တိုင်းရင်းသားများသတင်း

ရှမ်းပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ သတင်းသမား ၇ ဦးရှိလာ

ရှမ်းပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ သတင်းသမား ၇ ဦးရှိလာ

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၇ ရက်၊ ၂၀၂၁

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ ရှမ်းပြည်နယ်ရှိ သတင်းသမား ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။ 

ဖမ်းဆီးခံရသူတွေဟာ ရှမ်းအရှေ့ တာချီလိတ်အခြေစိုက် တာချီလိတ် သတင်းအေဂျင်စီမှ ဓာတ်ပုံသတင်းထောက် ကျော်ဇင်ဟိန်း၊ ရှမ်းတောင် တောင်ကြီးအခြေစိုက် ကမ္ဘောဇတိုင်း သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ သတင်းသမားအဖြစ် စွပ်စွဲခံရသူ ဝန်ထမ်း စိုင်းစည်သူ၊ သံလွင်သွေးချင်း သတင်းဌာနမှ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနဲ့ ရှမ်းမြောက် လားရှိုးအခြေစိုက် ရွှေဖီမြေ သတင်းအေဂျင်စီမှ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်တို့ ၇ ဦး ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ 

ရွှေဖီမြေသတင်းအေဂျင်စီရဲ့ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ဟာ စက်တင်ဘာ ၂၆ ရက်အကူး မနက် ၁၂ နာရီကျော်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

သတင်းသမားတွေကို ဖမ်းဆီးနေတဲ့အပြင် တာချီလိတ် သတင်းအေဂျင်စီရဲ့ လိုင်စင်ကို ရုပ်သိမ်းခဲ့ပြီး သတင်းဌာနတွေရဲ့ ရုံးခန်းသော့ဖျက်ပြီး ဝင်ရောက်ရှာဖွေမွှေနှောက်တာနဲ့ သတင်းသမားအချို့ကို ဖမ်းဝရမ်း ထုတ်ထားပါသေးတယ်။ 

မနေ့ အောက်တိုဘာ ၄ ရက်အထိ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား (၁၀၃)ဦးရှိပြီး (၄၉)ဦးဟာ ပြန်မလွှတ်သေးသလို သတင်းဌာန (၁၁)ခုကို တရားစွဲဆိုတာနဲ့ လိုင်စင်ရုပ်သိမ်းတာတွေကို စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

Related Articles

Back to top button