စည်း လူနေအိမ် တေွကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ အောက်တန်းကျစိတ်ကြောင့်ပါပဲ။အောက်တန်းကျစိတ်ကို ထိန်းမရလေတော့ ထန်တလန်မြို့ကို ၂၇ရက်နေ့ညပိုင်းမှာ ထပ်မီးရှို့၊၂၈ရက် နေ့ မွန်းလွဲပိုင်း မှာလည်း နောက်တစ်ကြိမ်၊အနည်း ဆုံးအိမ်၄၀ဝန်းကျင် မီးထပ်လောင်ခဲ့ပြန်သတဲ့။

အဲဒီလိုမီးလောင်တိုက်သွင်းမှုက ထန်တလန်တစ်မြို့တည်းမဟုတ်ပါဘူး။ဇွန်၁၅ရက်နေ့၊ပေါက်မြို့ နယ်၊ကင်းမရွာ မီးလောင်တိုက်အသွင်းခံရမှု၊အောက်တိုဘာ၁၂ရက်နေ့၊ပုလဲမြို့နယ်၊၅၆မိုင်စခန်းရွာ မီး လောင် တိုက်အသွင်းခံရမှုပါ တွဲဆက်ကြည့်လိုက်မယ်ဆိုရင် မင်းအောင်လှိုင်အကြမ်းဖက်တပ်ရဲ့ အောက်တန်းကျစိတ် ဟာ ဒေါသကိုထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ ဆင်ခြင်တုံတရား အားနည်းမှုကြောင့်မဟုတ်ဘဲ ပြင်မရဖျက်မရ ဆိုးရွား လွန်းလှတဲ့ ဗီဇဆိုးကြောင့်ဆိုတာ ပေါ်လွင်နေပါတယ်။

ကယားမှာကြည့်မလား၊ကရင်မှာကြည့်မလား၊ကချင်မှာကြည့်ဦးမလား။ရှမ်း၊ရခိုင်နဲ့ မွန် ၊အကြမ်းဖက် စစ်အုပ်စုရဲ့ ဆိုး သွမ်းမှုဟာ တစ်ပုံစံတည်းပါပဲ။စစ်အုပ်စုဘက်က အထိအခိုက်အကျအဆုံးများတယ်ဟေ့ဆို ရပ်ရွာကို မီးရှို့မယ်၊ရပ်ထဲရွာထဲ ပြည်သူတွေနေတဲ့ နေအိမ်တွေကို လက်နက်ကြီးနဲ့ထုမယ်။အထက်က ပြောခဲ့ တဲ့ လူမဆန်တဲ့လုပ်ရပ်တွေကျူးလွန်မြဲ ကျူးလွန်လျက်ပါပဲ။

ဒီနေ့ ဒီဇင်ဘာ၅ရက်နေ့မနက်မှာဆိုရင်လည်း ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်ထဲ ငြိမ်းချမ်းစွာဆန္ဒ ပြ နေတဲ့ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို အနောက်ကနေ စစ်ကားတစ်စီးအရှိန်နဲ့မောင်းဝင်ပြီး တိုက်ခဲ့ တယ်။ရုပ်သံဖိုင်မှာမြင်ရတဲ့စစ်ကားရဲ့အရှိန်ကိုကြည့်လိုက်ရင် အသေတိုက်သတ်တယ်ဆိုတာ သိသာပါတယ်။ ပြီးတော့ သေနတ်နဲ့ထပ်ပစ်တယ်။သတင်းတွေအရ ၂ယောက်ကျဆုံးပြီးဒဏ်ရာရသူများတယ်လို့သိရပါတယ်။

ပြောရရင် မီးကျိုးမောင်းပျက်နဲ့ လုပ်သေနတ်သာရှိတဲ့ ဒီပဲရင်းဒေသခံကာ ကွယ်ရေးတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တော့လည်း အကြမ်းဖက်စစ်တပ်ဟာ မနိုင်လို့  လေကြောင်းပစ်ကူယူရ။အခု ဘာလက်နက်မှမပါ တဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကျတော့လည်း ကားနဲ့တိုက်၊သေနတ်နဲ့ပစ်ပြ။ဒါတွေဟာ အကြိမ်ကြိမ်ဒူး ထောက်တောင်းပန်ခဲ့ရင်တောင် ခွင့်လွှတ်စရာအကြောင်းမရှိတဲ့ လုပ်ရပ်တွေပါ။

အခုဒီဆောင်းပါးရဲ့ ပြောချင်တဲ့အဓိပ္ပါယ်က အာဏာရှင်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမ ဆို ပြတ်ပြတ်သားသားသတ်ဖြတ်နေတာကိုပါ။အာဏာရှင်တို့ရဲ့ဦးနှောက်ထဲမှာ သူဟာဘာလူမျိုး၊ဘယ်ဘာ သာကိုးကွယ်သလဲဆိုတာမရှိပါဘူး။သူတို့ရဲ့အာဏာတည်မြဲရေးကို အလုပ်အကျွေးပြုသူနဲ့ ထောက်ခံသူမှန်သ မျှကို လူမျိုးဘာသာကြည့်မနေဘဲ လက်ကမ်းလေ့ရှိသလို သူတို့ကိုဆန့်ကျင်သူမှန်သမျှကိုလည်း လူမျိုး ဘာသာမကြည့်ဘဲ သတ်ဖြတ်ဖမ်းဆီးနေတယ်ဆိုတာပါပဲ။

အာဏာရှင်တွေဟာ ချင်းမှာ မီးရှို့ သတ်ဖြတ်သလို စစ်ကိုင်းတိုင်းမှာည်း မီးရှို့သတ်ဖြတ်နေတယ်ဆို တာ ဒီနေ့ကျနော်တို့ပြည်သူတွေ ခက်ခက်ခဲဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေးက အချက်အလက်ပေါင်း များ စွာနဲ့ သက်သေခံနေပါတယ်။အာဏာရှင်တွေရဲ့ မျက်လုံးထဲမှာ တိုင်းရင်းသားလား၊ဗမာလား ခွဲမနေဘူး ဆိုတာကို နွေဦးတော်လှန်ရေးက အထင်ရှားဆုံးဖော်ပြနေပါတယ်။

ဒါ့ကြောင့် အာဏာရှင်ဆိုတာ ကျနော်တို့တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဘုံရန်သူဆိုတာကို အလေးအ နက်ခံယူကြဖို့လိုပါတယ်။အဲဒီဘုံရန်သူကို ကျနော်တို့အားလုံး ကိုယ်စွမ်းရှိသမျှနဲ့ တိုက်ထုတ်ကြဖို့လိုပါတယ်။ ဒီအချိန်ဟာ နိုင်ငံရေးစကားကြီးစကားကျယ်တွေနဲ့ တော်လှန်ရေးကို ရှောင်ဖယ်ဖယ်လုပ်ရမဲ့အချိန်မဟုတ်ဘူး ဆိုတာ အလေးအနက်ခံယူကြဖို့ လိုပါမယ်။

ဒီမိုကရေစီမရှိဘဲ ဖက်ဒရယ်မရှိနိုင်ပါဘူး။ ဖယ်ဒရယ်မရှိတဲ့မြန်မာနိုင်ငံဆိုတာကလည်း နှလုံးသားမရှိ သလိုပါပဲ။ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို တစ်ပြိုင်နက် တောင်းဆိုနေတာပါ။

မင်းကိုမင်း ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၆၊ ၂၀၂၁

Related Articles

Back to top button