တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 60, July 26, 2024)

၁။  ဖာပွန်ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ် ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေ
 July 25, 2024

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း တပ်ကူပေးဖို့ ကြိုးစားနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး ဖာပွန်မြို့ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်စခန်းနဲ့ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တာပါ။ ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဖာပွန်မြို့တောင်ဘက်က စစ်ကောင်စီ ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တို့ကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ခလရ ၁၉ ၊ ခမရ ၄၃၄၊ စစန ၆၄၂ စုစုပေါင်း စစ်ကောင်စီတပ် ရင်း ၃ ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖာပွန်မြို့တောင်ဘက်ခြမ်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဖာပွန်ဗျူဟာကုန်းနဲ့ ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းတို့ကို ဆက် လက်ဝိုင်းရံပိတ်ဆို့နေပြီး ဖာပွန်မြို့ အထက်ဘက်မှာရှိတဲ့ ခေါပုတ်တပ်စခန်းကနေတစ်ဆင့် စစ်ကောင်စီတပ်က တပ်ကူပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခေါပုတ်တပ်စခန်းထဲမှာ ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်း ၅ ခုကနေ ဆုတ်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်လည်စုဝေးနေထိုင်နေကြပြီး အင်အား ၁၀၀ ကျော်ရှိကာ ဖာပွန်ဗျူဟာကို စစ်ကူပြန်ကူဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။ ခေါပုတ်တပ်စခန်းမှာ ပြန်စု နေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖာပွန်ဗျူဟာကို စစ်ကူပြန်ကူဖို့ ကြိုးစားနေပေမယ့် KNLA တပ်မဟာ ၅ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီတပ်သားတွေဟာ လက်ရှိအချိန်အထိ စခန်းကနေ ထွက်လာလို့မရသေးဘူး လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ဒါ့အပြင် ဖာပွန်ဗျူဟာစခန်းကိုလည်း KNLA တပ်မဟာ ၅ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်သလို ကမမောင်းမြို့ဘက်ကနေတစ်ဆင့် စစ်ကောင်စီတပ်နဲ့ BGF တပ်တို့ ပူး ပေါင်းပြီး ဖာပွန်ဘက်ကို တက်လာတယ်လို့ ကြားမိပေမယ့် ဖာပွန်အထိမရောက်လာသေးဘူးလို့  ဆိုပါတယ်။ တပ်မဟာ ၅ ဌာနချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ KNU  ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဇူလိုင်လ လဝက်အတွင်း တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တပ်စခန်းအချို့လည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ Read in Full

၂။ ရွာသစ်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ် AD ပူးပေါင်းတပ်ဝင်တိုက်
 July 25, 2024

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ရွာသစ်ကျေးရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းပေါ်ရွာသစ်စေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို မွန်ပြည်သစ်ပါတီ AD နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှု ကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေ လည်း ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်းနဲ့ လက်ရှိမှာတော့ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က မော့ကနင်ရွာသစ်ကျေးရွာရှိ ကုန်းပေါ်ရွာသစ်စေတီမှာ လာရောက်တပ်စွဲထားတာပါ။ တော် လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ စစ်ကောင်စီစစ်ကြောင်းမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအမြောက်အမြား ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ မွန်ပြည်သစ်ပါတီ AD၊ YPDF တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီးနဲ့ ပဒဲကော ပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ် ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်မှာ အခုလ ဆန်းကစပြီး စစ်ကောင်စီတပ်ဘက်က နယ်မြေစိုးမိုးရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ တွေ ပြန် လည်ဖြစ်ပွားနေတာပါ။ Read in Full

၃။ ရေဖြူမြို့တွင် စစ်ကောင်စီကားအား တိုက်ခိုက်မှု  ၄ ဦးသေဆုံးပြီး သေနတ် ၄ လက်ရဟု PDF ထုတ်ပြန်
 July 25, 2024

တနင်္သာရီတိုင်း၊ရေဖြူမြို့တွင် စစ်ကောင်စီ မော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး သေနတ် လေးလက်နှင့် ခဲယမ်းများမျာသိမ်းဆည်းရရှိခဲ့ကြောင်း Yephyu People Defense Force (YPPDF)က ဇူလိုင်လ ၂၄ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။ ရေဖြူမြို့၊ ခလရ (၄၀၆)မှ ထွက်လာသည့် အဆိုပါ ကားကို ရေဖြူမြို့ပေါ် တနေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YPPDF တာဝန်ရှိသူတဦးက ပြောသည်။ ၎င်းက “ ပတ်လည်မှာဂိတ်တွေ၊ တပ်ရင်း တွေနဲ့ ဝိုင်းနေတာမျိုးဆိုတော့ အသေးစိတ်အစီအစဉ်ချပြီး စွန့်စွန့်စားစားလုပ်ခဲ့ရတယ်။ ကားကိုပစ်ခတ်ရာမှာလည်း အရပ်သား ကားနဲ့မှားမှာစိုးလို့ ရဲဘော်တွေကိုယ်တိုင်ပဲ ရှေ့ထိတက်ပြီး ပစ်ခတ်ခဲ့တာမျိုးပါ” ဟုပြောသည်။ တိုက်ခိုက်မှုအတွင်းအပြန်အလှန် ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

 “ ဖြစ်စဉ်ဖြစ်ပွားပြီးမှ စကစတပ်သားငါးဦးပါတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။ တဦးကတော့ အပြန်အလှန်ပစ်ခတ် ရင်း ထွက်ပြေးလွတ်မြောက်သွားတယ်။ ပစ်ခတ်နေစဉ်အတွင်းမှာလည်း အနီးနားက စကစတပ်စွဲရာနေရာတွေကနေ လက်နက် ကြီး ပစ်ကူပစ်ပေးတာမျိုးရှိခဲ့ပါတယ်”ဟု YPPDF  တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက် ၍ သီးခြားအတည်ပြုချက်မရရှိသေးပေ။ စစ်ကောင်စီတပ်ဖွဲ့ကားကို ထားခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းခဲ့ရာ MA3  လေး လက် ၊ ကျည်ဘောက် ၁၂ ဘောက် ၊ ကျဉ်ဆံ ၄၀၀ တောင့်၊ အီနာဂါ ခုနစ်လုံး ၊ လက်ပစ်ဗုံး လေးလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း YPPDF က ထုတ်ပြန်ထားသည်။YPPDFနှင့် ထားဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ(၁)တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိဟုဆိုသည်။ Read in Full

၄။ မိုးမိတ်မြို့ကို ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီး ဗျူဟာကုန်းသာကျန်
 July 25, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး တခုတည်းကျန်တော့သည့် ဗျူဟာကုန်းကို TNLA ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပူးပေါင်းတပ်များထံမှ သိရသည်။“မိုးမိတ်မြို့ကို ထိန်းသိမ်းပြီး ဗျုဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲပါ။ အဲဒီတခုဘဲ ကျန်တယ်။ အဲဒီတစ်ခုကိုရရင် အားလုံးရပြီ။”ဟု ရှေ့တန်းရဲဘော် တစ်ဦးက ပြောသည်။ မိုးမိတ်မြို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ TNLA နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ TNLA ကလည်း မိုးမိတ်ရှိ စစ်ကောင်စီလက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် ဗျူဟာကုန်းကို ဇူလိုင် လ (၂၄)ရက်နေ့ နေ့လယ်ပိုင်းကစတင် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ် ကျန်ရှိနေသော ဗျူဟာကုန်းအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့တွင် Y-12 ဖြင့် လက်နက်ခဲယမ်းများ (၁)ကြိမ် လာရောက်ကြချ ပေးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။

မိုးမိတ်မြို့သည် မိုးမိတ်ခရိုင်မြို့ဖြစ်ပြီး ရှမ်းပြည်နယ်တွင် အရေးပါသည့်နယ်မြေဖြစ်ကာ တရုတ်နိုင်ငံသမိုင်းတွင်လည်း ဖော်ပြခြင်းခံခဲ့ရသည့် နယ်မြေတစ်ခုဖြစ်သည်။ မြို့မြောက်ဘက်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်တွင် သိန္နီနယ် နှင့် တောင်ပိုင်နယ်၊ တောင်ဘက်တွင် သီပေါနယ်၊ အနောက်ဘက်တွင် ရွှေဘိုခရိုင်တို့ဖြင့်ထိစပ်နေပြီး ကျေးရွာပေါင်း(၅ဝ၇)ရွာ နှင့် လူဦးရေမှာ (၆)သောင်းကျော်နေထိုင်သည်။ Read in Full

၅။ ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်
 July 26, 2024

ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းညီနောင်အဖွဲ့ CB ကို ချင်း အမျိုးသားတပ်ဦး CNF က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ချင်းပြည်ထဲက စစ်ကောင်စီများကို တိုက်ထုတ်ရန်နှင့် ချင်းပြည် ချင်းလူထုလက်ထဲသို့ အပြည့်အဝ ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ CB ကို CNF နိုင်ငံခြားရေး တာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ဆလိုင်းဘွေလျန်မန်း က အာအက်ဖေ နှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ” ကျနော်တို့ NUG နဲ့တောင် ပေါင်းတာပဲ။ ကျနော်တို့ ချင်းညီကိုအချင်းချင်းကြားထဲမှာ တိုက်စရာခိုက်စရာအကြောင်းမရှိဘူး။ အဲဒါကြောင့် ဒီကနေပဲ အခွင့်ကောင်းယူပြီး ကျနော် ချင်းညီကိုတွေကိုလည်း ပြောချင်ပါတယ်။ ပူးပေါင်းလိုက်ရအောင်။ ငါတို့ပူးပေါင်းလိုက်ရင် အများကြီးထိရောက်မှုရှိနိုင်တယ်။ ဖိတ်ခေါ်ချင်ပါတယ်။ ” ဟု ပြောသည်။ CNA/CNF ဦးဆောင်သော ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်း ထားသော ချင်းပြည်အစိုးရအဖွဲ့မှာ ပါဝင်ရန် ချင်းညီနောင်အဖွဲ့ဝင်များကို ဖိတ်ခေါ်ခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း ဆလိုင်းဘွေလျန်မန်း က ဆိုသည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့သည် ချင်းတစ်မျိုးသားလုံး၏ အကျိုး စီးပွားနှင့် အရပ်သားအုပ်ချုပ်မှုစံနှုန်းများကို လျစ်လျူရှုပြီးအာဏာရှင်ဆန်သော ချင်းပြည်အစိုးရသစ်တစ်ခုကိုအလျင် စလို တည်ထောင် ရန် ကြိုးစားနေကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက်များဖြင့် ပြောဆိုထားကြောင်းသိရသည်။  ချင်းအမျိုးသား အလံ အဖြစ် CNF အဖွဲ့၏ အလံကို သတ်မှတ်ခြင်းမှာ အဖွဲ့အစည်းတစ်ခု၏ အလံဖြစ်နေသည့်အတွက် ချင်းညီနောင်များမှာ ချင်းပြည် အစိုးရအဖွဲ့ထဲ မပါဝင်ရသည့် အကြောင်းအရင်းထဲက တစ်ခုဖြစ်ကြောင်း သိရသည်။ Read in Full

၆။ မိုင်းလားတပ်ဖွဲ့က မိုင်းယောင်းမြို့နယ်အတွင်းလာရောက် စည်းရုံးရေးဆင်းသည့်အတွက် စစ်ကောင်စီဘက်ကကန့်ကွက်
 July 25, 2024

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်း မိုင်းလား၏ တပ်ဖွဲ့ဖြစ်သည့် NDAA ဝင်ရောက်လာခြင်းမှာ  စည်းရုံး ရေးပြုလုပ်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ကန့်ကွက်သည့်အတွက် ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်း မြစ်များထံက သိရသည်။ ” (၂၂)ရက်နေ့ကတော့ NDAA မိုင်းလားတပ်ဖွဲ့က မိုင်းယောင်းမြို့နားမှာရှိတဲ့ ဝမ်တုံဘုန်းကြီးကျောင်းမှာ နယ်ကျော်ပြီး စည်းရုံးရေးလာ ဆင်းတယ်ပြောတယ်။ အင်အားကတော့ (၁၀) ယောက်လောက်တော့ ရှိတယ်တဲ့။ သတင်းတွေ တော့ တက်နေတယ်။ သတင်းကြားတော့ ဒေသခံတွေလည်း လှန့်နေကြတာ။ လောလောဆယ် ဘာမှမဖြစ်သေးဘူး။ နေရာတွေ ယူထားတာတော့ မတွေ့ဘူး။”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မိုင်းယောင်းမြို့နယ် အတွင်း၊ ဝမ်မန်းကျေးရွာအုပ်စု ဝမ်တုံရွာရှိ ဝမ်တုံဘုန်းကြီးကျောင်းတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့က လာရောက်ပြီး စည်းရုံးရေးဆင်းသည့်အတွက် စစ်ကောင်စီတပ်ဘက်က ကန့်ကွက်၍ ညနေပိုင်းမှာပင် ပြန်လည်ထွက်ခွာသွားကြောင်းသိသည်။

“တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကလည်း NDAA ဆက်ဆံရေးရုံးတာဝန်ခံကို ဖုန်းနဲ့ရောစာနဲ့ပါအကြောင်းကြားပြီး ချက် ချင်းပြန်ဆုတ်ဖို့ ကန့်ကွက်ပြောခဲ့တယ်လို့ပြောတယ်။ ဒီလိုကန့်ကွက်ပြောကြားခဲ့တဲ့အတွက်NDAA မိုင်းလားအဖွဲ့ဟာ ဝမ်တုံကျေးရွာ ကနေ ညနေပိုင်းမှာ ချက်ချင်းဆုတ်ခွာသွားတယ်”ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ မိုင်းယောင်းမြို့သည် ယခင်က တာချီလိတ်ခရိုင် လက်အောက်တွင်ရှိသော်လည်း နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီ၏ ခရိုင်တိုးချဲ့ဖွဲ့စည်းမှုများ ကြောင့် မိုင်းယောင်းမြို့သည် မိုင်းယောင်းခရိုင်အဖြစ် ပြောင်းလဲသွားသည့် ဒေသဖြစ်ပြီး မိုင်းယောင်းမြို့တွင် အများအားဖြင့် ရှမ်းတိုင်းရင်းသား အများဆုံးနေထိုင်ကြပြီး ဒုတိယအနေဖြင့် အာခါတိုင်းရင်းသားများပြားသည်။ Read in Full

၇။ ရခိုင်မှာ ဓမ္မဆရာနဲ့ NGO ဝန်းထမ်းတို့ကို အေအေက ရက်ကြာမြင့်စွာ ဖမ်းဆီးထား
 July 25, 2024

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပေါက်တောမြို့နယ်တို့က ခရစ်ယာန် ဓမ္မဆရာနဲ့ NGO ဝန်ထမ်းတို့ကို အေအေက ရက်ကြာမြင့်စွာ ဖမ်းဆီးထားတယ်လို့ အဲ့ဒီမြို့နယ်တွေက ခရစ်ယာန် အသိုင်းဝိုင်းတွေဆီက သိရပါတယ်။ အဲ့ဒီ အဖမ်းခံရတဲ့သူတွေဟာ ဒေသခံ မြိုလူမျိုး ဓမ္မဆရာ၊ NGO ဝန်ထမ်းနဲ့ ကချင်ပြည်နယ်မှ လာရောက်သာသနာပြုတဲ့ ကချင်ဓမ္မဆရာလည်းပါဝင်ပြီး ၎င်းတို့ကို ပြီးခဲ့တဲ့ ဇွန်လအပတ်က အေအေမှ အသီးသီးဖမ်းဆီး ခေါ် ဆောင်သွားတာဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ရက်ကစလို့ ၎င်းတို့ဟာ ပြန်လွတ်မြောက်တာတွေ မရှိသေးသလို မိသားစုဝင်တွေနဲ့ လည်း အဆက်သွယ်တစုံတရာ မရရှိသေးဘူးလို့ အဲ့ဒီ အဖမ်းခံထားရတဲ့သူတွေထဲက တစ်ဦးနဲ့ နီးစပ်သူ ကျောက်တော်မြို့နယ် ဒေသခံ တစ်ဦးဆီက သိရပါတယ်။ “ဖမ်းသွားတာက အတော်ကြာပါပြီး အခုထိ ပြန်မလွတ်ကြသေးဘူး။ အဆက်သွယ်လည်း မရ သေးဘူး။ လွတ်လာတဲ့သူတွေလည်း ရှိတယ်လို့ကြားတယ်။ ဒါပေမယ့် ကျွန်တော်နဲ့က အဆက်သွယ်မရသေးတော့ အတည်မပြု နိုင်သေးဘူး။ အဖမ်းခံရကတည်းက တစ်ယောက်နဲ့မှကို အဆက်သွယ်မရတာ” လို့ အဖမ်းခံထားရတဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေဟာ ဓမ္မအမူတော်ဆောင်တွေဖြစ်တဲ့ ဦးစနေထွန်း၊ ဦးဇာကွန်းရမ်းဆီန်း၊ ဦးသန်းလှိုင်၊ ဆရာ စိန်သာဦး၊ ဦးခင်မောင်၊ ​ဦးအောင်ဇံဝေနဲ့ ဆရာစိန်လှထွန်း (NGO) တို့ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုက အပြစ်မရှိဘဲ ဘာသာရေးခေါင်းဆောင်တွေကို ယခုလို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ တခြားဘာသာရေးကို ဖိနှပ်ရာရောက်သလို မလုပ်သင့် တဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် အေအေအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင့် စစ်တွေမြို့ရှိ ချင်းဓမ္မအမှုတော်ဆောင် တစ်ဦးက ပြောပါတယ်။ “ဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြားရပါတယ်။ AA အနေနဲ့ အကယ်လို စစ်ဆေးစရာရှိတယ်ဆိုရင် အကြောင်းစုံ သေချာပြောဆိုပြီးမှ ခေါ်သွားသင့်တယ်။ အခုက ဘာကြောင့်ဖမ်းဆီးသွား တာလည်းဆို တာကိုးက သဲသဲကွဲကွဲမသိတော့ မိသားစုဝင်တွေကော့၊ အဲ့ဒီမြို့နယ်တွေက ခရစ်ယာန်ဘာသာတွေကော့ စိုးရိမ်ကြ မှာဘဲလေ။ လက်နက်ကိုင်တစ်ဖွဲ့က ဓမ္မဆရာသာမက အရပ်သားတစ်ဦးကိုတောင် အပြစ်မရှိ ဖမ်းဆီးတာတွေ မလုပ်သင့်ဘူး။ လူသားမျိုး နွယ်စုအားလုံးကို ကာကွယ်စောင့်ရှောက်ပေးရမယ်။ ဖမ်းဆီးတဲ့ ဓမ္မဆရာတွေအကုန် ပြန်လွတ်ပေးစေချင်တယ်။ အေအေအ​နေနဲ့ လည်း နောက်နောင် ဒီလိုမျိုးမပြုလုပ်ဖို့ ဆင်ခြင်သင့်ပါတယ်”လို့ ထို ချင်း ဓမ္မဆရာကပြောပါတယ်။  Read in Full

၈။ ဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေအတွက် အကူအညီတောင်းခံ
 July 25, 2024

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသားနဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် ကျောင်းသုံး ပစ္စည်းကိရိယာတွေ လိုအပ်နေတယ်လို့  သိရပါတယ်။ လိုအပ်ချက်တွေများနေပေမဲ့ လက်ရှိမှာတော့ သင်ကြားရေးမှာ အရေးကြီးတဲ့ ကျောင်းသုံးပစ္စည်းတွေကို အကူအညီတောင်းခံချင်တယ်လို့ ကျောင်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။“အဓိက ကျောင်းအတွက်ပေါ့နော်။ ဟိုတလောကလည်း အမိုးတွေ အဆင်မပြေတော့လို့ မိုးကာတွေလို အပ်‌တယ်။ အခုကြတော့ ကျောင်းသုံးပစ္စည်းကိရိယာတွေဖြစ်တဲ့ ဗလာစာအုပ်တို့ နောက်ပြီး ဆရာ၊မတွေအတွက် Marker Pen တွေကောပေါ့နော်။ marker pen က အဓိက အရည်ပေါ့။ အရည်နဲ့ပဲ အဟောင်းကို ပြန်ဖြည့် အဲ့လိုသုံးလို့အဆင်ပြေအောင်ပေါ့ နော်။ အဲ့တာလေး အဓိက ပိုတောင်းဆိုချင်တာပါ။”လို့ ကျောင်းတာဝန်ခံတစ်ဦးက ဆိုပါတယ်။ white board ၊ ပုံဆွဲစာအုပ်၊ ကျောင်းသင်ရိုးညွန်းတမ်းစာအုပ်၊ ခဲတံ၊ မှင်ရည်၊ မှင်တံ စတဲ့ အခြေခံကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဝယ်ဒူလျား စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းဆရာ၊ ဆရာမ  ၇ ဦး၊ ကျောင်းသားဦးရေ (၉၃)ဦးရှိပြီး Grade – 6 အထိ ဖွင့်လှစ်ထားပါတယ်။ အလှူရှင်အဖွဲ့တွေအနေနဲ့ လာရောက် လှူဒါန်းပေးတာမျိုးရှိပေမဲ့ မလုံလောက်တာကြောင့် ထပ်မံတောင်း ဆိုရခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “အလှူရှင်တို့ IEC အဖွဲ့တို့က လှူပေးထောက်ပံ့ပေး တာမျိုးရှိပါတယ်။ အလှူရှင်တွေ လာကူပေးတာမျိုး ရှိဖူးပါတယ်။ IEC အောက်က ကျောင်းပါပဲ ထောက်ပံ့မှုလည်း တချို့ရပါ တယ်။ လုံလောက်မှုတွေမရှိဘူး အဲ့လိုပေါ့နော်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။  လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဖြစ်တာကြောင့် အလှူရှင်တွေလာရောက်နိုင်မှုအားနည်းသလို လက်ရှိစာသင်‌‌ကျောင်းက ကလေးတွေကိုလည်း အာဟာရ တိုက်ကျွေးနိုင်မှုလည်း မရှိဘူးလို့ ဒေသခံဆီကနေ သိရပါတယ်။ အဆိုပါ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ အိမ်ခြေ ၇၂ အိမ်နဲ့ စစ်ရှောင်ဦးရေ ၃၆၈ ဦး ရှိနေပါတယ်။ Read in Full

၉။ မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ထိခိုက်
 July 25, 2024

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့၊ စံပြရပ်ကွက်မှာ ဒေသခံတစ်ဦးက သူရဲ့ နေအိမ်ခြံဝင်းထဲ သန့်ရှင်းရေးလုပ်နေ ချိန် စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိလို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းနင်းမိသူဟာ အသက် ၆၃ နှစ်အရွယ် ဦးထန်းလိန်းဖြစ်ပြီး ခြေကျင်းဝတ်အောက်ကနေ ခြေတစ်ဖက် ပြတ်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “စစ်ကောင်စီထောင်တဲ့မိုင်းပေါ့။ မြို့ထဲမှာတော့ စစ်ကောင်စီတပ်တွေက မိုင်းထောင် တာနဲ့ အခုရက်ပိုင်းဆို မြို့ထဲကိုလက်နက်ကြီးနဲ့ တစ်နေ့ကို ဆယ်ကြိမ်ထက်မနည်းပစ်တာ မြို့ထဲမှာ နေတဲ့သူတွေက မရှိလောက် နည်းသွားပြီ ထပ်ပြီး ထွက်ပြေးကြတာ” ဦးထန်းလိန်းကို စစ်ကောင်စီတပ်က ခြေလျင်တပ်ရင်း ခလရ (၂၇၄) မှာ ဆေးကုသဖို့ ခေါ်သွားတယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောထားပါတယ်။ Read in Full

၁၀။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ
 July 25, 2024

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါ တယ်။ တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA တပ် ဇူလိုင်လ ၂၄ ရက်နေ့ စတင်ပြီး တစ်ကျော့ပြန် ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာ မိုးမောက် ခမရ ၄၃၇ တပ် ရင်းနေရာမှာတင်မဟုတ်ဘဲ ဗန်းမော်မြို့နဲ့ အနီးဆုံးနေရာ တက္ကသိုလ်ကျောင်းအနောက်ဖက်ခြမ်းတစ်ကြော ကျေးရွာတွေအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်း အမြစ်တစ်ဦးက ပြောပါတယ်။“မိုးမောက် ခမရ ၄၃၇ တပ်ရင်း နေရာမှာက ဒီမနက် ၈ နာရီလောက်ကနေ အကြီး အကျယ် ပြန်ဖြစ်နေကြပြီ။ သိမ်းဆည်းနိုင်တာတော့မရှိဘဲ တိုက်ပွဲကပြင်းထန် နေဆဲဖြစ်တယ်။ ပြီးရင် ဗန်းမော် တက္ကသိုလ်အနောက်ဘက် ရွှေစည်၊ သာစည်၊ ဘက်မှာလည်းတိုက်ပွဲဖြစ်နေတယ်။ နောက် ကောင်ဂျာယန်ဘက်မှာလည်းဖြစ်နေတယ်”လို့ပြောပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA တပ် သိမ်းပိုက်နိုင်ပြီ လို့ သတင်း ထွက်နေပေမယ့် KIA ဘက်ကအပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိဘဲ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးမောက်တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။“မိုးမောက်တိုက်ပွဲက အခုချိန်အထိ ထူးခြားတာကမရှိသေးဘူး တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်။ တခြားမှာဖြစ်တာတော့ မကြားဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာက မိုးမောက်၊ မံစီ တစ်ကြောမှာပဲဖြစ်နေတာပါ”လို့ ဒီကနေ့ ညနေ ပိုင်း ၂ နာရီခွဲဝန်းကျင်လောက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က လည်း လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းအင်တာနက်တွေ ပြတ်တောက်နေတဲ့ကာလအတွင်း ပြည်သူတွေအနေနဲ့ အထူး သတိထားနေထိုင်ဖို့ သတိပေးပြောဆိုထားတာလည်းဖြစ်ပါတယ်။ “ကချင် ပြည်နယ်တစ်ခုလုံး ဖုန်း၊ အင်တာနက်လိုင်းတွေ လုံးဝ မရတော့ဘူး။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားလာတာတွေ၊ လက်နက်သံတွေကို သတိချပ်စေချင်ပါတယ်။ ပြီးရင် ခရီးသွားလာတာတွေလည်း အထူးဂရုစိုက်စေချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ဗန်းမော်၊ မိုးမောက်၊ မံစီ ဒေသတွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း နေရာတွေကို အပြီးတပ် သိမ်းပိုက်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ Read in Full

၁၁။ မြောက်ပိုင်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီက တောင်ပိုင်းမှာ ခပ်စိပ်စိပ်စစ်ကြောင်းထိုးလာ
 July 26, 2024

နိုင်ငံမြောက်ပိုင်းမှာ တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရတဲ့ စစ်ကောင်စီက နိုင်ငံ့တောင်ပိုင်း မွန်ပြည် နယ်ရှိ ကျိုက်ထိုနဲ့ ရေးမြို့နယ်တို့မှာ စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါ တယ်။ အဲဒီအတွက်ကြောင့် ဒေသတွင်းလှုပ်ရှားနေတဲ့ KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်တွေအပါအဝင် လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွား နေတာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသဖြစ်တဲ့ ကျိုက်ထိုမြို့ နယ်အတွင်း လနဲ့ချီတိုက်ပွဲတွေ ငြိမ်သက်ရာ ကနေ ဇူလိုင်ဒုတိယပတ်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် လာနေတာပါ။ ဇူလိုင် ၂၂ ရက်နေ့က ကျိုက်ထိုမြို့ နယ် ပိန္နဲကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ၂၃ ရက် နေ့မှာလည်း သိမ်ဇရပ်မြို့တဝိုက်မှာလည်း တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ပါသေးတယ်။ တစ်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွား နေချိန်နဲ့ ဖြစ်ပွားပြီးချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့ နယ်အတွင်း အရပ်သား ၁၆ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၃၀ ကျော် ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရှိရာကို စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်လို့ မျှော်လင့်ပြီး အဆင်ပြေသလို တိုက်ပွဲတွေ ဆင်နွှဲသွားဖို့ ရှိတယ်လို ပြောပါတယ်။“ရေးမြို့ အခြေစိုက် စကခ ၁၉ လက်အောက်ခံတပ်တွေက ရေးတောင်နဲ့ ရေးမြောက်ဘက် နှစ်ဘက်စလုံးမှာ နယ်မြေရှင်းလင်းရေး ပုံစံမျိုးနဲ့ စစ်ကြောင်းတွေ ထိုးနေတာတွေ့ရတယ်။ ကျွန်တော်တို့ ရှိရာဘက်ကိုတော့ သူတို့ စစ်ကြောင်းထိုးလာမယ်လို့ မျှော်လင့်တယ်။ ကျွန်တော်တို့ဘက်ကလည်း အဆင်ပြေရင်ပြေသလို တိုက်ပွဲတွေဆင်နွှဲသွားဖို့ ရှိတာပေါ့”လို့ ဆိုပါတယ်။ မွန်ပြည်သစ်ပါတီ AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်ကတော့ လတ်တလော ရေးမြို့နယ် မော့ကနင်ရွာဘက်မှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ် ရှားတဲ့ ပုံစံတွေ နည်းနည်းလုပ်ဆောင်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ ၁၀၆ နဲ့ အမြောက်တပ်ရင်း အမတ ၃၁၇ ရှိတဲ့ မော့ကနင်ကျေးရွာ အနီးတဝိုက်မှာ ဇူလိုင် ၂၅ ရက်နေ့အထိ နှစ်ဘက်ထိတွေ့တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။ ဇူလိုင် ၂၃ ရက်နေ့ကလည်း တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းပေါ်ရွာသစ်စေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ AD နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်မှုကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ Read in Full

၁၂။ AA ထိုးစစ် ဂွသို့ မလာနိုင်စေရန် ချင်းကွင်းတံတားကို စစ်ကောင်စီ ဖျက်ဆီး
 July 25, 2024

ရခိုင်ပြည်၊ သံတွဲမြို့နှင့် ဂွမြို့ကို ဆက်သွယ်ထားသည့် ကျိန္တလီမြို့အနီး ချင်းကွင်းတံတားအား စစ်ကောင်စီက ဇူလိုင် ၂၄ ရက်တွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ သံတွဲ-ရန်ကုန် ကားလမ်းမကြီးရှိ ချင်းကွင်းတံတားသည် ဂွမြို့ နယ်နှင့် သံတွဲမြို့ နယ်မှ ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လက်ရှိတိုက်ပွဲကာလတွင် စစ်ဘေးရှောင်များသွားလာရေးအတွက် အသုံးများသည်။“ချင်းကွင်းတံတားကို မနေ့က စစ်သားတွေ မိုင်းခွဲဖျက်ဆီးလိုက်တယ်။ AA တွေ ဝင်မလာနိုင်အောင်လို့ ထင် တာပဲ။ တံတားချိုး၊ လမ်းတွေ ဖျက်ဆီးတာက သူတို့လုပ်နေကျအရာတွေပဲလေ။ နစ်နာတာကတော့ အရပ်သားတွေပဲပေါ့။ အခု ဆိုသွားလာရ တော်တော်လေးခက်ခဲသွားပြီ”ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။ ချင်းကွင်းတံတားမှာ ကွန်ကရစ်တံတား အမျိုးစားဖြစ်ပြီး အရှည်ပေ ၆၀ ခန့်ရှိကြောင်း သိရသည်။ စစ်ကောင်စီသည် သံတွဲမြို့နယ်ရှိ တံတားငယ်များဖြစ်သည့် သာယာ ကုန်းတံတား၊ သရက်ပင်ကွင်းတံတား၊ အုန်းပင်ဝတံတား တို့အား ဇူလိုင် ၁၉ နှင့် ၂၀ ရက်နေ့တို့တွင် မိုင်းခွဲဖျက်ဆီးခဲ့ပြီး နံတော် တောင်တံတားတွင်လည်း ဖောက်ခွဲရေးမိုင်းများ ထောင်ထားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဂွမြို့နယ်သို့ AA ထိုးစစ် မလာနိုင်စေရေး သံတွဲ – ဂွ လမ်းမကြီးတစ်လျောက် ကျေးရွာများတွင် တပ်စွဲခြင်း၊ မြေမြုပ်မိုင်းထောင်ခြင်းများ ပြုလုပ်နေသည်။ ကျိန္တလီမြို့အနီး ချင်းကွင်းကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့် တပ်စွဲထားကြောင်း သိရသည်။“အခုလို ချင်းကွင်းတံတား ကျိုးသွားတော့ အဲလမ်းမကို အဓိက အားထားနေရတဲ့သူတွေ အကုန်လုံး ထိခိုက်တာပေါ့။ အထူးသဖြင့် စစ်ရှောင်တွေဆို ပိုဆိုးတာပေါ့။ စစ်ရှောင်တွေကို တတ်နိုင် တာလေးတွေ သွားကူပေးနေတဲ့ ကျနော်တို့လည်း သွားရေးလာရေး တော် တော်လေးခက်ခဲသွားတယ်”ဟု ဂွမြို့နယ်မှ လူမှုကူညီ ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ ၎င်းအပြင် စစ်ကောင်စီ၏ လမ်းမပေါ်မှ စစ်ဆေးရေးဂိတ်များသည် စစ်ဘေးရှောင် များအား စစ်ဆေးမေးမြန်ပြီး ငွေညစ်ခြင်း၊ ပစ္စည်းများအတင်းအဓ္ဓမယူခြင်းများအပြင် ဆေးဝါး၊ စက်သုံးဆီများ ကန့်သတ်ခံထားရ သည်ဟု စစ်ဘေးရှောင်များကဆိုကြသည်။ လက်ရှိ ဂွမြို့နယ်နှင့် ကျိန္တလီမြို့ပေါ်တွင် သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ၂၀,၀၀၀ ခန့် ရှိနေပြီး စားဝတ်နေရေးအကူအညီများလိုအပ်နေသည်။ Read in Full

၁၃။ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် ဆေးဝါးများ လိုအပ်နေ
 July 25, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် စစ်ရှောင်ပြည်သူများ ဝမ်းပျက် ဝမ်းလျှောနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုများရှိနေသဖြင့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းကျန်းမာရေးတာဝန်ခံထံမှ သိရသည်။“ကျနော်တို့ဆီမှာ IDP စစ်ဘေး‌ရှောင်တွေဖြစ်တဲ့အတွက် volunteer donor (တစ်နိုင်တစ်ပိုင်လှူဒါန်းသူ) တွေပဲလာ တယ်။ ကိုယ့်ဆီမှာ ဆေးတွေမရှိမှ သူတို့ကိုတင်ပြလိုက်မှ သူတို့က ကျနော်တို့ကို ရှာပေးပြီး လာပို့ပေးတာပဲ ရှိတယ်။ အဲဒါကြောင့် မို့ ကျနော်တို့ဆီမှာ ဆေးဝါး မလုံလောက်တာ။ အဓိကတော့ main donor (ပင်မအလှူရှင်) မရှိလို့” ဟု ကျန်းမာရေးတာဝန်ခံ ဆရာလဝါး က ပြောသည်။ လက်ရှိ စစ်ရှောင်စခန်းတွင် တုပ်ကွေးအတွက် ကုသဆေးအပြင် သွေးတိုးဆေး၊ ဆီးချိုဆေးနှင့် ရောဂါ စစ်သည့် စက်များလည်း ဟောင်းနွမ်းနေပြီဖြစ်၍ လိုအပ်ချက် ရှိနေသည်ဟု သိရသည်။ ယခုမိုးဦးကာလတွင် သွေးလွန်တုပ်ကွေး နှင့် ငှက်ဖျား အဖြစ်များပြီး ဇွန်လအတွင်း ငှက်ဖျားပိုးတွေ့ရှိသူ ၁၀၀ ကျော်၊ သွေးလွန်တုပ်ကွေးဖြစ်သူ ၁၅ ဦးနှင့် ဝမ်းပျက် ဝမ်းလျှောဖြစ်သူ ၂၅ ဦး ရှိသည်ဟု တာဝန်ခံက ဆိုသည်။ ယခုနှစ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး စခန်းအတွင်း မြစ်ရေကိုသာ အဓိက အားကိုးနေရသည့် စစ်ရှောင်များအတွက် မြစ်ရေညစ်ညမ်းလာမှုက ရောဂါ ဖြစ်စေသည့် အဓိက အကြောင်းအရင်းဖြစ်သည်ဟုလည်း သိရသည်။

စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ “ရွာမှာ ဒုက္ခသည်ဆေးပေးခန်းနှင့် ကျေးရွာဆေးပေးခန်း နှစ်ခု ရှိတယ်။ ဆေးသိပ် မတိုးလို့ တော်တော်များများက ဆုံဆည်းမြိုင်က ဆေးခန်းကိုပဲ သွားနေကြတယ်။ တစ်ခါ တစ်ခါသွားရင် တော်တော် ကုန်တယ်” ဟု ပြောသည်။ အဆိုပါ စစ်ရှောင်စခန်း၌ ဆေးဝါးအပြင် လက်ရှိတွင် စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေပြီး ဆန်မလုံ လောက်မှုကိုပါ စတင်ကြုံတွေ့နေရသည်မှာ မေလကတည်းကဖြစ်ကြောင်း ကျေးရွာတာဝန်ခံထံမှ သိရသည်။ လာရောက် လှူဒါန်းမှုများရှိသော်လည်း အများစုက အဝတ်အထည်၊ ခြင်ထောင်၊ မိုးကာ၊ မုန့် စသည် တို့ကိုသာ လှူကြပြီး အဓိက လိုအပ် ချက်ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတို့ကို လှူမည့် သူများ နည်းပါးလာနေသည်။ ထို့‌ကြောင့် စစ်ရှောင်ပြည်သူများအနေဖြင့် ဆန်ကို ဝယ်စားနိုင်ရန် နေ့စားအလုပ်များ လုပ်ရင်း တောင့်ခံနေကြရသည်ဟု စစ်ဘေး‌ရှောင်အချို့က ပြောသည်။ သေ့ဘောဘိုး စစ်ရှောင်စခန်းတွင် အိမ်ခြေ စုစုပေါင်း ၇၃ အိမ်ရှိပြီး လူဦးရေ ၃၀၀ နီးပါး ရှိ‌နေသည်။ ထိုထဲတွင် မဲကနယ်၊ ရသေ့ဂူ၊ ထီးမူးထရွာ များမှ စစ်ရှောင်လာသူ အများဆုံးဖြစ်ကြပြီး အခြားဒေသများမှ လာရောက်နေထိုင်သူများလည်း အနည်းငယ်ရှိ‌နေသည်။ Read in Full

၁၄။ ဖရူဆို – ဘောလခဲနယ်စပ်က ကလိလျား နဲ့ ဝေကျခေါ စစ်ရှောင်စခန်းမှာ အရေပြားနဲ့ ရာသီတုပ်ကွေး အဖြစ်များနေ
 July 25, 2024

ကရင်နီပြည်၊ ဘောလခဲ မြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊ ဝေကျခေါ စစ်ရှောင်စခန်းနဲ့ ဖရူဆိုမြို့နယ် ၊တော်ခူကျေးရွာ အုပ်စု၊ ကလိလျားကျေးရွာမှာ ယခု တစ်ပတ်အတွင်း အရေပြား ရောဂါ နဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များနေသလို ကလေးငယ် တွေမှာ အာဟာရချို့တဲ့နေတယ်လို့ ကရင်နီ အရေးပေါ်တုန့်ပြန်ကူညီရေး အဖွဲ့ (KnERU ) ရဲ့ အဖွဲဝင် တစ်ဦးက ပြောပါတယ်။“များတယ်လို့ ပြောရမှာပေါ့၊ ရာသီတုပ်ကွေး နဲ့ ငှက်ဖျားက ၇၀ ရာခိုင်နှုန်း ၊ အရေပြားဖြစ်တာက ၂၀ ရာခိုင်နှုန်း၊ ကလေး အာဟာရ ချိုတဲ့ မှုက ၂၀ ရာခိုင်နှုန်းလောက်ပေါ့နော။” လို့ သူက ပြောပါတယ်။ အရေ ပြားရောဂါကို ကလေးရော၊ လူကြီးတွေမှာပါ ဖြစ်ပွား နေပြီး ရာသီတုပ်ကွေးကတော့ မိသားစုအလိုက် ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။ “တချို့က ယားပြီး ပျောက်တာရှိတယ်၊ အခုယားတဲ့ သူလည်းရှိတယ်။ ယားတာချင်းမတူဘူး၊ တချို့က အရည်ဖြစ်တယ်၊ တချို့က ကုတ်လိုက်ရင် အနာဖြစ်နေကြ တယ်။”လို့ ဝေကျခေါ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ယခုသီတင်းပတ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့်လည်း စစ်ရှောင်နဲ့ ဒေသခံတွေ ဖျားနာမှုတွေ ဖြစ်နေကြတယ်လို့လည်းဆိုပါတယ်။“ဒီတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာနေတော့ ကလေးတော်တော်များများ ဖျားတယ်၊ ဆရာပါပါ ဖျားနာနေကြတယ်၊ ကျောင်းပျက်သူတွေလည်း ရှိနေတာပေါ့၊ အချို့ဆို ခွင့်ပေးလိုက်ရတာရှိတယ်။”လို့ ကျောင်းဆရာမ တစ်ဦးကပြောပါတယ်။ ဝေကျခေါ စစ်ရှောင်စခန်းနဲ့ ကလိလျား ကျေးရွာဟာ ဘောလခဲနဲ့ ဖရူဆိုမြို့နယ် အစပ်မှာရှိပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်သလို ဆေးရုံ၊ ဆေးပေးခန်းတွေမရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတွေကတော့ ကလေးငယ်တွေအတွက် သံချဆေး၊ အားဆေးနဲ့ အခြေခံ ဆေးဝါး ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဘောလခဲနဲ့ ဖရူဆိုနယ်စပ် တလျှောက်မှာ ဒေသခံနဲ့ စစ်ဘေးရှောင်လူထု ၁၅၀၀ ကျော်အထိရှိနေတယ်လို့ သိရပါတယ်။ Read in Full

၁၅။ မတူပီတွင် စစ်ရှောင်နေကြသော ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေ
 July 25, 2024

ချင်းပြည်နယ်၊ မတူပီမြို့နှင့် မြို့အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများသည် မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်း ရှောင်ခဲ့ရာ လက်ရှိတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ် လိုအပ် နေကြောင်းသိရသည်။ မတူပီမြို့ကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့က အပြီးသိမ်းပိုက်နိုင်ခဲ့သော်လည်း ချင်းလဲန်းအစိုးရလက်အောက်ခံ ကာ ကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည့်အပြင်  စစ်ကောင်စီတပ်က မြို့နှင့်အနီးတစ်ဝိုက်တို့တွင် ထောင် ထားသော မြေမြှုပ်မိုင်းများကို ရှင်းလင်း နေရမှုတို့ကြောင့် ဒေသခံစစ်ရှောင်များနေရပ်သို့ ပြန်နိုင်သေးခြင်းမရှိကြောင်းသိရသည်။

“ချောင်းရေတွေ ကြီးတဲ့အတွက် ဆန်အိတ်တွေသယ်လို့မရဘူး။ လောလောဆယ် ရွာထဲမှာရှိသမျှ ရွာခံတွေရဲ့ ဆန်တွေပဲ စားနေကြတာပါ။ ဆား၊ ဆီ၊ ငပိတွေလည်း ပြတ်လပ်နေတယ်။  CDF-မတူပီ၊ တပ်ရင်း (၂) ကတော့ ဆား၊ ဆီကိုတော့ အနည်းငယ် မျှဝေပေးတယ်။ ဒီဟာလည်း ခဏပဲခံမယ်ပေါ့နော်။ ပြီးတော့ ဆေးဝါးတွေလည်းအကုန်ပြတ်နေတယ်။ လူနာတွေကိုကုသဖို့ ဆေးဝါးမရှိတဲ့အတွက် တချို့စစ်ရှောင်တွေဆိုရင်အသက်ဆုံးရှုံးတာတွေရှိတယ်”ဟု မတူပီဒေသတွင် စစ်ရှောင်နေသော အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ လက်ရှိမတူပီမြို့နယ်တွင် ဖုန်းလိုင်းများအားလုံးပြတ်တောက်နေပြီး စစ်ရှောင်တချို့နှင့် အဆက်အသွယ် မရနိုင်သလို မတူပီမြို့၏ သတင်းများကိုလည်း ရယူနိုင်ရန် အလွန်ခက်ခဲလျက်ရှိသည်။  

၁၆။ လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာခြေထောက် ကျည်ဖောက်ထွက်
 July 25, 2024

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာဘက် ခြေထောက်ကို ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်းစုံစမ်းသိရသည်။ (ဇူလိုင်လ၂၅ ရက်) နံနက် ၈ နာရီကျော်တွင် လားရှိုးမြို့ ပေါ်ရှိ ရွှေသံလွင် ပရဟိတ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးဖြစ်သည့် ကိုစိုင်း(လားရှိုး)သည် ကူညီရေးလုပ်ဆောင် နေစဉ် စနိုက်ပါပစ်ခတ်ခံရပြီး ညာဘက်ခြေထောက် ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။“စနိုက်ပါပစ်ခံရတာ၊ ဘယ်သူပစ်မှန်းလည်း မသိဘူး။ ညာဘက်ခြေထောက် လှုပ်လို့မရတော့ဘူး။ သူက တစ်မြို့လုံး အခက်အခဲ ရှိတဲ့နေရာ လှည့်ပတ်ကူညီပေးနေတာ၊ လူတင်ပဲမဟုတ်ဘူး အိမ်ခြံဝင်းထဲ ပိတ်လှောင်ခံထားရတဲ့ ခွေးတွေပါ ကူညီပေးနေတဲ့ လူတစ်ယောက်ပါ။ အခု ပေါင်မှာ ပစ်ခံရတာ ကျည်ဖောက်ထွက်သွားလို့ သွေးထွက်လွန်နေတယ်”ဟု ပစ်ခတ်ခံရသူနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့ Freedom Youth Volunteers (FYV) အဖွဲ့မှ အဖွဲ့သား တစ်ဦးလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် သေနတ်ပစ်ခတ်ခံရပြီး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအမျိုးသား က ဆက်ပြော သည်။

စစ်ကောင်စီတပ် အနေဖြင့် တပ်ဖွဲ့ငယ်များစွာ ဖြန့်ခွဲ၍ မြို့တွင်းပြောက်ကျား နည်းဗျူဟာ အသုံးပြု ခံစစ်ဆင်ရန် ပြင်ဆင်ပြီး အထပ်မြင့် အဆောက်အအုံများနှင့် မြို့ကို စိုးမိုးထားသည့် တောင်ကြောများတွင် စနိုက်ပါများဖြင့် နေရာယူထား ကြောင်း ၎င်းကဆက်ပြောသည်။ လက်ရှိတွင် လားရှိုးမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – (၄၁)၊ (၆၈) နှင့် ခြေမြန်တပ်ရင်း ခမရ – (၅၀၇) တို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။ Read in Full

၁၇။ စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ကျွန်းစုဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ
 July 25, 2024

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကျွန်းစုဒေသ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ (၇)ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီနေသူများက ပြောသည်။ တနင်္သာရီမြို့နယ်ရှိအတွင်းရှိ ကျွန်းစုဒေသဖြစ်သည့် လယ်သစ်ကျေးရွာနှင့် အနီးတဝိုက်သို့ ပြီးခဲ့သည့် ဇူလိုင် လ(၁၉)ရက်နေ့မှ စတင်ပြီး အင်အား (၂၀၀)ဝန်းကျင်ရှိ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီနေသူအမျိုးသမီးတစ်ဦးက ပြောသည်။“ရွာတွေဘက်ကို အဓိက စစ်ကြောင်းထိုးနေတာတွေရှိ နေတယ်။ အခုထိပဲ။ အဲ့တော့ ဒေသခံတွေအနေနဲ့က တောတောင်ထဲကို မိုးရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်တပ်က ဝင်လာပြီးဆိုတာနဲ့ လမ်းပြပေါ့။ ပြောရမယ်ဆိုရင်လူသားဒိုင်းကာ သဘောမျိုးနဲ့ ဖမ်းဆီးတာဆိုတော့ ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြ တာများတယ်။ မနေ့ကအထိကို လက်နက်ကြီး အသံတွေကြားနေရလို့ ဘယ်သူမှ မပြန်ရဲကြသေးဘူး။” ဟု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် အဆိုပါ လယ်သစ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ၎င်းအနီးရှိ ကျေးရွာများဖြစ်သည့် ဘယ်သစ်ရွာ၊ ဝါရစ်ရွာ၊ မင်းဂုတ်ရွာ၊ မောင်းလှော်ရွာအပြင် ကျေးရွာခုနှစ်ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ခြင်းဖြစ် သည်ဟု ၎င်းက ဆက်ပြောသည်။ ၎င်းအပြင် ထိုစစ်ကောင်စီ စစ်ကြောင်းနှင့် တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ(၂၁)ရက်နေ့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိ ကြောင်း အမည်မဖော်လိုသူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။ ၎င်းက “တိုက်ပွဲအခြေနေကတော့ တင်းမာနေတုန်းပါပဲ အခုချိန်ထိတော့။ နောက်ပြီးတော့ စစ်ကြောင်းထိုးနေတဲ့အချိန် ခမရ(၂၆၁)ကနေပြီးတော့လည်း ဆက်တိုက် လက်နက် ကြီးနဲ့ ပစ်နေ တာတွေလည်း ရှိပါတယ်။” ဟု ပြောသည်။ Read in Full

၁၈။  စစ်ကောင်စီ မိုးဗြဲဆည် ဖောက်ချ၍ စစ်ရှောင်များ အရေးပေါ် ပြောင်းရွှေ့
 July 26, 2024

အာဏာသိမ်း စစ်ကောင်စီ၏ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်က မိုးဗြဲဆည်ရေတံခါးကို ဖောက်ချလိုက်သဖြင့် ဘီလူး ချောင်းရေကြီးကာ စစ်ဘေးရှောင်များ အရေးပေါ်ပြောင်းရွှေ့ပေးနေရကြောင်း ဒေသခံများထံမှသိရသည်။ ဘီလူချောင်းရေတက် လာသဖြင့် မိုးဗြဲမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ လယ်ဧကရာချီရေနစ်မြုပ်ခဲ့ပြီး သဖန်ကွင်း၊ နောင်ခိုင်စသော စစ်ဘေး ရှောင်စခန်း နေအိမ်များလည်း ရေစတင်နစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ခွန်မျိုးအောင်က “ ဒီတရက်ထဲမှာကို ရေက ၃ပေထပ်တိုးတယ်။ တောင်ဘက် စစ်ရှောင်စခန်းတွေ စရွှေ့ပေးနေပြီ။ ဒီညတော့ သူတို့ကို အိပ်ဖို့ နေရာစီစဉ်ထားပေးတယ်” ဟု ဆိုသည်။ ပြီးခဲ့သည့် ဧပြီလတွင် တော်လှန်ရေးအင်အားစုများက မိုးဗြဲအခြေစိုက် ခမရ ၄၂၂ ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် ဆည်ဝန်ထမ်းများ ထွက်ပြေးသွားသည့်အတွက် ဆည်ရေထုတ်ရန် ဝန်ထမ်းမရှိချိန်တွင် စစ်ကောင်စီ စစ်သားများက နားမလည်ဘဲ ယခုကဲ့သို့ ဆည်ရေများစွာဖောက်ချခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 မိုးဗြဲရေကာတာ ရေတံခါးအား စစ်ကောင်စီက ယမန်နေ့ နံနက်အစောပိုင်းအချိန်မှ စတင်ဖွင့်ချခဲ့ရာ ၂၄ နာရီအတွင်း ဘီလူးချောင်းရေမှာ ၈ ပေအထိ မြင့်တက်သွားခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကလည်း ထုတ်ပြန် သည်။ ထို့ကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော ဒေသခံ တောင်သူ လယ် သမားများနှင့် ပြည်သူများ အတိဒုက္ခရောက် စေရန် တမင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း IEC က သုံးသပ်သည်။  လာမည့် ၃ ရက်အတွင်း ရေများထပ်မံမြင့်တက်လာနိုင်သည့် အရေးပေါ် အခြေအနေဖြစ်နေသဖြင့် လွိုင်ကော်မြို့နှင့် အနီးတဝိုက် ဘီလူးချောင်း ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းတွင် နေထိုင် ကြသော ပြည်သူများအနေဖြင့် အထူးသတိပြုရန်နှင့်လိုအပ်ပါကဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင် ထားရန် IEC ကသတိပေးသည်။ Read in Full

၁၉။ မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ဘွေလီတံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများအခက်ကြုံ
 July 26, 2024

ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီ-ပလက်ဝ လမ်းမပေါ်တွင်တည်ရှိသော ဘွေလီချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရမှု ကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်ကြုံနေကြရကြောင်း ‌သိရသည်။ “အရင်က ဆန်တွေ၊ အိမ်ဆောက်ကိရိယာတွေ စားသုံးကုန်တွေအတွက် အသုံးပြုတဲ့လမ်းဖြစ်တယ်၊ အခုနောက်ပိုင်းမှာ ဘာမှ သယ်လို့မရ တော့ဘူးပေါ့၊ ပြီးတော့ ကျွန်တော်တို့ ပလက်ဝဘက် တော်လှန်ရေးသမားတွေအတွက်ရောပဲ ကြန့် ကြာမှုတွေ အခက်အခဲတွေ ကြုံတာပေါ့၊ ဆိုတော့ ဒီတံတားဖျက်ဆီးခြင်းအားဖြင့် အကုန်လုံးဒုက္ခရောက်နေတာတော့ အမှန်ပါပဲ။” ဟု ပလက်ဝ ဒေသခံ တစ်ဦးကပြောသည်။ ဘွေလီတံတားပျက်စီးသွားခြင်းကြောင့် ‌ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်းမှ သွားလာနေကြရပြီး တော်လှန် ရေးတပ်ဖွဲ့များအသုံးပြုခဲ့သည့် ၄ ပေသာသာရှိသော တောလမ်းကိုသာအသုံးပြုနေရသောကြောင့် များစွာခက်ခဲမှုများ ကြုံနေကြရကြောင်းသိရသည်။

ခူမီးလူငယ်တစ်ဦးက “ဘွေလီတံတား မိုင်းခွဲခံလိုက်ရတော့ အခင်းတေအကုန်လုံး မရှိတော့ဘူးပေါ့နော်၊ လူကတော့ ကြိုး စားပြီး သွားမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်၊ ဒါပေမဲ့ ကားတို့ ဆိုင်ကယ်တို့  ဆိုရင်တော့ ဘာမှမရတော့ဘူးပေါ့။ အခု သွားမယ်ဆိုလို့ရှိရင်  တောလမ်းကနေပေါ့၊ အဲဒီလမ်းကလဲ တော်တော်လေးဆိုးတယ်၊ လမ်းရယ်လို့မရှိပေမဲ့ လမ်းလိုမျိုး သုံးရတဲ့ ဟာပေါ့။ အရင်က နာရီဝက်ပဲသွားရတဲ့ဟာ ခုတော့ ဆိုင်ကယ်နဲ့ ၄ နာရီလောက် သွား‌နေရတယ်။ ဆိုတော့ လမ်းပမ်း ဆက်သွယ် ရေးမှာ တော်တော်ဒုက္ခရောက်ရတာပေါ့နော်။” ဟု ပြောသည်။ ဘွေလီတံတားသည် ပေ ၄၂၀ ရှည်လျားပြီး NLD အစိုးရလက် ထက် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မတူပီမြို့နယ်ကတဆင့် ပလက်ဝ၊ ရခိုင်ပြည်နယ်ဘက်နှင့် အိန္ဒိယဘက်သို့သွားလာရာတွင် အဓိကအသုံးပြုသည့်တံတား ဖြစ်သည်ဟု သိရသည်။ Read in Full

၂၀။ မောင်မယ်ရှောင်ရွာထဲကအိမ်တွေမှာစစ်ကောင်စီက တပ်စွဲနေထိုင်နေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရ
 July 26, 2024

ထားဝယ်မြို့နယ်၊ ‌မောင်မယ်ရှောင်‌ကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေဝင်လာပြီး နေအိမ်တွေမှာ တပ်စွဲနေထိုင်နေ တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၇၀ ကျော်လောက်က ရွာထဲကိုဝင်‌ရောက်လာပြီး လက်နက်ကြီးငယ်တွေကို တစ်ဖက်တည်းအကြီးအကျယ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီတပ်ကရွာထဲကို အကြောင်းမဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လာရောက်တပ်စွဲတာတွေကြောင့် ဒေသခံတချို့ဟာ ရွာကနေပြောင်းရွှေ့နေထိုင်နေကြတာပါ။ လက်ရှိမှာတော့ကျန် ရှိတဲ့ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။“မနေ့ကဆိုရွာထဲမှာ ဆဲဆဲပြီး သေနတ် တွေ လက်နက်ကြီးတွေပစ်နေတာ။ နေတာကလည်း မိန်းလမ်းပေါ်က အိမ်တွေပေါ်တက်နေတာလေ။ ဘယ်သူမှမနေရဲတော့ ဘူး”လို့ နေအိမ်ကနေတိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ မနေ့ကညနေပိုင်းမှာတော့ အဲဒီစစ်ကောင်စီတပ်သား တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားပြီးနောက် မနေ့ကညပိုင်းက မောင်မယ်ရှောင်ရွာထဲကို လူနာတင်ယာဥ်တွေရောက်ရှိလာတာကြောင့် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးသူတွေရှိနိုင်တယ်လို့ ‌ဒေသခံ‌တွေက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီစစ်ကောင်စီတပ်သား တွေ ဟာ လက်ရှိအချိန်ထိလည်း နေအိမ်တွေမှာဆက်ရှိပေမဲ့ ဘာတွေလုပ်ဆောင်နေလဲဆိုတာနဲ့ ဖမ်းဆီးခံထားရသူရှိမရှိကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။“ရွာထဲမှာလူမရှိတော့ ဘာဖြစ်နေမှန်းမသိတော့ဘူး။ လက်နက်ကြီး ကြောင့် အိမ်တွေလည်းပျက်စီးနေတယ်ကြားတယ်။ သူတို့ပြန်သွားမှပဲသိရမှာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်း မိုးသက်လေပြင်းကျရောက်ခဲ့တဲ့ ဒီနေ့မှာတော့ မောင်မယ်ရှောင်ရွာပတ်ပတ်လည်မှာ ရေကြီးရေလျှံတာ တွေ ဖြစ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ သွားရေးလာရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ အခုလ ၂၂ ရက် နေ့ညပိုင်းကလည်း ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၀၂) ကနေ မောင်မယ်ရှောင်ရွာထဲကို လက်နက် ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေထွက်တိမ်းရှောင်ခဲ့ရပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ Read in Full

၂၁။  ထီလုံ-နဘူးသွား ကားလမ်းမပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားပျက်စီး၍ သွားလာရေးပြတ်တောက်
 July 25, 2024

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ-နဘူးသွားကားလမ်းမပေါ်ရှိနောင်ခွီးကျေးရွာ၏ အမှတ်(၂/၃၃) တံတားသည် ရေတိုက်စား၍ ပျက်စီးသွားပြီး သွားလာရေး ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ မြင့်တက်လာသောကြောင့် ရေစီးဆင်းမှုအရှိန်ဖြင့် အဆိုပါတံတားမှာ ရေတိုက်စားခံရပြီး ပျက်စီးသွားခြင်းကြောင့် ဖားအံမှတဆင့် ထီလုံ- သရက်တော-နဘူး-ထို့ကော်ကိုးနှင့် မြဝတီသွားလာနိုင်သည့် လမ်းပြတ်တောက်သွားခြင်းဖြစ်သည်။ ပိုင်ကျုံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက “အခု ပိုင်ကျုံဘက်က သွားလို့မရတော့ ဘူး။ ရေအကုန်နီးပါးကျော် တယ်။ ထီလုံဘက်ကဘဲရမယ်။ အခုတစ်ခါမှ ရေမကြီးတဲ့ နေရာတွေက ၂ ရက်ထဲနဲ့ ရေကျော်နေတာ။ အခု နောင်ခွီးတံတားပျက်သွားပြီးဆိုတော့ သွားဖို့ တော် တော်လေး ခက်ခဲသွားပြီး” ဟု ပြောသည်။

လက်ရှိတွင်လည်း ပိုင်ကျုံမြို့နယ်နှင့် နဘူးမြို့နယ်အတွင်း တောင်ကျချောင်းရေ မြင့်တက်လာခြင်းကြောင့် ပိုင်ကျုံမြို့ အပါအဝင် ကျေးရွာအများစုတွင် ရေလွှမ်းမိုးခံရနေပြီး နဘူးမြို့နယ်အတွင်းရှိ မြဝတီ-ထို့ကော်ကိုး လမ်းရှိ သံတံတားဟောင်း နေရာတွင်လည်း ကားလမ်းရေကျော်၍ သွားလာရေး ပြတ်တောက်ကာ ကားအချို့လည်း လမ်းချော်၍ ရပ်တန့်နေကြောင်း လူမှု ကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်သံဖိုင်များတွင်တွေ့ရသည်။ ၎င်းအပြင် ထို့ကော်ကိုးကျေးရွာနှင့် အနီး ကျေးရွာများတွင်လည်း ယမန်နေ့၊ နေ့လည်မှစ၍ ရေလွှမ်းမိုးခံနေရပြီး ဒေသခံများအနေဖြင့် သွားလာရေးအခက်အခဲ ဖြစ်ပေါ် နေသလို မိုးဆက်လက်ရွာသွန်းနေသေးသောကြောင့် နောက်ထပ်ရေမျက်နှာပြင် မြင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။ အလားတူ ကရင်ပြည်နယ် မြို့တော်ဖြစ်သည့် ဖားအံမြို့တွင်လည်း သံလွင်မြစ်ရေးကြီးမြင့်လာ မှုကြောင့် သတ်မှတ်ထားသည့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သောကြောင့် သံလွင်မြစ်ကမ်းအနီး နေထိုင်သူများနှင့် မြေနိမ့် ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလက တိုက်တွန်းထားသည်။ Read in Full

၂၂။ လားရှိုးမြို့ပေါ်မှာ သေဆုံးရုပ်အလောင်းတွေ မကောက်ယူနိုင်သေး
 July 26, 2024

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အရပ်သားရုပ်အလောင်း ငါးလောင်းထက်မနည်းရှိနေပြီး သင်္ဂြိုဟ်ပေးမဲ့သူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးကျည်ကျတာ၊ တိုက်အမြင့်တွေပေါ်က လက်နက် ငယ်တွေနဲ့ ပစ်ခတ်ခံရ တာတွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေပြီး ကူညီပေးနိုင်မယ့်သူတွေလည်း မြို့ပေါ်မှာ မရှိတော့ဘူးလို့ လားရှိုးမြို့ခံ တစ်ဦး က ပြောပါတယ်။“ကျွန်တော်တွေ့တာ နှစ်ယောက်၊ နောက်ထပ် အရှေ့မှာ နှစ်ယောက်ရှိသေးတယ်။ လမ်းတွေပေါ် မှာ သေဆုံး နေတာ။ ဘယ်သူတွေလဲ မသိဘူး။ ရှော့တိုက်ဒုံးတွေ ကျတာကို သွားကြည့်လို့ သေတဲ့သူတွေလည်းရှိတယ်။ အခုလေးယောက်က မန်ဆူကျောင်းနားမှာပဲ” လားရှိုးအကျဉ်းထောင်အနီးက ရပ်ကွက်ထဲမှာလည်း သေဆုံးနေတဲ့ ရုပ်အလောင်းတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ ရွှေသံလွင်ပရဟိတအသင်းသားတစ်ဦး ပစ်ခတ်ခံရပြီး နောက် မြို့အတွင်းပိုင်းမှာ လူမှုကူညီရေးအဖွဲ့တွေ အလုပ်မလုပ်နိုင်တော့ဘူးလို့ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။  လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က မနေ့က ကြေညာ ထားပြီး စစ်ကောင်စီဘက်ကတော့ ဒီကိစ္စအပေါ် မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ လားရှိုးမြို့ရဲ့ အဓိကကျတဲ့နေရာတွေကို MNDAA တပ်ဖွဲ့က ထိန်ချုပ်ထားပြီး ရပ်ကွက် (၉)၊ ရပ်ကွက် (၁၁)၊ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅) အတွင်း ဖြန့်ကျက်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၂၃။ ဖလမ်းမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာ
 July 26, 2024

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲလုပ်မဲ့သတင်း ထွက်ပေါ်လာပြီးနောက် မြို့ပေါ်က ဒေသခံငါးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ၂၀၁၄ ခုနှစ်၊ သန်းခေါင် စာရင်း အရ ဖလမ်းမြို့မှာ လူဦးရေ တစ်သောင်းခုနစ်ထောင်နီးပါး ရှိတာကြောင့် မြို့နေလူဦးရေရဲ့ သုံးပုံတစ်ပုံက မြို့ကိုစွန့်ခွာနေကြတာ ပါ။ ဖလမ်းမြို့ပေါ်က ဒေသခံတွေဟာ ကလေးမြို့နဲ့ တခြားနီးစပ်ရာရွာတွေကို တိမ်းရှောင်ကြတာရှိသလို အိန္ဒိယနိုင်ငံ မီဇိုရမ် ဘက်အခြမ်းကိုလည်း ထွက်ပြေးနေကြရတာပါ။ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဖလမ်း မြို့ခံတစ်ဦးကတော့ မြို့ပေါ်မှာ လက်ရှိ ကျန်နေသူတွေပါ နေရပ်စွန့်ခွာဖို့ ပြင်ဆင်နေကြပြီလို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့မယ်။ မြို့သိမ်းတိုက်ပွဲ စတော့မယ်ဆိုပြီး ဒီရက်ပိုင်းမှာ သတင်းထွက်လာလို့ ပစ္စည်းတွေကို ရွှေ့ဖို့ လုပ်ကြတယ်။ တချို့လည်း ထွက်ပြေးကြပြီ။ ကျန်တဲ့သူတွေလည်း အဆင်သင့်ပြင်ထားကြပြီ” ဒါနဲ့ပတ်သက်လို့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) ရဲ့ မူဝါဒရေးရာပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်က ဖလမ်းမြို့မှာ အခုအချိန်အထိ နှစ်ဖက် တိုက်ပွဲ ဖြစ်တာမရှိသေးသလို စစ်ရေးဖော်ဆောင်မှုလည်း မရှိသေးဘူးလို့ ပြောပါတယ်။ ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်ရှိပြီး အဲဒီအထဲက ခြောက်သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည် နယ်ထဲမှာ ရှိနေတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောထားပါတယ်။ Read in Full

၂၄။ ၁၀၂၇ စစ်ဆင်​ရေး ၁ လအတွင်း စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၁၂၈ ဦးသေဆုံး
 July 25, 2024

၁၀၂၇ စစ်ဆင်​ရေး အပိုင်း ၂ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၁ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ကလေးတွေအပါအဝင် အရပ်သား ၁၂၈ ယောက် သေဆုံးပြီး အယောက် ၁၇၀ လောက် ဒဏ်ရာရတယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေး ၁ လပြည့်တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီ ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အိမ် ၉၃ လုံး၊ ဘုန်းကြီးကျောင်း ၁၀ ကျောင်းနဲ့ စာသင် ကျောင်း ၇ ကျောင်းလည်း ပျက်စီးခဲ့ရတယ် လို့ ဆိုပါတယ်။ ဒီ ၁ လအတွင်း မိုးကုတ်မြို့နယ်မှာ အမျိုးသမီး ၈ ယောက်၊ အမျိုးသား ၁၄ ယောက်၊ ကလေး ၉ ယောက် သေဆုံး၊ ကလေး ၁၀ ယောက် အပါအဝင် ၅၉ ယောက် ဒဏ်ရာရပြီး လူနေအိမ် ၂၉ အိမ်နဲ့ ဘုန်းကြီးကျောင်း ၄ ကျောင်း ထိခိုက်ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်။ ကျောက်မဲမြို့နယ်မှာတော့ အမျိုးသမီး ၁၄ ယောက်၊ အမျိုးသား ၂၄ ယောက် သေဆုံး၊ ကလေး ၄ ယောက် အပါအဝင် အယောက် ၄၀ ဒဏ်ရာရပြီး အိမ် ၃၇ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၈ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရပြီး အိမ် ၁၃ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးသွားခဲ့ပါတယ်။ မိုးမိတ်မြို့နယ်မှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရပြီး အိမ် ၅ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့သလို သီပေါမြို့မှာ တော့ အရပ်သား ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လားရှိုးမြို့မှာတော့ အမျိုးသား ၂၁ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ ကလေး ၅ ယောက် သေဆုံး၊ ၄၈ ယောက် ဒဏ်ရာရပြီး အိမ် ၉ လုံး၊ ဘုန်းကြီး ကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Read in Full

၂၅။ ဘီးလင်းမှာရေကြီးတာကြောင့် လူနှစ်ရာကျော် နေရာရွှေ့ပြောင်း
 July 25, 2024

မွန်ပြည်နယ် ဘီးလင်းမြို့မှာ မိုးများပြီး မြစ်ရေကြီးနေတာကြောင့် မြို့ပေါ်ရပ်ကွက် ငါး ခု ရေကြီးနစ်မြုပ်နေပြီး လူ နှစ်ရာ ကျော် နေအိမ်တွေကနေ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါ တယ်။ မြစ်ရေတက်လာလို့ လူတွေကို ရွှေ့ပြောင်းပေးနေရကြောင်း ဘီးလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးလွင်ဦး က ပြောပါတယ်။ “လက်ရှိတိုးပြီးမြုပ်နေတာနဲ့ဆိုရင် အိမ်ခြေ ၈၀ ကျော်သွားပြီ၊ လူကတော့ နှစ်ရာလောက်ရှိမယ်၊ ရေဘေးရှောင် စခန်းကတော့ လောလောလတ်လတ် ငါးခုလောက်ရှိမယ်”  ရေဘေးသင့်သူတွေကို အားကစားကွင်း၊ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပါတယ်။

ဘီးလင်းမြို့ပေါ်က ရပ်ကွက် ၇၊ အုန်းတော၊ လေသာ၊ ဖိုးလှကြီး စတဲ့ မြို့ပေါ် ရပ်ကွက်ငါးခုလောက် နစ်မြုပ်နေပြီး ရွာတွေဘက်မှာလည်း ရေကြီးနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဘီးလင်းမြစ်အပေါ်ဘက်မှာ မိုးများတာကြောင့် မြစ်ရေကြီးနေပြီး ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် တစ်ပေကျော် (၃၃ စင်တီမီတာ)ကို ရောက်နေပါတယ်။ နောက်ရက်တွေမှာလည်း မြစ်ရေ ဟာ ဆက်တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဓ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၆။ အုပ်ကြီးနဲ့ PNO ပူးပေါင်းရောင်းချခဲ့တဲ့ ကျူးမြေကို စစ်ကောင်စီက စစ်ဗျူဟာတည်ဖို့ သိမ်းဆည်း
 July 26, 2024

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ မြို့စွန်ရပ်ကွက်တွေမှာ တည်ဆောက်ထားတဲ့ နေအိမ်တချို့နဲ့ မြေကွက်တွေကို စစ်ကောင်စီတပ်က ဗျူဟာကုန်းတည်ဆောက်ဖို့ သိမ်းဆည်းသွားမယ်လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါ တယ်။ အဲဒီအိမ်ခြံမြေတွေဟာ သစ်တောမြေတွေဖြစ်တဲ့အပြင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ပအိုဝ်းအမျိုးသား (PNO) အရာရှိပိုင်းတွေက ပွဲစားနဲ့ ပူးပေါင်းကြံစည်ပြီး အကွက်ရိုက် ရောင်းချခဲ့တာလို့ ဆိုပါတယ်။“ကရင်မရေထွက်အောက်က အကွက်တွေကို ဘုရားဖြူရပ်ကွက်ထဲ ပါတယ်ဆိုပြီး သိန်း ၂၀၊ ၃၀ နဲ့ ပွဲစားတွေ ဂျင်းထည့် ရောင်းခဲ့ တာ။ ပွဲစားတွေတာ့ ငွေနဲ့ ညှိပေးမယ် ပြောတယ်။ ဒါပေမယ့် မန္တလေးဘက်မှာတောင် တိုက်ကြီး၊ အိမ်ကောင်းတွေက ညှိ့လို့မရ တာ မထင်ပါဘူး” လို့ အိမ်ခြံမြေ လောကနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စဝ်စံထွန်း၊ ရတနာသီရိ၊ ချမ်းမြသာစည်၊ ရွှေတောင်၊ စိန်ပန်း၊ ညောင်ဖြူစခန်း စတဲ့ရပ်ကွက်တွေနဲ့ ကရင်မရေထွက်ရဲ့ အောက်ဘက်ပိုင်းအိမ်တွေ ပါဝင်ပြီး မြေကွက်ပိုင်ရှင်တွေဘက်က အသနားခံစာ တင်ထားပေမယ့် PNO အရာရှိ ညောင်ဖြူစခန်း အုပ်ချုပ်ရေးမှူး ခွန်ကျော်ဆန်းနဲ့ နယ်မြေမှူးတွေက စစ်ကောင်စီနဲ့ ညှိနှိုင်းရန်အတွက် ငွေကျပ် ၂ သိန်း ထပ်မံတောင်းခံနေတယ် လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၁ နောက်ပိုင်းမှ ရောင်းချထားတဲ့ ကျောင်းစုရပ်ကွက် အစွန်ဘက်က မြေကွက်တွေကိုလည်း ကျူးကျော်နယ်မြေ အဖြစ်သတ်မှတ်ပြီး သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။“တချို့က ကျူးကျော်ဆိုတာ မှန်တယ်။ ဒါပေမယ့် တချို့နေတာ နှစ် ၃၀ ကျော်ပြီ။ ဂရမ်မရှိပေမယ့် ၁၀၅ ပေါက်ထားတယ်။ ဂရမ်မရှိလို့ သိမ်းမယ်ဆိုရင်တော့ မြို့လယ်ခေါင်က အိမ်တွေပါပါမှာ။ တောင်ကြီးမှာ ၃ ပုံ ၂ ပုံလောက်က ဂရမ်မရှိဘူး” လို့ စာပို့ခံရသူ တစ်ဦးက ပြောပါတယ်။ တောင်ကြီးမြို့မှာ ဗျူဟာကုန်းကို ၂ ဆင့် ဆောက်လုပ်သွားမှာ ဖြစ်ပြီး ပထမတတစ်ဆင့်ကို တောင်ကြီးဟိုတယ်နဲ့ ဒုတိယတစ်ဆင့်ကိုတော့ အထက် ပါ ရပ်ကွက်တွေရဲ့ တောင်ကမ်းပါးနေရာတွေမှာ ဆောက်လုပ်သွားမယ်လို့ စာပို့ခံရတဲ့ နေအိမ်ပိုင်ရှင်တွေက ပြောပါတယ်။ Read in Full

၂၇။ မိုးကုတ်တွင် အတွဲလိုက်ဒုံးအပါ လက်နက် ၂၀၀ ကျော် TNLA သိမ်းဆည်း
 July 25, 2024

မိုးကုတ်မြို့သိမ်းတိုက်ပွဲများအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးအပါအဝင် လက်နက်ကြီးငယ်မျိုးစုံ အလက် ၂၀၀ ကျော်အား သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းဦးရေ ၃၀ ကျော်ဖမ်းမိခဲ့ကြောင်း ပလောင်(တအာင်း)အမျိုးသားလွတ် မြောက်ရေးတပ် မတော်(TNLA) ကသတင်းထုတ်ပြန်သည်။ TNLA နှင့် NUG လက်အောက်ခံ မိုးကုတ်ဗျူဟာတပ်ရင်းများအပါအဝင် ပူးပေါင်းတပ် များသည် မိုးကုတ်မြို့နယ်အတွင်း ဇွန်လ ၂၅ ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ တလအကြာ ဇူလိုင် ၂၄ ရက်တွင် စစ်တပ်စခန်းအား လုံးကို တိုက်ခိုက်သိမ်းပိုက်ကာ မိုးကုတ်မြို့ အား အပြီးသတ် သိမ်း ပိုက်နိုင်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်တပ်က ဂျက်ဖိုက်တာ ၂၁ ကြိမ်၊ Y12 လေယာဉ်ဖြင့် ၉ ကြိမ်လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး လက်နက်ကြီး  ၇၈ ကြိမ်၊ အတွဲလိုက်ဒုံး ၁၈ လုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောသည်။

ထိုလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးကုတ်ဒေသခံ ကလေးငယ် ၉ ဦးအပါအဝင် ၃၁ ဦးသေဆုံးခဲ့ရပြီး ၅၉ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဘုန်းကြီးကျောင်း ၄ ကျောင်းနှင့် နေအိမ် ၂၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ၎င်းတို့က ပြောထားသည်။ မိုးကုတ်မြို့သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၇၈၊ ခလရ-၈၈ နှင့် ခလရ-၁၄၈ တို့အထိုင်ချတပ်စွဲခဲ့သည့်မြို့ဖြစ်ပြီး လက်ရှိတွင် TNLA ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည်။ Read in Full

၂၈။ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်များနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ စီ ချီးမြှင့်
 July 25, 2024

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတစ်ဦးနဲ့ ရဲသားတစ်ဦးတို့က စစ်ကောင်စီထံ တာဝန်မထမ်းဆောင်လိုတော့တဲ့အပြင် ပြည်သူ့တော်လှန်ရေးမှာ ပါဝင်မယ်လို့ ဝန်ခံ ကာ လက်နက်များနဲ့အတူ ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ ချင်းပြည်ကောင်စီ တပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာကြောင့် ၎င်းတို့ကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ စီ ချီးမြှင့်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ် – ထန်တလန် က သတင်းထုတ်ပြန်ပါတယ်။ အလင်း ဝင်လာသူ နှစ်ဦးတို့က MA2 သေနတ်တစ်လက်၊ G3 သေနတ်တစ်လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆံ ၁၈၅ ထောင့်၊ Grenade ၁ ခု၊ ၄၀ မမ ၂ ခု၊ နဲ့ ကျည်ကာ တစ်ခု တို့ယူဆောင်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာ ချင်းပြည်ကောင်စီတပ်ဖွဲ့များက Tilim Operation – 4 စစ်ဆင်ရေးဖော်ဆောင်လျက်ရှိပြီး ပြည်သူ့တော်လှန် ရေး မှာပါဝင်ဖို့ဆန္ဒရှိသူများအားလုံးအတွက် အမြဲတမ်းတံခါးဖွင့်ပေးသလို လုံခြုံတဲ့အနေရာ ရောက်တဲ့အထိ တာဝန်ယူပေးသွား မယ် လို့ CDF-Thantlang က ဖော်ပြထား ပါတယ်။ ချင်းပြည်ကောင်စီတပ်ပေါင်းစုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်က စပြီး ထန်တလန်မြို့တွင်း အပါအဝင် ထန်တလန်နဲ့ ဟားခါးကြားမှာ ရှိတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို တိုက်ခိုက်လျက် ရှိပြီး ယနေ့ ချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ Read in Full

၂၉။ သံတွဲ၊ တောင်ကုတ် မနေ့ကထက် ရေပိုကြီးနေ
 July 26, 2024

ရခိုင်ပြည် သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့ဘက်မှာ ယမန်နေ့ နံနက်ပိုင်းကစ၍ ရေကြီးနေပြီး ယနေ့ အချိန်အထိ ရေကျခြင်းမရှိဘဲ ရေပိုလွှမ်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကုတ်ဒေသခံတစ်ဦးက “တောင်ကုတ်မြို့ထဲ ရေဝင် ရောက်သွားပါပြီ။ နေအိမ်တွေအများကြီးမြှုပ်နေပါတယ်။ တောင်ကုတ် လမုဘက်မှာဆိုရင်လည်း ရွာတွေ၊ နေအိမ်တွေ အားလုံး နစ်မြှုပ်နေပါတယ်။ လူတွေကတော့အဆောက်အဦးအမြင့်တွေ၊ တောင်ကုန်းတွေကို သွားရှောင်နေကြရပါတယ်။”ဟုပြောသည်။ သံတွဲမြို့မှာ မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ရေလွှမ်းမိုးသွားပြီး စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ အခက်အခဲ ဖြစ်နေကြ သည်ဟု သိရသည်။

” မိုးက ဆက်တိုက်ရွာနေတာ။ ဒီရေကျချိန် နာရီပိုင်းလောက်ပဲ ရေက ကျခဲ့တယ်။ ဒါပေမယ့် ပြန်တက်လာတဲ့အချိန်မှာ မိုးကလည်း တအားရွာ၊ ရေက မနေ့ကထက်တောင် ပိုကြီးနေတယ်။ တိုက်ပွဲတွေ ဘာတွေညာတွေ ရှိလား ဖြစ်နေလားတော့ မသိတော့ဘူး။ ရေနဲ့ လွတ်ဖို့ နေရာတွေကို သွားရတာပဲ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံများကိုယ်တိုင် အချင်းချင်း အပြန်အလှန် တစ်ပိုင်တစ်နိုင် ကူညီဆောင်ရွက်နေကြပြီး ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုကာ သီးသန့်ဆောင်ရွက်နေခြင်းမျိုး မရှိကြောင်း စုံစမ်းသိရသည်။ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင် များ နှင့် AA တို့ စစ်ရေးတင်းမာနေကြသည့် မြို့နယ်များဖြစ်ပြီး ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် တရားဝင်ထုတ်ပြန် ပြောဆိုခြင်းမရှိကြသေးပေ။ Read in Full

၃၀။ စစ်ကောင်စီမှာ စေ့စပ်ဆွေးနွေးလိုတဲ့ဆန္ဒမရှိကြောင်း အင်ဒိုနီးရှားဝန်ကြီးဝေဖန်
 July 26, 2024

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ပြဿနာ ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး အစီအစဉ်ကို စစ်ကောင်စီက စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒမရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi)က ဝေဖန်လိုက်ပါတယ်။ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပြင်ပမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံပြီးတဲ့ နောက် မှတ်ချက်ပေးတာ လို့ AFP သတင်းက ဖော်ပြပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်ကောင်စီက လိုက်နာဖို့ ပျက်ကွက်တယ် ဆိုတဲ့ အမြင်ချင်းတူတာကိုလည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဖလှယ်ကြတယ်လို့ အင်ဒိုနီးရှားဝန်ကြီးက သူ့ရဲ့ X လူမှုကွန်ရက် (ယခင်တွစ်တာ)မှာ ရေးသားပါတယ်။ စစ်တပ်ကအာဏာရယူထားတာကို စင်ကာပူရော အင်ဒိုနီးရှား နိုင်ငံကပါ ဝေဖန်နေကြ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံက ပိုမိုဆိုးဝါးလာတဲ့အခြေအနေကို ဆွေးနွေးခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာဘာခရစ်ရှ်နန် (Vivian Balakrishnan) က သူ့ရဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံ သဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ရေး အရေးကြီးတာကိုလည်း ဝန်ကြီးတွေဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဇူလိုင် ၂၅ ရက်က စတင်ကျင်းပတဲ့ သုံးရက်ကြာ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့ပဋိပက္ခကို အဓိကထား ဆွေးနွေးပါတယ်။ AFP က ဖတ်ရှုရတဲ့ အာဆီယံ ကြေညာချက်မူကြမ်းမှာ ၂၀၂၁ စစ်အာဏာသိမ်းလိုက်ပြီးနောက် အကြမ်းဖက်မှုဆက်လက်ဖြစ်ပွားနေတာကို အာဆီယံဝန်ကြီး တွေက ပြင်းပြင်းထန်ထန်ရှုတ်ချထားတယ်လို့ ဆိုပါတယ်။ Read in Full

၃၁။ ဖရူဆိုမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့ နွား ၁၀ ကောင်ခန့်ကို ပစ်ခတ်ကာ အသားတွေကို ဖျက်ယူသွား
 July 25, 2024

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း က တပ်သားတွေ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ အနီးနားက ကျေးရွာတစ်ရွာရဲ့ နွားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး အသားတွေကို ဖျက်ယူ ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင် နဲ့ စစ်ကြောင်းထွက်လာတာဖြစ်ပြီး လုံခြုံရေးယူ ကာ နွားအကောင်ရေ ၁၀ ကျော် ကို လာရောက်ပစ်ခတ်ကာ အသားတွေကို ဖျက်ယူသွားတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“ဒီတစ်ခေါက်လာပစ်တာဆိုရင် ၁၀ ကောင်ကျော်လောက်ရှိတယ်။ တိတိ ကျကျပြောလို့ ၁၀ ကောင်လောက်ရှိတယ်”လို့ သူကပြောပါတယ်။ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ နွားကျောင်း နေတဲ့ ရွာခံ ၂ ဦးကို နေရပ်ပြန်ခိုင်းပြီး ကျန်ရစ် တဲ့ နွားတွေကို သတ်ဖြတ်ယူဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ခွဲထွက် လာတာဖြစ်ပြီး သူတို့ရဲ့တပ်သားတချို့ဟာ အရပ်သားဝတ်စုံတွေဝတ်ဆင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်တာကြောင့် ပစ်သတ်ထားခဲ့ တဲ့ နွားတွေကို အကုန်ဖျက်ယူသွားနိုင်တာမရှိဘဲ စစ်ကောင်စီတပ်တွေက ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ပြန်လည် ဆုတ်ခွာသွားပြီးနောက် နွားတွေကို သွားပြန်ကြည့်တဲ့ အချိန်မှာတော့ ဖျက်လက်စ သေနေတဲ့ နွား ၆ ကောင် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။“ကျနော်တို့ ပြန်ရလိုက်တာဆို ၆ ကောင်ပြန်ရမယ်။ ၆ ကောင်ဆိုတာက အပြည့် အစုံမရ ဘူးနော်။ တစ်ကောင်ပဲ အပြည့်အစုံရတယ်။ ကျန်တဲ့ ကောင်တွေက အပြည့်အစုံမရဘူး။” လို့ သူက ဆိုပါတယ်။ စစ်ကောင်စီတပ် သားတွေဟာ တစ်လကို ပုံမှန် ၁ ခေါက်နှုန်းနဲ့ ယခုလို ဒေသခံတွေရဲ့ နွားတွေ ကို သတ်ဖြတ်စားသောက်နေတာရှိပြီး ယခင်တုန်း ကတော့ တကြိမ်ကို နွား ၃ ကောင်အထိ ပစ်ခတ်ကာ အသားတွေကို ဖျက်ယူသွားလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖရူဆိုမြို့ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင်ရေးကျောင်းနဲ့ နီးတဲ့ နောက်ထပ်ကျေးရွာ တစ်ရွာမှာလည်း ၂ လအတွင်း နွားပျောက် တာ ၉ ကောင်ရှိတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ Read in Full

၃၂။ ရေဖြူ၊ ကံပေါက်ဒေသက ခဲလုပ်ကွက်တွေ လူနေရပ်ကွက်အနီးထိရောက်လာ
 July 26, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ကျေးရွာတချို့မှာ လူနေရပ်ကွက်အနီးအနားနေရာတွေမှာပါ ခဲလုပ်ကွက်တွေရှိလာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကံပေါက်ကျေးရွာအုပ်စုထဲက ပြင်ကြီးရွာ၊ ပိန္နဲတောရွာ၊ ကံပေါက်ကျေးရွာအဝင် ဆင်ရပ် တံတားအနီးနဲ့ မဂ္ဂင်ရပ်ကွက်မှာရှိတဲ့ သီတဂူဓမ္မဝိဟာရကျောင်းအနောက်ဘက်မှာရှိတဲ့ ခြံတွေမှာ ခဲလုပ်ကွက်ပေါင်း ၃၀ ကျော်ရှိ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီခဲလုပ်ကွက်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ထဲမှာပေါ်လာတဲ့ ခဲလုပ်ကွက်တွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။“လူနေအိမ်နဲ့ပေလေးရာလောက်ပဲ ဝေးတယ်။ တကယ်ကို နီးနီးလေး စက်သံဆိုလည်း ညံနေတာပဲ။ နေ့ရောညပါလုပ်နေကြတာ။” လို့ အသက် ၂၆ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါ တယ်။ သီတဂူဓမ္မဝိဟာရကျောင်း အနောက်ဘက်မှာရှိတဲ့ မြေတွေမှာဆိုရင် စိုက်ခင်းတွေ၊ ပန်းခင်းတွေ၊ လယ်ကွင်းတွေရှိတာ ဖြစ်ပြီး ခဲလုပ်ကွက်တွေကြောင့်  စိုက်ခင်းတွေဟာလည်း နောက်ပိုင်းမြင်ရဖို့မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တွေအနေနဲ့လည်း စားဝတ်နေရေးခက်ခဲတာ၊ စစ်ကောင်စီစစ်ကြောင်းတွေ သွားလာနေတာကြောင့် ခြံအလုပ်တွေမလုပ်ကိုင်ရဲ တော့ဘဲ ခဲလုပ်ဖို့လာဝယ်တဲ့သူတွေဆီ ရောင်းထုတ်တာတွေ ရှိလာတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။ နှစ်ကုန်ပိုင်း လောက်မှာတော့ ခဲလုပ်ငန်းတွေဟာ တစတစနဲ့ ရုပ်လုံးပေါ်လာပြီး အခုနှစ်ထဲမှာဆိုရင် ခဲလုပ်ကွက်အားလုံးနီးပါးက နေ့ရောညပါ အားစိုက်လုပ်လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တစ်နေကုန်ပဲ ကျွန်တော်တို့အိမ်က အသံကြားနေရတဲ့လုပ်ကွက်ဆိုရင် သန်းခေါင် ၂ နာရီလောက်ကတည်းက စနေ တယ်။”လို့ ခဲလုပ်ကွက် အနီးမှာနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ခဲလုပ်ကွက်နေရာတွေပေါ်မှာ မူတည်ပြီး ဝါးဖောင်ပေါ်မှာ စက်တပ်ပြီးခဲတူးဖော်တာ၊ ဘက်ဖိုး(မြေတူးစက်)တွေနဲ့ လုပ်ကြတာလည်းရှိတယ်လို့ အဆိုပါအမျိုးသားက ပြော ပါတယ်။ ခဲလုပ်ကွက်တွေဟာ ပိုပိုပြီးများလာတာတဲ့အတွက် ချောင်းကမ်းပြိုကျတာ၊ ရေချောင်းတွေ ရေစီးရေလာမကောင်း တော့ဘဲ ရေလမ်းကြောင့်ပိတ်တာတွေဖြစ်လာတာ၊ စိုက်ပျိုးမြေတွေမရှိတော့မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသနေလူထုက ပြောပါတယ်။ စစ်အာဏာသိမ်းကာလမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကို ထည့်တွက်ပြီး တရားဝင်လုပ်ကိုင် နေတာ မဟုတ်ဘဲ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့၊ ပြည်သူ့စစ်တွေ၊ နယ်မြေခံစစ်တပ် စတဲ့ စစ်ကောင်စီ လက်အောက် ခံအဖွဲ့တွေကို လာဘ်ထိုးပြီးလုပ်ကိုင်နေတာဖြစ်တဲ့အတွက် မှောင်ခို စီးပွားရေးလုပ်ငန်းတွေသာ ဖြစ်တယ်လို့ ပတ်ဝန်းကျင်အရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။ “အခုချိန်မှာ ဥပဒေအရတိုင်တန်းတာတွေလည်းလုပ်လို့မရတော့ စောင့်ကြည့် မယ် မှတ်တမ်းတင်မယ် ဥပဒေစိုးမိုးမှုရတဲ့ချိန် နိုင်ငံရေးကောင်းတဲ့အချိန် တိုင်တန်းလို့ရတဲ့အဆင့်တွေကို လုပ်ထားရမယ်။” လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပါတယ်။ Read in Full

၃၃။ မော်လမြိုင်မှာ ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ လိုက်လံစည်းရုံးမှုတွေရှိနေ
 July 25, 2024

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ မော်လမြိုင်မြို့အပါအဝင် ဒေသတွင်းရှိ လူငယ်တွေ ကို သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ဖို့ လိုက်လံစည်းရုံးမှုတွေ လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက လူငယ်တွေကို သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်မယ်ဆိုပါက လစာကောင်းကောင်း ရရှိမှာဖြစ်သလို ယူနီဖောင်းနဲ့ လက်နက်တွေလည်း ရရှိမှာဖြစ်တယ်ဆိုပြီး စည်းရုံးမှုတွေ ပြုလုပ်နေတာပါ။ ဒါ့အပြင် သူတို့တွေ ဟာ ရပ်ရွာတွေအခြေစိုက် ပြည်သူ့စစ်ဖြစ်တာကြောင့် ဒေသတွင်းမှာပဲ နေထိုင်ရမှာဖြစ်ကာ ရှေ့တန်းထွက်၊ စစ်တိုက်ရမှာ မဟုတ် သလို လုံခြုံရေးအနေနဲ့ လှည့်ကင်း၊ ပတ်ကင်းနဲ့ ဧည့်စာရင်းစစ်ဆေးတဲ့ နေရာတွေလောက်သာ လိုက်ပါရမှာဖြစ်တယ်ဆိုပြီး စည်း ရုံးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း ကတော့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ လူငယ်တွေကို သူတို့အဖွဲ့ထဲဝင်မယ်ဆိုရင် စစ်တိုက်ရမှာမဟုတ်ဘဲ လုံခြုံရေးလှည့်ပေးရုံသက်သက်ပဲလို့ ပြောဆိုမှုဟာဗြောင်လိမ်တာဖြစ်သလို လက်ရှိစစ်သုံ့ပန်းတွေဖမ်းဆီးရမိချိန်မှာ ပြည်သူ့စစ်တွေကိုတွေ့ရှိရတယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ ဒီလက်ရှိမှာ လူငယ်တွေကို စစ်မတိုက်ရဘူး၊ ယူနီဖောင်းရမယ်၊ လက်နက်ရမယ်၊ လစာရမယ်၊ ထောက် ပံ့ကြေးတွေရမယ်ဆိုပြီးတော့ လုံခြုံရေးလှည့်ပေးရုံပဲဆိုပြီး သူတို့ပြောတာပေါ့လေ။ စည်းရုံးနေတယ်။ ဒါတွေကတော့ လူငယ် တွေကို ဗြောင်လိမ်တာပဲလေ။ တကယ်တန်းကျတော့ သင်တန်းပြီးရင် ရှေ့တန်းစစ်မြေပြင်ကို တန်းပို့တာပါပဲ။ ဆိုတော့ ဒီအကြမ်းဖက်စစ်ကောင်စီအနေနဲ့ကတော့ စစ်သားအင်အားတွေ စစ်သည်တပ်သား လျော့နည်းလာတဲ့အတွက် ဒီလူငယ်တွေကို စစ်ထဲဝင်ဖို့ တဖက်လှည့်နဲ့ စည်းရုံးတယ်။ ဒီမှာကျွန်တော်တို့ ရှေ့တန်းစစ်မြေပြင်မှာ ကျွန်တော်တို့ စစ်သုံ့ပန်းတွေ အဖမ်းခံရတဲ့ အချိန်မှာ ကျွန်တော်တို့စစ်ဆေးတွေ့ရှိချက်တွေအရ ပြောပြတာပါ” လို့ ဆိုပါတယ်။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကတော့ စစ်ကောင်စီဟာ စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်နေတာကြောင့် သူတို့ရဲ့ အာဏာစည်းစိမ်တွေ မထိပါးအောင် လူသစ်တွေကို စည်းရုံးနေတာဖြစ်သလို စစ်ကောင်စီစကားကိုယုံပြီး သူတို့အဖွဲ့ထဲဝင်ပါက အပြီးသရဏဂုံတင် သွားဖို့ ပြောဆိုလိုက်ပါတယ်။“စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ရှုံးနိမ့်နေတယ်။ စစ်သားတွေ အတုံးအရုံး သေဆုံး နေကြတယ်။ ဒီဖြစ်စဉ်ကြောင့် ဒီစစ်ကောင်စီ အထက်ပိုင်းခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာစည်း စိမ်တွေကို မကြာခင်ထိပါး လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အခုလို လူငယ်တွေရဲ့ အသက်ကို ပဓာနမထားဘဲ သူတို့ရဲ့ အာဏာအတွက် ကာကွယ်ပေးဖို့ အခုလိုဖိအားတွေ ပေးပြီးတော့ လူသစ်တွေကို စည်းရုံးနေတယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ရဲ့ အခုလို ယူနီဖောင်းပေးမယ်၊ လက်နက်ပေးမယ်၊ လုံခြုံရေးပဲလုပ်ရမယ်ဆိုတဲ့ ဒီအလိမ်အညာစကားကို သွားပြီးယုံမယ်ဆိုလို့ရှိရင်တော့အဲဒီလူဟာ စစ်ကောင်စီ တပ်ထဲဝင်သွားမယ်ဆိုလို့ရှိရင်တော့ အပြီးသရဏဂုံတင်သွားပါလို့တော့ ကျွန်တော်ဒီနေ့ပြောချင်ပါတယ်”လို့ ဆိုပါတယ်။ Read in Full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button