တိုင်းရင်းသားများသတင်း

စိတ်ကျန်းမာရေးမကောင်းတဲ့ ညီမဖြစ်သူထံစားနပ်ရိက္ခာပြန်ပို့တဲ့ ထန်တလန်ဒေသခံ ပစ်ခတ်ခံရ

စိတ်ကျန်းမာရေးမကောင်းတဲ့ ညီမဖြစ်သူထံ စားနပ်ရိက္ခာပြန်ပို့တဲ့ ထန်တလန်ဒေသခံ ပစ်ခတ်ခံရ

ဖက်ဒရယ်ဂျနယ်၊ အောက်တိုဘာ ၈၊ ၂၀၂၁

စစ်ရှောင်ထန်တလန်ဒေသခံတွေစားဝတ်နေရေးခက်ခဲမှုတွေအပြင်ကိုဗစ်ကူးစက်မှုတွေပါခံနေရတယ်လို့ဆို ပစ်ခတ်သေဆုံးမှုတွေနဲ့နေအိမ်မီးလောင်ဆုံးရှုံးမှုတွေဖြစ်ခဲ့လို့ မြို့လုံးကျွတ်နီးပါးနေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရတဲ့ ထန်တလန်ဒေသခံတွေဟာ နေအိမ်တွေဆီခေတ္တပြန်ချိန်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေခံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့အောက်တိုဘာ ၆ ရက် ကလည်း ထန်တလန်မြို့ထဲမှာ ကျန်နေခဲ့တဲ့စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ညီမဖြစ်သူထံ ကို စားနပ်ရိက္ခာပြန်သွားပို့တဲ့ ဒေသခံတစ်ဦးဟာ စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့တာကြောင့် လက်မောင်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ခံရတဲ့ရွာသားဟာ ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ထန်တလန်ကနေအိမ်တွေမှာကျန်ရှိပစ္စည်းတွေလာယူတဲ့ လူတစ်စုလည်းမြို့အဝင်မှာပစ်ခတ်ခံရလို့ထပ်ပြီးထွက်ပြေးခဲ့ရတယ်လို့ချင်းလူ့အခွင့်အရေးကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့လို့ထန်တလန်မြို့ရဲ့ မြို့ဖိမြို့ဖတစ်ဦးဖြစ်တဲ့ တရားသူကြီးဟောင်းဦးရာသူနဲ့အသက် ၅၀ ဝန်းကျင်လက်သမားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်ကလည်း ထန်တလန်မြို့ပေါ်မှာစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး နေအိမ်အလုံး၂၀မီးလောင်ပျက်စီးကာ သင်းအုပ်ဆရာတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ထန်တလန်ဒေသခံတွေအနေနဲ့ မြို့မှာဆက်မနေထိုင်ရဲတော့ဘဲ နေရပ်ကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မြို့ပေါ်မှာ မရွှေ့ပြောင်းနိုင်တဲ့ လူဦးရေ ၁၀ဦးလောက်သာ ဆက်လက်နေထိုင်နေတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် နီးစပ်ရာကျေးရွာတွေမှာစစ်ဘေးတိမ်းရှောင်နေတဲ့ ထန်တလန်ဒေသခံတွေအနေနဲ့စားဝတ်နေရေးခက်ခဲမှုတွေအပြင် ကိုဗစ်ရောဂါကူးစက်ခံရမှုတွေပါရှိနေတဲ့အတွက်အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ထန်တလန်ဒေသခံတွေကပြောပါတယ်။

ဓါတ်ပုံ – ပုံဟောင်း ဂူဂဲလ်

Related Articles

Back to top button