သတင်း

တရုတ်နိုင်ငံနှင့် မိတ်ဖက်ဖြစ်ရန် အဆင်သင့်ရှိနေဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံနှင့် မိတ်ဖက်ဖြစ်ရန် အဆင်သင့်ရှိနေဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

တရုတ်နိုင်ငံနှင့် မိတ်ဖက်ဖြစ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အဆင်သင့် ရှိကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် တရုတ်နိုင်ငံ၏ ၇၂ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အား ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ထိုကဲ့သို့ ဆိုထားခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံဘက်က ထောက်ပံ့ခဲ့ပြီး မြန်မာပြည်သူအားလုံး အတွက် တရုတ်-မြန်မာ ဆက်ဆံရေးလမ်းအား ဖွင့်ပေးခဲ့သော တရုတ်အစိုးရ၏ ကတိများအတွက်လည်း NUG အစိုးရက ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုလက်ထက်ကပင် စတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်သည်လည်း ၂၀၁၅ တွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ အရေးကြီးသည့် အထိမ်းအမှတ်နေ့များအား NUG ထိပ်ပိုင်းခေါင်းဆောင်များက ဂုဏ်ပြုသဝဏ်လွှာပေးပို့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ် ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ကလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် ၁၀၀ ပြည့် အခမ်းအနားအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သေးသည်။

အဆိုပါ သဝဏ်လွှာတွင် တရုတ်နိုင်ငံ အစိုးရအနေဖြင့် တရားမဝင် မြန်မာစစ်ကောင်စီနှင့် မပတ်သက်ရန် တိုက်တွန်းထားပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် လူထုထောက်ခံမှုရှိသည့် NUG ကြား ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ရေးသားထားသည်။

Related Articles

Back to top button