တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 34, May 6, 2025)

၁။  ပလက်ဝဒေသခံ ၂၀ ကျော်ကို ULA/AA က ဖမ်းဆီးထိန်းသိမ်းထားဆဲ ဟု GKO ထုတ်ပြန်
 May 5, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ထဲမှာ အာရက္ခတပ်တော် ULA/AA သည် ဒေသခံပြည်သူ ၂၀ ကျော်ကို ဆက် လက်ထိန်းသိမ်းထားဆဲဖြစ်သောကြောင့် အမြန်ဆုံး လွှတ်ပေးရန် အပါအဝင် တောင်းဆိုချက် ၅ ချက်အား ULA/ AA ကို နိုင်ငံ တကာခူမီးအဖွဲ့အစည်း – GKO က တောင်းဆိုသည်။ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ ULA/AA သည် ဒေသခံပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၃၀ ကျော်ကိုပြန်လည်လွတ်ပေးခဲ့သော်လည်း ၂၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ် ပေးရန် တောင်းဆိုကြောင်း Global Khumi Organization – GKO က မေလ ၃ရက်မှာ ထုတ်ပြန်သည်။ ၎င်းတို့ထဲမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်၊ ကျီးဝကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ဦးငြိမ်ပြေသည် CNF မှ မိတ်ဆွေများကို အိမ်တွင် ဧည့်ခံသောကြောင့် ULA/ AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၃ ရက်အထိ မိသားစုက အဆက်အသွယ် မရဘဲ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း GKO က ဆိုသည်။ ၂၀၂၄ ခုနှစ် အစောပိုင်းကာလတွင် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ဒေသခံ ခူမီးချင်းလူမျိုး အများအပြား နေအိမ်မှ စွန့်ခွာသွားရ ကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်လူမျိုးကို မီးဇာနှင့် ဥဿလင်းဝကျေးရွာကြားတွင် နေရာချထား ရာ အိမ်ခြေ ၅၀၀ ခန့် ရှိနေသည်ဟု သိရသည်။

ယင်းတို့နေရာချထားခြင်းသည် ဌာနေခူမီးချင်းလူမျိုးများကို စနစ်တကျမောင်းထုတ်ရန်ကြံစည်းခြင်းဖြင်၍ ယင်းလုပ် ရပ်ကို ပြင်းထန်စွာရှုတ်ချသည်ဟု GKO ကထုတ်ပြန်သည်။ ULA/AA အနေဖြင့်ဒေသခံပြည်သူများ၏ ကျန်းမာရေးကို အလေးထား သောအားဖြင့် ကျန်းမားရေး ဆရာ/မများကို ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ထားသည်။ ယခု နှစ် မတ်လမှ စတင်၍ ပလက်ဝဒေသမှာ လူစုလူဝေးမပြုလုပ်ရန် ပိတ်ပင်ထားပြီး ဒေသခံချင်းခရစ်ယာန်များ ဝတ်ပြုစည်း ဝေးခွင့် ဆုံးရှုံးလျက်ရှိနေကြောင်း၊ ဗုဒ္ဓဘာသာဝင်များကို ဘာသာရေး လွတ် လပ်ခွင့် ပေးသည့်နည်းတူ ခရစ်ယာန်ဘာသာဝင်များ ကို လည်း ဘာသာရေးလွတ်လပ်ခွင့်ပေးရန် တိုက်တွန်းသည်ဟု GKO က ဆိုသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပလက်ဝမြို့ နယ်၊ ဆမီးမြို့မှ အသက် ၃၅ နှစ်အရွယ် ကလေးမိခင်၁ ဦးကို ရခိုင်စကားပြော လူတစုမှ အဓမ္မပြုကျင့်ပြီး သတိမေ့လျော့သည် အထိ နှိပ်စက်ကာ ချောင်းကမ်းနံဘေးတနေရာမှာ စွန့်ပစ်ခဲ့သည်ဟု GKO က ထုတ်ပြန်ထားသည်။ ၂၀၂၃ စက်တင်ဘာလ ၈ ရက် မှာလည်း ပလက်ဝမြို့ နယ်၊ မောင်နှမကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ကုန်သည်မိသားစုဝင် ၃ ဦးသည် ကျောက်တော်မှ ပလက်ဝသို့ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး ဓါးဒဏ်ရာများနှင့် မွန်ထောင့်ကျေးရွာအနီးမှာ အလောင်းတွေ့ရှိ သည်ဟု သိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကလေးမိခင် ၁ ဦးကို ULA/ AA တပ်ဖွဲ့ဝင် ၂ ဦးက အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ၊ ယင်းဖြစ်ရပ်ကို ပြင်းထန်စွာ ရှုပ်ချ သည် GKO က ထုတ်ပြန်ထားသည်။ Read in Full

၂။ ဝိုင်းမော်မှာ နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်မှုရှိနေ
 May 6,2025
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့- ဆဒုံး-ချီဖွေ သွားလမ်းမပေါ်ရှိ လမြန်ရွာနဲ့ ဝိုင်းမော်- ဗန်းမော်သွားလမ်း ဝိုင်းမော်မြို့အထွက်နေရာမှာ မေလ ၄၊၅ ရက်နေ့မှာ အပြန်လှန်ပစ်ခတ်တာတွေရှ်ိနေပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှုရှိနေတယ်လို့ ‌ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။ “စဖြစ်တာက စစ်တပ်ဘက်က KIA ရှိတဲ့နေရာ ဘက်ကို ဒရုန်းနဲ့လက်နက်ကြီးချတာ၊ပြီးတော့အဝေးကနေ လက်နက်ကြီးနဲ့ မကြာမကြာပစ်နေတာ။ မနေ့ကဆို လမြန်နဲ့ ဒီဘက် အင်းလေးရွာဘက် လက်နက်ကြီးတော်တော်ပစ်ခံရတယ်။”လို့ ပြောပါတယ်။ ဝိုင်းမော်မြို့ရဲတစ်ခုတည်းသော အခိုင်အမာတပ် ဖြစ်တဲ့ ခလရ (၅၈) တပ်ကနေ လမြန်ရွာဘက်ကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင် ၂ ကြိမ်၊ ညနေ ၄ နာရီခွဲ ဝန်းကျင် ၃ ကြိမ်ထက်မနည်း လက်နက်ကြီးပစ်တာ၊ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ မေလ ၅ ရက် မွှန်းလွှဲ ၂ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်- ဗန်းမော်သွားလမ်းမ ခတ်ချိုရွာလမ်းခွဲအနီး တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အင်းလေးရွာအနီးတပ်စွဲနေထိုင်တဲ့ KIA ဂိတ်ရှိတဲ့ဘက်ကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်တာ ကြောင့် နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်‌‌တာ တွေရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦး ပြောပါတယ်။ ” မနေ့ က အင်းလေးနားပစ်နေကြလို့ ဂိတ်ကမဖွင့်ပေးဘူး။ခရီးသည်ကားအားလုံးရပ်ခိုင်းထားတာ။ ညနေပိုင်းမှ ဂိတ်ဖွင့်ပေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မေလ ၆ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာလည်း ဝိုင်းမော်မြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကောင်စီတပ် ရဲ့ နမ့်ပေါင်လေတပ်စခန်းကနေ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်လို့ ဝိုင်းမော်မြို့ခံတွေ ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်၊ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ဘက်ခြမ်းမှာရှိပြီး တရုတ်နယ်စပ် မြို့တွေဖြစ်တဲ့ ကံပိုက်တည်- ချီဖွေ- ပန်ဝါမြို့အဓိက ဆက်သွယ်ထားသလို၊ တစ်ဖက်မှာလည်း ဝိုင်းမော်- လိုင်ဇာ- ဗန်းမော်မြို့ ဘက်ဆက်သွယ်ထားတဲ့ မြို့ဖြစ်ပါတယ်။ မြို့ဧရိယာနည်းပြီး ကျေးလက်ဧရိယာများတဲ့ ဝိုင်းမော်မြို့နယ်ဟာ ကျေးရွာပေါင်း ၂၂၀ ဝန်းကျင်ရှိပြီး ဝိုင်းမော်မြို့အထွက် ခလရ ၅၈ ရှိရာ ခကွမ်၊ဝူယန်ကျေးရွာအထိ စစ်တပ်ကထိန်းချုပ်ထားပြီး ဝူယန်အထက် လမြန် ရွာ၊ နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင်ကနေ ကံပိုက်တည်မြို့၊ပန်ဝါမြို့ တရုတ်နယ်စပ်ထိ နေရာအားလုံးကို KIA ပူးပေါင်းတပ်ထိန်းချုပ် ထားပါတယ်။ အလားတူပဲ ဝိုင်းမော်မြို့- ဗန်းမော်သွားလမ်းရှိ မြို့တွင်းနေရာဖြစ်တဲ့ ခတ်ချိုကျေးရွာလမ်းခွဲကလွှဲပြီး နမ့်ဆန်ယန်- လိုင်ဇာ- ဗန်းမော်သွားလမ်းအားလုံး KIA ဘက်က ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် KIA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့အကြား နယ်မြေထိန်းချုပ်မှု အလွန်နီးနီးကပ်ကပ်ရှိနေတဲ့တွက် လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ခပ်စိပ်စိပ်ဖြစ်နေပါ တယ်။ ခုလိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးမှု ပိုများလာနေတယ်လို့လည်း သိရပါ တယ်။  Read in Full

၃။  KNDO ဌာနချုပ်ကို တည်နေရာဟောင်း အင်းစိန်တွင် ပြန်လည်တည်ဆောက်မည်ဟု ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြား
 May 5, 2025
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အနေဖြင့် လာမည့် ၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို တည် နေရာ ဟောင်းဖြစ်သော  ရန်ကုန်၊ အင်းစိန်တွင် ပြန်လည် တည်ဆောက်မည်ဟု  KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြား လိုက်ကြောင်း KNDO ကတရားဝင်သတင်းထုတ်ပြန်သည်။ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)သည် ကရင့်အမျိုးသား အစည်း အရုံး (KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မပေါ်ပေါက်မီ ကတည်းက တည်ရှိခဲ့ကြောင်း၊  KNDO သည် KNU ၏လက်နက်ကိုင်အဖွဲ့အဖြစ် ၁၉၄၇ နှစ်မှ ၁၉၄၉ ခုနှစ်အထိ ဂျပန်အစိုးရနှင့် လွတ်လပ်ရေးခေတ်ဦး မြန်မာအစိုးရတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြောင်း၊ KNDO ၏ ဌာနချုပ် ဟောင်းသည် ရန်ကုန်တိုင်း၊ အင်းစိန်တွင် အခြေစိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မျက်မှောက်ကာလတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက လာမည့် ၂၀၂၇ ခုနှစ်တွင် ကရင့်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO ၏ဌာနချုပ်သည် တစ်ချိန် တည်နေရာဟောင်းဖြစ်ခဲ့သော  အင်းစိန်သို့ အသစ်တဖန်ပြန်လည် တည် ဆောက်မည်ဟု KNDO တပ်မှူးများကို ညွှန်ကြားချက်ပေးထားကြောင်း သိရှိရသည်။ “KNDO စစ်ဦးစီးချုပ်ရဲ့  ထုတ်ပြန်ချက်နဲ့ ညွှန်ကြားချက်က အတည်ဖြစ်တယ်၊ မှန်ကန်တယ်ဆိုတာ KNDO ဘက်က အတည်ပြုပါတယ်” ဟု ကရင့်တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။ Read in Full

၄။  အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန် စစ်ကောင်စီနှင့်အပစ်ရပ်လက်မှတ်ထိုးထားသောတိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့တောင်းဆို
 May 6, 2025
ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အပါအဝင် အချက် ၅ ချက်ကို  စစ်ကောင်စီနှင့်အပစ်ရပ် လက် မှတ်ရေးထိုးသော ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခု(7 EAO Alliance) က ထုတ်ပြန်တောင်းဆိုသည်။ ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော 7 EAO Alliance (၄/၂၀၂၅) ဦးဆောင် အဖွဲ့ အစည်းအဝေးတွင် လက်ရှိနိုင်ငံအတွင်း ရင်ဆိုင်တွေ့ကြုံနေရသော နိုင်ငံရေးအကျပ် အတည်းကို ကျော်လွှားနိုင်ရေးအတွက် 7 EAO များက ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးအစီအစဥ်ကို ပြန်လည်ပြီး သုံးသပ်ပြင်ဆင် နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်းညွှန်သဘောထားများကို ချမှတ်ကြောင်းသိရှိရသည်။ 7 EAO Alliance ၏ ဖက်ဒရယ်ဒီ မိုကရေစီ အသွင်ကူး ပြောင်းရေးအစီအစဉ်အဆိုပြုချက်များမှာ ပဋိ ပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက်မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ သက်ဆိုင်သူ များ အကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ 7 EAO Alliance ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူများကို ဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုရန် ငြင်းဆိုကြသည်။ 7 EAO Alliance တွင်  ရှမ်း RCSS၊ မွန် (NMSP)၊ ရခိုင် ALP၊ ပအို့အဖွဲ့၊ လားဟူ (LDU)၊ ကရင် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ပါဝင်ကြောင်း သိရှိရသည်။ Read in Full

၅။ စစ်ကောင်စီပူးပေါင်းတပ် လေကြောင်းပစ်ကူနဲ့ နန့်ယားကိုကျော်ပြီး ကပ်မှော်ရွာထဲရောက်ရှိ
 May 5, 2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန့်ယား ကျေးရွာကိုကျော်ပြီး ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ ဒေသခံတွေပြောပါတယ်။ ဖေဖော်ဝါရီလ တတိယအပတ်ကနေ ဖားကန့် ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်က ဧပြီလ ၂ ရက်နေ့ နန့်ယားကျေးရွာရောက်ပြီး နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေနေကနေ မေလ ၅ ရက်နေ့မှာတော့ ကပ်မှော်ရွာထဲထိရောက်ရှိနေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံ အမျိုးသားတစ်ဦး  ခုလိုပြော ပါတယ်။ “လေယာဉ်ပစ်ကူနဲ့ကျော်လာနိုင်တာလို့ ယူဆတယ်။ မနေ့ကအထိ နန့်ယားမှာ စစ်ဆိုင်ထားတဲ့အခြေနေပါ။ နန့်ယား ဘက် မနေ့က လေယာဉ်လာပစ်တာရှိတယ်။ အဲကြောင့်ကျော်လာနိုင်တဲ့အနေထားပဲ”လို့ ပြောပါတယ်။ မေလ ၂ ရက်နေ့ နန့်ယား အထိထိုးတက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို KIA ပူးပေါင်းတပ်က နန်ယားရွာအနီး စောင့်ကြိုတိုက်ခိုက်ရာ ၂ ရက်တိတိ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်တပ်ဘက်က တိုက်ပွဲနေရာအနီးတစ်ဝိုက်လေကြောင်းပစ်ခတ်မှု အဆက်မပြတ်လုပ်ဆောင်လာခဲ့တာ လို့ ဆိုပါတယ်။ ဒါကြောင့်‌ မေလ ၅ ရက်နေ့ ဒီမနက် ၅ နာရီဝန်းကျင်မှာတော့ နန့်ယားကျော်ပြီး ကပ်မှော်ရွာထဲဝင်ရောက်လာကာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းထဲနေရာယူထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၃ ရက်စပြီး အင်းတော်ကြီးဒေသဘက်နဲ့ တနိုင်းလီဒိုလမ်းမ၊ လဝါးကျေးရွာကနေ ကားမိုင်း- ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေတာ ခုဆိုရင် နှစ်ပတ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေကို ဧပြီလ ၂၄ ရက်နေ့က‌နေ ၂၈ ရက်နေ့ထိ KIA ပူးပေါင်းတပ်က မအူပင်ရွာနဲ့ ကျောက်ထုရွာကြား ပိတ်ဆို့တိုက်ခိုက်နိုင်ပေမယ့် စစ်တပ်ရဲ့ လေကြောင်းပစ်ကူကြောင့် မအူပင်ကနေ၊နန့်ယား၊ကပ်‌မှော်အထိ ထပ်ပြီးကျော်တက်နိုင် ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဘက်က ခုလိုအင်းအားထောင်ချီအသုံးပြုပြီး ဖားကန့်ဘက်ကို ထိုးစစ်ဆင်တာဟာ အာဏာသိမ်းပြီး နောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ KIA နဲ့နီးစပ်တဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ” အာဏာသိမ်းပြီး နောက်ပိုင်း ဒီဘက်က စခန်းဝင်သိမ်းတာ၊ ထိုးစစ်ဆင်တာကများတယ်။ သူတို့ဘက်က အင်အားအများကြီးနဲ့စစ်ဆင်လာတာ ဒါပထမအကြိမ်ပြောလို့ရတယ်။ သူတို့ကလည်း ဒီနယ်မြေကို လွယ်လွယ်နဲ့လက်လွှတ်မှာမဟုတ်ဘူးလေ။”လို့ ပြောပါတယ်။ ဖားကန့်ပြည်သူတွေအကြားမှာတော့ စစ်တပ်ဘက်က ခုလိုထိုးစစ်‌ ဖော်ဆောင်လာတာဟာ ဖားကန့်မြို့နယ်ကို ပြန်ပြီးထိန်းချုပ် နိုင်ဖို့နဲ့ KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေ ပြန်ရရှိဖို့ဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ ဖားကန့်သွားလမ်းပေါ်က နန့်ယားကျေးရွာအပါ ဆိုင်းဖရာနဲ့ ကပ်မှော်ဒေသတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်ကျော်အတွင်းမှာပဲ KIA ပူးပေါင်း တပ် တွေက အပြီးသတ် သိမ်းပိုက်ပြီး KIO အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာ တစ်နှစ်ပြည့်ချိန် စစ်ကောင်စီတပ် ဘက်က အခုလို တန်ပြန် ထိုး စစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ လတ်တလော ဖားကန့်ဘက်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က အများဆုံးပါဝင်ပြီး လေကြောင်း အကူနဲ့အပြင်းထန်ထိုးစစ်ဆင်လာတာကြောင့် ဖားကန့်မြို့တွင်း တိုက်ပွဲပြင်းထန်လာမှာကို ဖားကန့်ပြည်သူများ စိုးရိမ် နေကြပါတယ်။ Read in Full

၆။တဖက်သတ်အပစ်ရပ်စဲရေးပြီးပါက တနိုင်ငံလုံးရှိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လုပ်သွားမည်ဟု TNLA ပြော
 May 5, 2025
တအာင်းတပ်မတော်(TNLA)အနေဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ ကြေညာထားသည့် တဖက်သတ်အပစ်အခတ် ရပ်စဲရေးပြီးပါက တနိုင်ငံလုံးရှိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောကြားသည်။ မေလ ၄ ရက်က ကျင်းပသည့် TNLA ၏ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲအတွင်း TNLA တာဝန်ရှိသူက တိုက်ပွဲဆက်လက်ဖော် ဆောင်ရမည့် အခြေအနေကိုပြောခြင်း ဖြစ် သည်။ “နိုင်ငံပြန်လည်ပြီးမှ ထူထောင်နိုင်ဖို့အတွက် ငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုရင် တိုက်ပွဲကတော့ ဆက်လက်ပြီးမှ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ဘယ်နေ့ ဘယ်နေရာ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောပြဖို့ခက်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ စဉ်ဆက်မပြတ်တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလောလောဆယ်က တဖက်သတ်အပစ်အခတ်ရပ် စဲရေးပြီး သွားပြီ ဆိုရင်တော့ ကျနော်တို့ ဆက် လက်ပြီးမှပဲ တနိုင်ငံလုံးမှာရှိနေတဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းသွားအောင် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဗိုလ်မှူးကြီးတားပန်လက ပြောသည်။ တရုတ်အစိုးရက ကြားဝင်ဆောင် ရွက်နေသော်လည်း မြန်မာ နိုင်ငံအရေးကို မြန်မာနိုင်ငံသားများက အဓိကဆုံးဖြတ်ကြရမည်ဟုလည်း ၎င်းက ပြောသည်။ TNLA၊ ကိုးကန့်တပ် (MNDAA)၊အာရက္ခတပ် တော်(AA)တို့သည် ငလျင်ဘေးကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာမှုကို ဧပြီ ၁လလုံး သတ်မှတ်ကြေညာခဲ့ပြီး ယခု မေလကုန်အထိ ထပ်မံသက်တမ်းတိုးကြေညာထားသည်။

တရုတ်၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့သော်လည်း TNLAက ယခု သိမ်းပိုက် ထားသည့် မြို့နယ် ၁၂မြို့ကို ပြန်လည်၍ စစ်ကောင်စီထံ ပေးအပ် ရန်မရှိကြောင်း အသိပေးထားသည်။ စစ်ကောင်စီက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များ မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီ တောင်းဆိုချက်ကို လိုက်လျောရန်မရှိ၊ ပြန်လည်ဆုတ်ခွာခြင်းမရှိဟု TNLA သတင်းပြန်ကြား ရေးဌာနတာဝန်ခံ လွေးယေဦးက သတင်းစာရှင်းလင်းပွဲ၌ ထပ်လောင်းပြောသည်။ TNLA အနေဖြင့် အဖွဲ့၏ရပ်တည် ချက်အတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း လွေးယေဦးက ပြောသည်။ ” ကျမတို့ကတော့ ကျမတို့ မျှော် မှန်းချက် ပန်းတိုင်ဖြစ်တဲ့ စောနက ကျမတို့ တွဲဖက် အထွေ ထွေအတွင်းရေးမှူး(၂) ပြောသလိုပဲ ကျမတို့ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရမှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး TNLA ဆက်လက် ဆောင်ရွက်မည့် အခြေအနေကိုလည်း လွေးယေဦးက ယခုကဲ့သို့ ပြော ကြားသည်။ ” ကျမတို့ ပါဝင်တဲ့ အခန်းကဏ္ဍ ပါဝင်နိုင်တဲ့နည်းလမ်းတွေရှာဖွေပြီးတော့မှ ဒီအာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း တဲ့အထိ ပြည်သူနဲ့အတူ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု လွေးယေဦးက ပြောသည်။ Read in Full

၇။ AA တပ်ဖွဲ့ဝင်တစ်ဦးဖမ်းဆီးထိန်းသိမ်းစဉ် ညှင်းပမ်းနှိပ်စက်မှုကြောင့်သေဆုံးဟုပြောဆိုချက်မဟုတ်မှန်ကြောင်း CNF ပြော
 May 5, 2025
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦးသည် ချင်းအမျိုးသားတပ်ဦး CNF က ဖမ်းဆီးထိန်းသိမ်းစဉ်တွင် ညှင်းပမ်းနှိပ် စက်မှုကြောင့်သေဆုံးခဲ့သည်ဟု ချင်းညီနောင်၏ စွပ်စွဲပြောဆိုချက်သည် မဟုတ်မှန်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကငြင်း ဆို လိုက်သည်။ ချင်းပြည်တောင်ပိုင်း မတူပီမြို့သိမ်းတိုက်ပွဲကာလတွင် CNF/CNA ကဖမ်းဆီးခဲ့သည့် ချင်းညီနောင်မဟာမိတ် တပ်ဖွဲ့ ဝင်ထဲက အာရက္ခတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရန်သူသဖွယ် နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ခဲ့ ကြသောကြောင့် အသက်သေဆုံးခဲ့ သောဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က မေလ ၄ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေး ဆိုခွင့်ရှိသူဆလိုင်းထက်နီကို ခိုနူမ်းသုန် သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်ရာမှာ CNF တွင် စစ်သုံ့ပန်းများကို ညှင်းပမ်းနှိပ်စက်ခွင့်မရှိ ကြောင်း၊ AA တပ်ဖွဲ့ဝင်သေဆုံးမှုမှာလည်း ကျန်းမာရေးကြောင့်သာဖြစ်သည်ဟု ဖြေကြားခဲ့သည်။“ စစ်သုံ့ပန်းထိန်းသိမ်းထားတဲ့သူတွေကို ညှင်းပမ်းနှိပ်စက်ခွင့်မရှိပါဘူး အခုသေမှုသေခင်းနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် သေသွားတာဖြစ်တယ် တိကျခိုင်လုံမှုမရှိတဲ့ မသိ တဲ့ လက်လွတ်စပယ်လုပ်ရပ် အရေးအသားမျိုးကို ရှောင်ရှားသင့်တယ် အမှန်ဆိုရင်တော့ အဲဒီရဲဘော် ဘယ်လို သေသလဲဆိုတာ အခုကျနော်တို့ လွှတ်ပေးလိုက်တဲ့ AA တပ်ဖွဲ့ဝင်နှစ်ယောက်ကိုယ်တိုင်သိကြမှာပါ ကျနော်တို့မှာလည်းသေမှုသေခင်းနဲ့ပတ်သက် လို့ ဆရာဝန်တွေရဲ့ စစ်ချက်တွေကောင်းကောင်းရှိပါတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

ချင်းညီနောင်အနေဖြင့် သူ၏ မဟာမိတ်တပ်ဖွဲ့ဖြစ်သော အာရက္ခတပ်တော် AA က ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ ချင်းပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို Global Khumi Organization (GKO) က မေလ ၃ ရက် နေ့က ထုတ်ဖော်ဖွင့်ချခဲ့ပြီးနောက် ယခုကဲ့သို့ CNF ကို ဦးတည်သော စွပ်စွဲချက်မျိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်း ထက်နီ ကပြောသည်။“ ဘယ်အဖွဲ့အစည်းမဆို ပြောဆိုရေးသားတဲ့နေရာမှာ ရှေ့နောက်ကိုကြည့်ပြီးတော့ ပြောသင့်ပါတယ် GKO က AA ရဲ့လုပ်ရပ်ကို ထုတ်ပြန်တဲ့အချိန်မှာ ချင်းညီနောင်အဖွဲ့က ကျနော်တို့ဘက်ကိုတိုက်ခိုက်ဦးတည်ပြီးတော့ လုပ်တာမျိုးကိုတော့ လုံးဝမလုပ်သင့် မလုပ်ထိုက်တဲ့ဟာပေါ့” ဟု ဆလိုင်းထက်နီကပြေသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လတုန်းက ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့သိမ်းစစ်ဆင်ရေးကာလမှာ ချင်းညီနောင်/အာရက္ခတပ်တော် AA စစ်ကြောင်း နှင့် CNF ဦးဆောင်သော ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး အပြန်အလှန်ဖမ်းဆီးမှုများရှိခဲ့သည်။ ထိုသို့ နှစ်ဖက်တပ်ဖွဲ့များ မှ ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အပြန်အလှန်လှဲ လှယ်ခဲ့ကြပြီးနောက် လွတ်မြောက် လာသောမဟာမိတ်တပ်ဖွဲ့များ၏ ပြောဆိုချက်အရဟုဆိုကာ AA တပ်ဖွဲ့ဝင်တစ်ဦးမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ်နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရကြောင်း ကြားသိရသည်ဟု ချင်းညီနောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  Read in Full

၈။ တံတားမိုင်းခွဲခံရပြီးနောက် KNUတပ်မဟာ(၁)နယ်မြေရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်
 May 5, 2025
ရန်ကုန် – မော်လမြိုင် ကားလမ်းပိုင်းရှိ မိုးကောင်းတံတား မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီက အရပ်သား ပြည်သူ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။ သထုံမြို့နယ် မိုးကောင်းကျေးရွာရှိ မိုးကောင်းတံတားသည် မေလ ၃ရက် ညသန်းခေါင် တွင် မိုင်းခွဲခံရ၍ ပျက်စီးခဲ့သည်။ မိုးကောင်းတံတား မိုးခွဲခံရပြီးနောက် နောက်ရက် မေလ ၄ ရက်  နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် KNU တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာ သထုံခရိုင်ထဲကို စစ်ကောင်စီ တပ်က  ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သည်။ ထိုသို့ မိုင်းခွဲ ခံရပြီးနောက် စစ်ကောင်စီက မေလ ၄ရက်တွင် ဘီးလင်းမြို့နယ် ရွှေရှောင်ပြကျေးရွာအုပ်စုကို စစ်ကောင်စီ၏ အမတ (၃၁၀) အမြောက်တပ်မှ လက်နက်ကြီး ၂လုံး ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချခဲ့ရာ မီးချောင်းအိုင်ရွာအနီး ရာဘာခြံနှင့် တောရကျောင်း ဥရုဝေလကျောင်းစေတီဘေး ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ ဗုံးသီးကျရောက်မှုကြောင် ဘုန်းကြီးကျောင်း ပျက်စီး ခဲ့ဟု KNU တပ်မဟာ (၁) သတင်းရင်းမြစ်ကပြောသည်။ မေလ ၄ရက်ကလည်း ညပိုင်းတွင် ခမရ(၂၀၆)တပ်ရင်း စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၍ သထုံမြို့နယ် ကော့လှိုင်းကျေးရွာအုပ်စု ကျုံမှိန်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ဟု ဆိုသည်။

ထို့အပြင် ညသန်းခေါင်တွင် ဘားအံမြို့နယ်၊ ဟတ္တလက်ကျေးရွာအုပ်စု ဖလံတောင်ရွာရှိတိုက်နယ်ဆေးရုံကို စစ်ကောင်စီ က တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံးကြဲချခဲ့ရာ ဆေးရုံအဆောက်အဦးထိမှန်ခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။ သထုံမြို့ နယ်နှင့် ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပိုင်းပေါ်ရှိ ကျုံအိတ်တံတား၊ မစောတံတားနှင့် မိုးကောင်းတံတား များသည် ပြီးခဲ့သည့်နှစ်များက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးပြီး မိုးကောင်းတံတားဗုံးခွဲတိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု သိရသည်။ မွန်ပြည်နယ်၊ သု၀ဏ္ဏ၀တီ(ကျိုက်ကော်)မြို့အနီး မော်လမြိုင်-ရန်ကုန် ကားလမ်းမကြီးပေါ်က မိုးကောင်းတံတားမှာ မေလ ၃ ရက်နေ့ ညပိုင်းအချိန်တွင် ဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခံရသောကြောင့် တံတားတစ်စင်းလုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ကုန် တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ အပါအဝင် ယာဉ်ကြီးယာဉ်ငယ်အများအပြား လမ်းပိတ်ဆို့ခဲ့သည်။ စစ်ကောင်စီက  မိုးကောင်း တံတားကို ပြင်ဆင်လိုက်ပြီးနောက် ယမန်နေ့(မေလ ၄)ရက်နေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုသည်။ အဆိုပါ တံတားဗုံးခွဲခံရသည့် နေရာအနီးတစ်၀ိုက်၌ စစ်ကောင်စီတပ်များက အင်အားအများအပြားဖြင့် လာရောက် နေရာယူ တပ်စွဲနေထိုင်နေကြောင်း ခရီးသွားများက ပြောသည်။ Read in Full

၉။ ရှစ်လကြာ ပိတ်ထားတဲ့ မန္တလေး- မြစ်ကြီးနား ဗျူဟာကားလမ်းမကြီး ပြန်ဖွင့်
 May 5, 2025
ကချင်-စစ်ကိုင်းအစပ် အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ရှစ်လကြာပိတ်ထားခဲ့ရတဲ့ မြစ်ကြီးနား -မန္တလေးဗျူဟာ လမ်း မကြီး ပြန်ဖွင့်လိုက်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတဆင့် သိရပါတယ်။ ၂၀၂၄ ခုနှစ် သြဂုတ်လ ကတည်းက ဖြတ်သန်းသွား လာခွင့် ပိတ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့မှာ ဖြတ်သန်းသွားလာခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဟုတ်တယ်ဗျ မနေ့ တုန်းက လေးရက်နေ့မှာစဖွင့်ပေးတာ။ အစစ်အဆေးကတော့လောလောဆယ်မရှိသေးဘူး။ ဒီတိုင်းပဲ ဖွင့်ထားပေးတယ်။” လို့ အင်းတော်မြို့ခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။ တော်လှန်ရေးအင်အားစုက အင်းတော်မြို့ကို ဧပြီ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တာကြောင့် ကားလမ်းပိုင်း ပြန်ဖွင့်ပေးတာ ဖြစ်ပြီး လမ်ပိုင်းအခြေအနေပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လမ်းပိုင်းအခြေနေကတော့ စိတ်ချရပါတယ်။ မြို့ထဲလေးပဲ ဖြတ်သွားတာရတာဆို တော့ ဘယ်လောက်မှ မဝေးဘူးလေ ပြီးတော့ ရှင်းလင်းရေးတွေ လုပ်ပြီးမှ ဖွင့်ပေးတာဆိုတော့ စိတ်ချရပါတယ်” လို့ ဒေသခံ တစ်ဦး အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းမကြီးပိတ်ထားချိန် ကုန်ကားနဲ့ခရီးသည်ကားတွေဟာ ယခင်သစ်မောင်ခိုကားတွေ အသုံးပြုခဲ့ကြတဲ့ အင်းတော်မြို့ပတ်လမ်းကို အသုံးပြုခဲ့ကြတာဖြစ်ပြီး မိုးရာသီကာလမှာ ခက်ခက်ခဲခဲသွားလာနေရတာ ဖြစ်ပါ တယ်။ “ကွင်းလမ်းက မိုးရာသီဆိုလမ်းအရမ်းဆိုးတယ် တချို့နေရာတွေ ဆင်နဲ့ဆွဲရတာ နှစ်ရက်သုံးရက်တောင်ကြုံတယ်။ တခါ တလေ ဒီဗျူဟာလမ်းက ပုံမှန်ဆိုတစ်ညအိပ်ပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အင်းတော်ကွင်းလမ်းအသုံးပြုချိန်မှာ လမ်း ပိုင်းဆိုးဝါးတာကြောင့် ကချင်ပြည်နယ်ဘက်မှာ အကုန်အဝင်နှေးပြီး ကုန်စျေးမြင့်တက်တာတွေလည်း ရှိခဲ့ပါတယ်။ ကချင်ပြည် နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် မန္တလေး-မြစ်ကြီးနားကား လမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့ဟာ စစ်ကောင်စီအတွက် စစ်ရေးအရ မဟာ ဗျူဟာမြောက်တဲ့နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံတဲ့ကြားကနေ KIA၊ PDF၊ ABSDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ Read in Full

၁၀။ ဒေသခံတွေ ဆန္ဒပြကန့်ကွက်မှုကြောင့် မြင်းမထိသတ္တုတူးဖော်မှု လုပ်ငန်းကို ရပ်ဆိုင်းထား
 May 6, 2025
 ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းက မြင်းမထိတောင်သတ္တုတူးဖော်မှုကို နယ်မြေ ဒေသခံတွေ ဆန္ဒပြကန့်ကွက်မှုကြောင့် လတ်တလောမှာ လုပ်ငန်းရပ်ဆိုင်းထားတာကို တွေ့ရတယ်လို့ သပိတ်ဦးဆောင်ကော် မတီဝင် ကိုအောင်ဇေယျာထွန်းက ပြောပါတယ်။“ကျနော်တို့ ဆန္ဒပြမှုမတိုင်ခင်တုန်းက သူတို့က စက်ယန္တရားကို ပြန်လည်ပြု ပြင်မွမ်းမံနေတာမျိုးတော့ ရှိတယ်။ အခုလက်ရှိကတော့ ကျနော်တို့ကွင်းဆင်း သိရှိရသလောက်ကတော့ သူတို့လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာတွေ့ရတယ်။ တချို့လုပ်သားတွေကလည်း ပြန်တဲ့သူကပြန်ပြီ ဒါပေမဲ့ ရှိနေတဲ့လူကလည်း ဆက်ရှိနေသေး တယ်”လို့ ကိုအောင်ဇေယျာထွန်းက ပြောပါတယ်။ မြင်းမထိတောင်ပေါ်မှာ မစ္စတာဝမ်ကုမ္ပဏီက ချထားတဲ့ လုပ်သားဦးရေ မည်မျှရှိသည်ကို‌တော့ မသိရှိရပါဘူး။ ဒေသခံတွေရဲ့ ဆန္ဒသဘောထားကို မရယူဘဲ မြင်းမထိ သတ္တုတူးဖော်မှုကို ဆက်တိုက် လုပ် ဆောင်နေတဲ့ မစ္စတာဝမ်ကုမ္ပဏီနဲ့ လေးပွင့်ကြယ်ကုမ္ပဏီကို မြင်းမထိနယ်မြေဒေသခံတွေက ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက် တိုက်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ပရာဒေါင်းဆွေမျိုးစု နဲ့ကြယ်လေးပွင့်ကုမ္ပဏီ တို့ တွေ့ဆုံမှု ၃ ကြိမ်အတွင်း သဘောတူ ညီချက်တစ်စုံတစ်ရာ မရလာနိုင်တာကြောင့်  သိကျိတ်ကျေးရွာအဝင်မှာ သတ္တုတူးဖော်မှုအတွက် ထပ်မံဝင်ရောက်လာတဲ့ စက် ယန္တရားတွေကို ဒေသခံတွေက တားမြစ်ထားခဲ့ပါတယ်။ အဲ့ဒီနောက် ဆန္ဒပြကန့်ကွက်မှုတွေလည်း လုပ်ဆောင်လာခဲ့တာပါ။

“ကျနော်တို့ ပြည်သူလူထုအနေနဲ့ရော လူထုကိုယ်စားပြုတဲ့ ကျနော်တို့လူငယ်တွေ၊ ကော်မတီဝင်တွေအားလုံးကတော့ ဒီလုပ်ကွက်နဲ့ပတ်သတ်ရင် အစကတည်းက ရှင်းရှင်းလင်းလင်းပြောထားတယ်။ ဒီသတ္တုတူးဖော်မှုကို လုံးဝလက်မခံနိုင် ဘူး” လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုအောင်ဇေယျာထွန်းက ဆက်ပြောပါတယ်။ ယမန်နေ့ မေလ ၅ ရက်နေ့မှာ ကယန်း ပြည်သစ်ပါတီ (KNLP)  က မြင်းမထိသတ္တုတူးဖော်မှုနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန် ထားပါတယ်။ ထုတ်ပြန်စာပါ နံပါတ် ၅ အချက်က “တရားဝင်မှုမရှိတဲ့ လူမှုအသင်းအဖွဲ့တစ်စုက  မသိနားမလည်သေးတဲ့ လူငယ် တချို့ကို လှုံ့ဆော်လှည့်ဖျားပြီး ကျေးရွာပြည်သူလူထုအပေါ် ဗိုလ်ကျရမ်းကားမှုများပြုကာ ကယန်းဒေသရဲ့ တည်ငြိမ်အေးချမ်းမှု ကိုပါ ခြိမ်းခြောက်အန္တရာယ်ပြုနေတယ်” လို့ ပြောထားပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့်လည်း ကယန်း ပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်ဦးဆောင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီက ဒေသခံတွေရဲ့ ကန့်ကွက်လှုပ်ရှားမှုကို တုံ့ပြန်လာ တာ လို့ သပိတ်ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပရာ‌ဒေါင်းဆွေမျိုးစု ကော်မတီဝင်လည်းဖြစ်တဲ့ ကိုအောင်ဇေယျာထွန်းက ကောက်ချက်ချပါတယ်။ Read in Full

၁၁။  လုံရှာယာန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ
 May 6,2025
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင် ပြီးသွား လာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား- ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအို မြို့ ကြားမှာရှိတဲ့ လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေအနေနဲ့ တစ်ဦးကို ကျပ်ငွေတစ်သိန်းဝန်းကျင် အထိဒဏ်ငွေပေးဆောင်ရတာတွေရှိနေတယ်လို့ ခရီးသည်အမျိုးသမီးတစ်ဦးပြောပါတယ်။ “မှတ်ပုံမပါရင်အရမ်းစစ်တယ်စစ်တာ မှ တစ်နာရီနှစ်နာရီလောက်ကြာတယ်။ ပြီးရင်ဒဏ်ငွေဆောင်ရတာ နှစ်သိန်းသုံးသိန်းတောင်းတယ်။ ဒါပေမယ့် အနည်းဆုံး တစ်သိန်းဝန်းကျင်ပေးရတာပေါ့”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ လုံရှာယာန်ကျေးရွာအဝင်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလနောက်ပိုင်း တကျော့ပြန်တပ်ထိုင်လာတာဖြစ်ပြီး ဒီဇင်ဘာ လမှာတော့ လူငယ်တွေကို ခရီးသွားလာခွင့် တားမြစ်တာ၊ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတာ စတင်လုပ်‌ဆောင်လာတာပါ။ အဲဒီနောက် ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစလို့ မှတ်ပုံတင်မပါရင် ဒဏ်ငွေဆောင်ခိုင်းတာစတင်လုပ်ဆောင်လာပြီး ဒဏ်ငွေ မဆောင်နိုင်သူတွေကို လှည့် ပြန်ခိုင်းတာတွေရှိတယ်လို့ နောက်ထပ်ခရီးသည်အမျိုးသားတစ်ဦး ပြောပါတယ်။

“အရင်ကတော့ စစ်တာဆေးတာမရှိဘူး အခုနောက်ပိုင်းပိုဆိုးလာတာ မှတ်ပုံတင်မရှိရင် နေခဲ့​လှည့်ပြန်ခိုင်းတယ်။ တကယ်‌တော့ ပိုက်ဆံလိုချင်လို့။”လို့ ပြောပါတယ်။ ခုလို မှတ်ပုံတင်မပါတဲ့ခရီးသည်တွေကို ငွေကောက်ခံနေတဲ့အပြင် ကုန်ကား တွေကိုလည်းအခွန်အဆမတန်ကောက်ခံတာရှိတယ်လို့ သိရပါတယ်။ “ကုန်ကားတွေဆီကားတွေဆို သိန်းကြီးငွေပေးရ တယ် လေ အဲ့​ကြောင့် ကားသမားတွေနဲ့ လုပ်ငန်းရှင်တွေက တိုင်စာပို့ပြီးတိုင်လိုက်တာ။ အခုတော့အခွန်နည်းလာပြီ”လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦး ပြောပါတယ်။ လုံရှာယန်ကျေးရွာအဝင်ဂိတ်ဟာ မနက် ၆ နာရီကနေ ​ည ၆ နာရီကြားသာ သွားလာခွင့်ပြု ထားတာကြောင့် ဒေသခံတွေလွှတ်လွှတ်လပ်လပ် သွားလာလို့မရတာ၊ ခရီးသည်ကားများ လမ်းခုလတ်မှာ ညအိပ်ရတာတွေရှိနေ တယ်လို့သိရပါတယ်။ လက်ရှိ လုံရှာယာန်ဂိတ်မှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ပူရှိပြီး ပူတာအိုမြို့ ခ.လ.ရ ၄၆ တပ်အတွက် မူလာရှီးဒီတပ်ပြီးရင်ဒုတိယအရေးပါတဲ့နေရာဖြစ်ပါတယ်။ Read in Full

၁၂။ စစ်ကောင်စီ အပစ်ခတ်ရပ်ကာလအတွင်း ကရင်နီပြည်မှာ အရပ်သား ၁၃ ဦးသေဆုံး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ
 May 6, 2025
စစ်ကောင်စီ ကြေညာထားတဲ့ အပစ်ခတ်ရပ်စဲရေး ကာလအတွင်း ရှမ်း-ကရင်နီ နယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီ ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၂၀ ကျော် ထိခိုက်ခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်(မ်) ရဲ့ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။ ကန္တာရဝတီတိုင်း ( မ် ) သတင်းဌာနရဲ့ လက်လှမ်းမီစာရင်းတွေအရ ရှမ်း-ကရင်နီနယ်စပ် က ဖယ်ခုံနဲ့ မိုးဗြဲအပါအဝင် ကရင်နီပြည်က ဘောလခဲနဲ့ မော်ချီးဒေသတွေမှာ စစ်ကောင်စီက တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာ ရသူအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး ၊ လက်နက်ကြီးထိမှန်မှုကြောင့် ၈ ဦး ရှိပါတယ်။ သေဆုံးသူထဲမှာတော့ လေ ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၁ ဦးပါဝင်ပြီး လက် နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် သေဆုံး ခဲ့သူ ၁၃ ဦးအနက် လသားအရွယ်ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသား ၈ဦး နဲ့ အမျိုးသမီး ၃ဦး ပါဝင်ကာ ကျန်တစ်ဦးကို တော့ မသိရှိရသေးပါဘူး။ အရပ်သား သေဆုံးမှု နဲ့ ထိခိုက်မှုဟာ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ လက်လှမ်းမီစာရင်းသာဖြစ်ပြီးမြေပြင်မှာ အချက်အလက် ပိုများနိုင်ပါတယ်။
“စစ်ကောင်စီက အပစ်ရပ်တယ်လို့ပြောပေမယ့် ပြည်သူအနေနဲ့က တန်းယုံလို့မရဘူး။ မယုံဖို့ပေါ့။ အပစ်ရပ်ရပ်၊ မရပ် ရပ် သူတို့အလုပ် သူတို့လုပ်နေတယ်လို့ပဲ မြင်တယ်လေ။အဲ့ ၄လပိုင်းအတွင်းလည်း ကြေညာထားတဲ့အတိုင်းမှ သူတို့မလုပ်ဆောင် နိုင်တာ။ ပြည်သူတွေကတော့ ကိုယ်မထိခိုက်ဖို့တော့ အမြဲ သတိနဲ့နေရမှာပဲ ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုကြောင့် ဧပြီလ ၂ ရက် နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ခတ်ရပ် ကြေငြာထားသလို ဧပြီလ ၂၂ ရက်နေ့ကနေ ဧပြီလကုန် အထိ သက်တမ်းတိုး ကြေငြာခဲ့ပါသေးတယ်။ စစ်ကောင်စီ အပစ်ရပ်ကြေညာထားပေမယ့် ကရင်နီပြည်က ဒီးမော့ဆိုမြို့၊ လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်သလို ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ မယ်စဲ့မြို့နယ်နဲ့ ဖရူဆိုမြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခြားသော မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှုတွေကို စစ်ကောင်စီက နေ့စဉ် နီးပါး လုပ်ဆောင်လျက် ရှိနေပါတယ်။ Read in Full

၁၃။ ပအိုဝ်းလူငယ်အကယ်ဒမီတပ်ဖွဲ့အနေနဲ့ PNLA တပ်ဖွဲ့ ရဲ့ ကွပ်ကဲမှုနဲ့ စစ်ရေးဆက်လက်ဖော်ဆောင်သွားမယ်
 May 5, 2025
ပအိုဝ်းလူငယ်အကယ်ဒမီ (PYA) တပ်ဖွဲ့ဟာ ပအိုဝ်းလူငယ် စုဖွဲ့မှုအားကောင်းလာဖို့နဲ့ ကျစ်လစ်ခိုင်မာတဲ့အဖွဲ့အစည်းရှိ လာနိုင်ဖို့အတွက် ရှေ့လျှောက်လုပ်ငန်းစဉ်တွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တပ် ဖွဲ့နဲ့ ရေရှည် ပူးပေါင်းပြီး စစ်ရေးတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ ပအိုဝ်းလူငယ်အကယ်ဒမီတပ်ဖွဲ့က တာဝန်ခံ ဗိုလ်စိန်က ပြောပါ တယ်။ ပအိုဝ်းလူငယ်အကယ်ဒမီတပ်ဖွဲ့နဲ့ (PNLO/ PNLA) တပ်ဖွဲ့တွေဟာ နဂိုကတည်းက မဟာမိတ်တပ်ဖွဲ့အနေနဲ့ ရှိခဲ့တာဖြစ် ပြီး လက်ရှိမှာတော့ ရှေ့လျှောက်လုပ်ငန်းစဉ်တွေအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ” ပအိုဝ်းလူငယ် တော်လှန်ရေးအင်အားစုက အများအားဖြင့် PNLO/PNLA ကနေ ပေါက်ဖွားလာတဲ့ လူငယ်တွေဖြစ်တာကြောင့် ရှေ့လျှောက်လုပ် ငန်းစဉ်တွေမှာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ ဘာလို့ဆို နွေဦးတော်လှန်ရေး အောက်မှာ ပေါက်ဖွားလာတဲ့ ပအိုဝ်း လူငယ်အင်အားစုတွေကပြန့်ကြဲနေတဲ့အလျောက် ပိုပြီးတော့စုဖွဲ့မှုအားကောင်းလာအောင်၊ ကျစ်လစ်ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီဆိုတာနဲ့ ကျွန်တော်တို့နွေဦးတော်လှန်ရေးက မျှော်မှန်းထားတဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့လည်းဖြစ်တယ်”လို့ သူက ပြောပါတယ်။

ပအိုဝ်းလူငယ်အကယ်ဒမီတပ်ဖွဲ့ဟာ PNLO/PNLA အဖွဲ့နဲ့မပူးပေါင်းခင် ပင်လောင်းဘက်မှာ အဓိက စစ်ရေးဖော်ဆောင် နေတာရှိပြီး လက်ရှိမှာ PNLO/PNLA ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့အတွက် သူတို့ရဲ့ လမ်းညွှန်မှုနဲ့ ပင်လောင်းမြို့နယ်ကို စစ်ဒေသ အနေနဲ့ ပြန်လည်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ အဆိုပါ ပအိုဝ်းလူငယ် အကယ်ဒမီတပ်ဖွဲ့ဟာ စစ်ရေး၊ နိုင်ငံ ရေးနဲ့ လူငယ်တွေ စည်းလုံးမှုရှိဖို့အတွက် အဓိကလေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ ပအိုဝ်း လူငယ်အကယ်ဒမီတပ်ဖွဲ့ (PYA) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ လူငယ်ဦးရေ ၂၀ နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်မှာတော့ တော်လှန် ရေးအရှိန်အဟုန် အား‌ကောင်းစေဖို့နဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှု ပိုမိုအားကောင်း စေဖို့ အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့နဲ့ ဝင်ရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ 

၁၄။  ကျောက်ဖြူတိုက်ပွဲ ပြင်းထန်နေ
 May 6, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ က လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် အသည်းအသန် ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရ သည်။  ယမန်နေ့ မေလ ၅ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဇင်ချောင်းနှင့် မင်းတက်ချိန်ကျေးတို့ ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့သည်။“နေ့ခင်း ၃ နာရီ လောက်မှာ ဇင်ချောင်းရွာကို ဗုံးချတယ်။ ပြီးတော့သိပ်မကြာဘူး၊ မင်းတက်ချိန်ရွာကိုပါထပ်ချတယ်။ ဇင်ချောင်းရွာမှာက ဓာတ်ဆီ ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရသွားတယ်။ မင်းတက်ချွိန်မှာလည်း အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးက ဒဏ်ရာ ရသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးဒဏ်ရာရရှိသူများနှင့် ပတ်သက်၍ အချက်အလက်အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီနှင့် AA တို့သည် မလကျွန်း၊ မင်းတပ်တောင်နှင့် စည်မော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ မေလ ၆ ရက် နံနက်ပိုင်းထိ နှစ်ဖက်တိုက်ပွဲ အကြိတ်အနယ် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့က (မေလ ၅ ရက်) ဆိုရင် လေယာဉ်နဲ့ တစ်နေကုန်ဗုံးကြဲတယ်။ ညဖက်ရောက်ပြန်တော့လည်း‌ စစ်သေင်္ဘာ တွေက ပစ်တာ မီးတွေပါ မြင်ရတယ်။ ဒီမနက်လည်း ကုလာဘာနဲ့ သိုင်းချောင်းရွာဘက်ကို လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့အသံ ကြား ရတယ်။ အခုလည်း လေယာဉ်က ဝဲနေသလို စစ်သင်္ဘောတွေကလည်း ပစ်သံတွေကြားနေရတယ်” ဟု မြေပြင်အခြေအနေ သိရှိ သူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ကျောက်ဖြူ မကျရှုံးရေးအတွက် သာလွန်အင်အားဖြင့် ကာကင်း စခန်းများ အထပ်ထပ်ချထားမှုနှင့်အတူ ရေကြောင်း၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများရယူပြီး ထိုးစစ်ဆင်မှုများ မကြာ ခဏ ရှိနေသည်။“စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာမျိုး လုပ်ပေမယ့် အကျအရှုံးနဲ့ ပြန်ဆုတ်သွားတာ ခဏခဏပါပဲ။ သူတို့ ထိုးစစ်ဆင်တဲ့ အချိန်တွေဆို ဟိုရွာကိုလှမ်းပစ်၊ ဒီရွာကိုလှမ်းပစ်နဲ့ လေကြောင်းရော၊ ရေကြောင်းကရော လက်နက်မျိုးစုံ အဆ မတန် အသုံးပြုနေတာကြောင့် တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောနိုင်ပေမယ့် AA ဘက်ကတော့ ဗျူဟာအရ လိုအပ်မှပဲ တိုက်ပွဲ အရှိန်ကို မြှင့်တဲ့သဘောပါ” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတို့ဖြင့် အရပ်သားနေထိုင်ရာမြို့/ရွာများကိုပါ ဦးတည်တိုက်ခိုက်နေ၍ ထိခိုက်သေဆုံးမှုတိုးလာနေသလို့ ဒေသခံ ၄ သောင်းမှာလည်း ဘေးလွတ်ရာတိမ်း ရှောင်နေကြရသည်။ Read in Full

၁၅။ တော်လှန်ရေး ၄ နှစ်တာမှာ CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံး
 May 5, 2025
လောက်တူလူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေးအတွက် စစ်အဏာရှင်ကို လက် နက်ကိုင် တော်လှန်ရေးဆောင်ရွက်နေသော ၄ နှစ်တာကာလတွင် CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးသည်ဟု သိရသည်။ တော်လှန်ရေးခရီးရှည် ၄ နှစ်တာတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် CDF – Lautu မှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ယနေ့ မေလ ၄ ရက်မှာ ကျရောက်သည့် ၄ နှစ်ပြည့် နှစ်ပတ်လည်တွင် CDF – Lautu က ထုတ်ပြန်သည်။ တော်လှန်ရေးတွင် ပြည်သူသာ အဓိက၊ ပြည်သူသည်သာ အဆုံး အဖြတ်ဖြစ်၍ တော်လှန်ရေး အောင်နိုင်ရေးသည် ပြည်သူ့ လက်ဝယ်တွင် ရှိသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူအားလုံး လူအင်အားဖြင့်ဖြစ်စေ၊ ငွေကြေးအားဖြင့်ဖြစ်စေ မိမိတတ်နိုင်သော အခန်းကဏ္ဍမှစည်းလုံးညီညွတ်စွာ တော်လှန်တိုက်ပွဲဝင်သွား ရန် CDF – Lautu က တိုက်တွန်းသည်။

CDF – Lautu သည် လောက်တူလူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေး၊ ပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေး စသည့် ရည်းမှန်းချက်ဖြင့် တော်လှန်တိုက်ပွဲဝင်နေသည်ဟု သိရသည်။ ချင်းပြည်သူများ၊ လောက်တူပြည်သူများနှင့် စွန့်လွှတ်အနစ်နာခံ တော်လှန်တိုက်ပွဲဝင်ကြသော ရဲဘော်ရဲဘက်များ အားလုံး ကောင်းကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင့် CDF – Lautu က နှစ်ပတ်နေ့တွင် ဆုတောင်းဆန္ဒပြုထားသည်။ စစ်အာဏာရှင်စနစ် ချုပ် ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF – Lautu က ထုတ်ပြန် သည်။ Read in Full

၁၆။ KNA ခေါင်းဆောင် စောချစ်သူ နဲ့ သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
 May 5, 2025
အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ကရင်အမျိုးသား တပ်မတော် KNA ကို နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူလိုက်သလို အဖွဲ့ခေါင်းဆောင် စောချစ်သူ နဲ့ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူး နဲ့ စောချစ်ချစ်တို့ကိုလည်း ပိတ်ဆို့မှုချမှတ်လိုက်ပါတယ်။ အခုလိုအရေးယူရတာဟာ အမေရိ ကန်နိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခြင်း၊ လူကုန်ကူးမှု နဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေကြောင့်လို့ ဆိုပါ တယ်။ KNA ထိန်းချုပ်ရာ ဒေသဟာ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိပြီး၊ အဲဒီဒေသတွေမှာ အွန်လိုင်းကလိမ်လည်တဲ့ အဖွဲ့အစည်း အများအပြား ရှိနေပါတယ်။ ဒါ့အပြင် KNA ဟာ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကနေလည်း အကျိုးအမြတ်တွေ ရရှိနေ တယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ လွန်ခဲ့ တဲ့ ၃ နှစ်အတွင်း ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ” KNA ပါဝင်လုပ်ကိုင်နေ တဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေဟာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေအတွက် ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ရရှိစေပြီး၊ လိမ်လည်ခံရတဲ့ ပြည်သူတွေကတော့ သူတို့ရဲ့ ခက်ခက်ခဲခဲ ရရှိထားငွေတွေ ဆုံးရှုံးခဲ့ ရတယ်” လို့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Michael Faulkender က ပြောပါတယ်။ ဒီရာဇဝတ်မှုတွေနဲ့ အကျိုးအမြတ်ရရှိနေသူတွေ ကို အရေးယူရေးနဲ့ ဒီလုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။ Read in Full

၁၇။ TNLA ထိန်းချုပ် ကျောက်မဲမြို့ကို စစ်ကောင်စီ တိုက်လေယာဉ် လေကြောင်းဗုံးကြဲ
 May 5, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ (မေလ ၅ ရက်) နံနက် ၁၁ နာရီကျော်အချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ် ထားသည့် ကျောက်မဲမြို့အနီးသို့ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ၅ မိနစ်ခြားပြီး ၂ ကြိမ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။“၁၁ နာရီ ၁၅ မိနစ်မှာ စကြဲတာ၊ မြို့ပြင်ဘက်ပဲ။ နောက် ၅ မိနစ်လောက်ခြားပြီး နောက် တစ်လုံး ထပ်ချတယ်။ တောင်နောက်ဘက် ငြိမ်းချမ်းရေးကုန်းဘက်လို့လည်း ပြောနေတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ မေလဆန်းပိုင်းမှ စတင်ပြီး ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီ တပ်မှ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်များကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ်များ ပျက်စီးပြီး အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ငလျင်ဒဏ်ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နိုင်ရန် ညီနောင်မဟာမိတ်များ ဘက်မှ မေလ (၁) ရက်မှ (၃၁) ရက်နေ့အထိ တစ်လတာ ထပ်မံအပစ်ရပ်ထားခြင်းကြောင့် TNLA အနေဖြင့် ထိုးစစ်ဆင် တိုက် ခိုက်ခြင်း လုပ်မှာမဟုတ်သလို မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ယမန် နေ့တွင် ပြုလုပ်ခဲ့သည့် TNLA သတင်းစာရှင်းလင်းပွဲ၌ လွေးယေဦးက ပြောကြားခဲ့သည်။ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့ ကူမင်းမြို့၌ တွေ့ဆုံခဲ့စဉ် စစ်ကောင်စီ ကိုယ်စားလှယ်များဘက်မှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသည့် ဒေသများကို လက် လွတ်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ တပ်ဆုတ်ခွာပေးရန် တောင်းဆိုမှုကို TNLA ဘက်မှ သဘောမတူနိုင်ခဲ့ကြောင်း မေလ (၁) ရက် တွင် ထုတ်ပြန်ထားသည်။ Read in Full

၁၈။ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန် 
May 6, 2025
ရခိုင်ဝါရင့်နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဦးဦးလှစောဟာ မေ ၅ ရက် ည ၁၁ နာရီခန့်က လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဦးဦးလှစောဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး လည်ချောင်းကင်ဆာကို ဆေးကုသမှု ခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာလို့ ဦးဦးလှစောရဲ့ တပည့်တယောက်က ပြောပါတယ်။“ဆရာကြီးဆုံးတာ ဟုတ်ပါတယ်။ မနေ့က ည ၁၁ နာရီ ၂၀ မိနစ်မှာ ဆုံးတာပါ။ ဆရာကြီးက လည် ချောင်း ကင်ဆာကို ဆေးကုသမှု ခံယူနေစဉ်မှာ ဆုံးပါးသွားတာ။” ဦးဦးလှစောဟာ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံအမတ်အဖြစ် ရွေးမြောက်ခံခဲ့ရသူတယောက် ဖြစ်သလို မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။ ဦးဦးလှစောဟာ ၂၀၁၀ ပြည့်နှစ် ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ ALD ပါတီတို့ကို ၂၀၁၃ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတယောက် ဖြစ်ပါတယ်။ အဲဒီနောက် ANP ပါတီမှာ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုနိုင်ငံရေးဌာနမှာ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက သူ့ရဲ့ လူမှုကွန် ရက် စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။“ကျောင်းသားဘဝကနေ နောက်ဆုံးဘဝသက်တမ်းကုန်ဆုံးတဲ့အချိန်ထိ စစ်မှန်တဲ့ နိုင်ငံရေးသမားတယောက်အဖြစ် ရပ်တည်သွားခဲ့တဲ့ ဆရာ့ကို အထူးလေးစားဂုဏ်ယူပါတယ်ဆရာ။ ဆရာ့ရဲ့သမိုင်းက ကျနော်တို့ ရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့မပျောက် စွဲထင်ကျန်ရစ်မှာ ဖြစ်ပါတယ်။” ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်တသ ဖြစ်ရကြောင်း ရခိုင်နိုင်ငံရေးအသိုင်းအဝန်းနဲ့ ရခိုင်တော်လှန်ရေး အသိုင်းအဝန်းတို့ကြားမှာ ရေးသားနေကြပါတယ်။ ဦးဦးလှစော ဟာ လူငယ်ဘဝတုန်းကကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်လှုပ်ရှားခဲ့တာကြောင့် စစ်အစိုးရတွေက ၁၉၇၅ ခုနှစ် မှာ ထောင်ဒဏ် ၉ နှစ်၊ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်လည်း ဖြစ်ပါတယ်။ ဦးဦးလှစောဟာ မောင်ခိုင်အောင်၊ မောင်ခိုင်အောင်(စစ်တွေ) ကလောင်အမည်နဲ့လည်း ကဗျာ တွေ၊ အက်ဆေးတွေ၊ သီချင်းတွေကိုလည်း ရေးသားခဲ့သူတယောက် ဖြစ်ပါတယ်။ Read in Full

၁၉။ တွန်းဇံမြို့နယ်မှာ အမျိုးသမီးငယ်ကို ခြိမ်းခြောက်ကာအဓမ္မခေါ်ဆောင် သွားတဲ့ CDF-Tonzang တပ်ဖွဲ့ဝင်ကိုဖမ်းဆီး
 May 5, 2025
မေလ ၂ ရက်နေ့ မနက်မှ တွန်းဇံမြို့နယ် တုန်းတွောင်ရွာရှိ ၁၃ နှစ် အရွယ် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ် တစ်ဦးကို CDF-Tonzang တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မ ခေါ်ဆောင်သွားခဲ့ရာ CDF-Tonzang တပ်ဖွဲ့မှ ယင်းနေ့မှာပင် အဆိုပါ တပ်သားကို ဖမ်းဆီး ထိန်းသိမ်းသွားတယ်လို့ တွန်းဇံ ဒေသခံများထံမှ သိရှိရပါတယ်။“ကျူးလွန်သူက CDF-Tonzang တပ်ဖွဲ့ဝင်၊ လုံတပ်ရွာသားတစ်ဦးဖြစ်တယ်။ မနက် ၄ နာရီခွဲ လောက်နေ မြို့ထဲကိုထွက်ပြီး အိမ်တွေကို လိုက် ခေါက်တယ်။ အမျိုးသမီး ရှိလားဆိုပြီး မေးတယ်။ မြို့နဲ့ ကပ်ရက် ဖြစ်တဲ့ တုန်းတွောင်ရွာကို ရောက်တော့ မိန်းကလေးရဲ့ အမေက ဘုရားကျောင်းမှာ ဆုသွားတောင်းတာ။ တံခါးကိုစေ့ထားပြီး သော့ခတ်မထားတော့အိမ်ထဲဝင်ပြီး မိန်းကလေးကို သေနတ်နဲ့ ခြိမ်း ခြောက်ပြီး တီးတိန်ဘက်ကိုဆိုင်ကယ်နဲ့ခေါ်ဆောင်သွားတယ်။ အမှုဖြစ်တော့ လင်းအားကြီးနေပြီ”လို့ ခရီးသွား တွန်းဇံမြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့ပါတယ်။ အမှု ဖြစ်ဖြစ်ချင်း မိသားစုဝင်များက CDF-Tonzang စစ်ဦးစီးချုပ် ပူးထန်ဆွင်းမုန်ကို အကြောင်း ကြားခဲ့ကြကြောင်း၊ CDF-Tonzang မှ အဆိုပါ တပ်သားရဲ့ နောက်ကိုလိုက်ခဲ့ရာ ဗျဲလ်းကျင်းကျေးရွာ မရောက်ခင် ပြန်မှီပြီး ဖမ်းဆီးရမိကြောင်း၊ လက်ရှိမှာ ၎င်းကို တွန်းဇံမြို့ ရဲစခန်းမှာ ထိန်းသိမ်း ထားကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။

“ပူးထန်ဆွင်းမုန် က နစ်နာသူ မိသားစုဆန္ဒရှိတဲ့အတိုင်း စီရင်မယ်လို့ ပြောတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ တွန်းဇံမြို့ ပတ်ဝန်းကျင်က CC ထိန်းချုပ်ထားတဲ့နယ်မြေပါ။ နစ်နာသူတွေရဲ့ ဆန္ဒအတိုင်းဆိုတာက နစ်နာသူ မိသားစုကို ထောင်ချောက် ဆင်သလို ဖြစ်နေပါတယ်။ နစ်နာနေတဲ့ ကလေးက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ အမျိုးသမီးလည်း ဖြစ်တယ်။ အမှုက ရာဇဝတ်မှုထဲမှာ ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ CC ရဲ့ လက်ရှိ ကျင့်သုံးတဲ့ ဥပဒေအတိုင်း စီရင်သင့်တယ်” လို့ ဖြစ်စဉ် နောက်ဆက်တွဲနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ တွန်းဇံမြို့သူ အမျိုးသမီးတစ်ဦးက သုံးသပ် ပြောပြပါတယ်။ တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်မှာ CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီလက်မှ သိမ်းပိုက်နိုင်ခဲ့ပြီး နောက် တွန်းဇံမြို့ကို လက်ရှိမှာ  CDF-Tonzang က စီမံအုပ်ချုပ်လျက်ရှိပါတယ်။ 

၂၀။ အရပ်ဘက်မှာ တာဝန်ထမ်းဆောင်ရန်သွားသည့် ရခိုင်လူငယ် ၇ ဦးကို AA က စစ်ထဲသို့ ပို့ဆောင်
 May 5, 2025
အာရက္ခတပ်တော် AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ လက်အောက်အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများ တွင်တာဝန်ထမ်းဆောင်ရန်သွားသည့် မြောက်ဦးမြို့နယ်ကလူငယ် ၇ ဦး AA စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရသည်။ အရပ်ဘက် အုပ်ချုပ်ရေး ဌာနဆိုင်ရာများအတွက် အာရက္ခပြည်သူ့အစိုးရအဖွဲ့မှ ရခိုင်လူငယ်များကို ခေါ်ယူပြီး ASPPA ဟု ခေါ်သည့် Arakan school of Public policy and Administration သင်တန်းကျောင်းဖွင့်လှစ်ကာ အုပ်ချုပ်ရေးသင်တန်းများ ပေးအပ်လျက်ရှိသည်။ ထိုအုပ်ချုပ်ရေး သင်တန်းကျောင်းတွင် ရခိုင်ပြည်အနှံ့က တက္ကသိုလ်ဝင်တန်းတက်ရောက်ကြမည့် လူငယ်များနှင့် တက္ကသိုလ် ကျောင်းသားအများစု တက်ရောက်သင်ကြားနေကြသော AA က ဖွင့်လှစ်ထားသည့် ပြည်သူ့ အုပ်ချုပ်ရေးသင်တန်းကျောင်း လည်းဖြစ်သည်။ ရခိုင်ပြည်၏ တော် လှန်ရေးနှင့် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင် အရပ်ဘက်အုပ်ချုပ်ရေး၌ ပူးပေါင်း ပါဝင်လိုသော ASPPA ကျောင်း တက်ရောက်နေသည့် မြောက်ဦးမြို့နယ် တောင်ပိုင်းဘက်ရှိ ကျေးရွာများမှ လူငယ် ၇ ဦးမှာ စစ်သင်တန်းသို့ ပို့ဆောင်ခံရကြောင်း ဖြစ်စဉ်သိသူတစ်ဦးက ပြောသည်။ “မြောက်ဦး တောင်ပိုင်းအရပ်က ရွာနှစ်ရွာက လူငယ် ၇ ဦးပေါ့။ လုံခြုံရေးအရ ရွာနာမည်တွေ မပြောတော့ဘူး။ ရခိုင်ပြည်ရဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ASPPA ကျောင်းတက်ဖို့၊ စာမေးပွဲဖြေဖို့ သွားတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလူငယ်တွေက စစ်တိုက်ဖို့သွားတာ မဟုတ်ဘူး။ အရပ်ဘက် အုပ်ချုပ် ရေးတွေမှာပဲ ပူးပေါင်းပါဝင်ချင်တာ။ ဒါမေပယ့် AA က စစ်သင်တန်း တက်ဖို့ ခေါ်သွားတယ်။ ဒါက လူငယ်တွေရဲ့ ရည်မှန်းချက်နဲ့ တော်လှန်ရေး စိတ်ဓာတ်ကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ အခု ဒီလူငယ်တွေက မြောက်ဦးမြို့နယ်မှာပဲ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေရဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံရသည့် အဆိုပါ လူငယ် ၇ ဦး၏ အမည်၊ အသက်၊ နေရပ်ဇာတိနှင့် လက်ရှိ တာဝန်ထမ်း ဆောင်နေသည့် နေရာများကို Western News သိရှိထားပြီး ၎င်းတို့ လုံခြုံရေးအခြေအနေကြောင့် ဖော်ပြနိုင်ခြင်း မရှိပေ။  အဆိုပါလူငယ်များ စစ်သင်တန်းကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရခြင်းနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ အား ဆက်သွယ်နေဆဲ ဖြစ်သည်။ ထောင်နှင့်ချီသော ရခိုင်လူငယ်များသည် အာရက္ခပြည်သူ့အစိုးရအဖွဲ့မှ ရခိုင် ပြည်အတွက် ပုံဖော်နေသောအနာဂတ်တိုင်းပြည်တွင် ပူးပေါင်းဝင်နိုင်ရန် စစ်ဘက်ရေးရာမဟုတ်သော အရပ်ဘက်အုပ်ချုပ်ရေး ကို စိတ်ဝင်စား၍ ပြည်သူ့အုပ်ချုပ်ရေး သင်တန်းကျောင်းကို တက်ရောက်နေကြသည်။ “အက်စပါကျောင်း ASPPA က အာရက္ခ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အနာ ဂတ် ခေါင်းဆောင်တွေအဖြစ် မွေးထုတ်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးဆိုင် ရာအရာရှိ သင်တန်းကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာအတန်းပညာရှိကြတဲ့ တက္ကသိုလ်ဝင်တန်းအဆင့်၊တက္ကသိုလ်တက်ရောက်နေကြ တဲ့ လူငယ်တွေနဲ့ တက္ကသိုလ်ပြီးထားတဲ့ သူတွေ အဓိက Join ကြတာပါ။ လွတ်လပ်တဲ့ ရခိုင်ပြည်တည်ဆောက်တဲ့ အခါမှာ စစ်ဘက် မှာ မပါဝင်နိုင်ကြပေမယ့် အရပ်ဘက်အုပ်ချုပ်ရေးတွေမှာ ပူးပေါင်းပါဝင်လိုတဲ့ လူငယ်တွေဟာ အာရက္ခပြည်သူ့ အစိုးရ အဖွဲ့နဲ့ ပူးပေါင်းကြတာဖြစ်ပါတယ် ” ဟု ASPPA နှင့် နီးစပ်သည့် လူငယ်အသိုင်းအဝိုင်းက ပြောသည်။ 

၂၁။ ဖာပွန်ခရိုင် တစ်လတာတိုက်ပွဲများအတွင်း ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်သား ၃၉ ဦး သေဆုံးဟုဆို
 May 5, 2025
ကေအဲန်ယူ၊ ဖာပွန်ခရိုင် (မူတြော်) ၌ တစ်လတာတိုက်ပွဲများအတွင်း ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်သား ၃၉ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။ ဖာပွန်ခရိုင်၌ ဧပြီလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာငါးနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြီး၊ ငယ် ၁၃၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၅၅ ဦးလည်း ဒဏ်ရာရရှိကာ အဆောက် အအုံကိုးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက (မေ ငါးရက်) သတင်း ထုတ်ပြန်သည်။“ဖာပွန်ခရိုင်နဲ့ ပတ် သက်ပြီး ပြောစရာတော့ သိပ်မရှိပါဘူး။ တိုက်တာတော့ တိုက်နေတယ်။ ဒါပေမဲ့၊ မဟာဗျူဟာမြောက် သိမ်းပိုက်နိုင်မှုကတော့ ရေရေရာရာမရှိသေးဘူး ပေါ့။ ကျတော်တို့ ဘက်မှာတော့ နိုင်ငံတော်အဆင့်လို့စစ်ကောင်စီပြောတဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်မကျော်နိုင်ရုံ တင်မကဘူး၊ ကောင်းကောင်းချေမှုန်းခံနေရတာ KNLA ပူးပေါင်းတပ်ရဲ့ အောင်ပွဲလို့ ပြောရပါမယ်။ ပြီးတော့၊ ညောင်လေးပင် ခရိုင်မှာလည်း KNLA နဲ့ PDF ဒီနှစ်ထဲမှာ မြန်မြန်ရွေ့လာနိုင်တာ တွေ့ရတယ်” ဟု ကေအဲန်ယူ၊တပ်မဟာခြောက်နယ်မြေ အတွင်း ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဧပြီလအတွင်း စစ်တပ်က ဖာပွန်ခရိုင်၌ပြည်သူများနေထိုင်ရာ ကျေးရွာများသို့လက်နက်ကြီးဖြင့်ခုနှစ်ကြိမ်နှင့်တိုက်လေ ယာဉ်နှင့်ဗုံး ၁၄ လုံးကြဲချခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်၏ လေ ကြောင်း နှင့် လက်နက်ကြီးပစ်ခတ်မှုတို့ ကြောင့် အရပ်သားပြည်သူတို့၏ လုပ်ကိုင်စားသောက်ရာနေရာများလည်း ထိခိုက်ပျက်စီးခဲ့ ရပြီး စိုးရိမ်ထိတ်လန့်မှု များစွာဖြင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။ Read in Full

 
၂၂။ လွိုင်ကော်မြို့မှာ အမျိုးသမီး ၂ ဦး မိုင်းနင်းမိ၊ တစ်ဦးမှာ ဘယ်ခြေတစ်ဖက်ဆုံးရှုံးခဲ့ရ
 May 6, 2025
ကရင်နီပြည် လွိုင်ကော်မြို့ပေါ်က နောင်ယား(ခ)ရပ်ကွက်မှာ အမျိုးသမီး ၂ ဦးမိုင်းနင်းမိခဲ့ရာထိခိုက်မှုများတဲ့ အမျိုး သမီး တစ်ဦးကတော့ ဘယ်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ ယမန်နေ့ မေလ ၅ ရက်နေ့ မှာ လုပ်ငန်းခွင်အတွင်း ထမင်းစားနားပြီးချိန်မှာ နင်းမိခဲ့တာဖြစ်တယ်လို့ ကူညီဆောင်ရွက်ခဲ့သူတစ်ဦးက ပြောပါတယ်။“သူတို့ က အလုပ်လုပ်နေတာပေါ့နော်။ အလုပ်လုပ်နေရင်း နေ့လည် ထမင်းစားနား ပြီး ပြန်ဆင်းလာတဲ့အခါမှာ နင်းမိတာလို့ ပြောတယ်။ ခြံကွင်းထဲမှာပေါ့နော်။တစ်ယောက်ကတော့ ဘယ်ခြေထောက် ပြတ်သွားတာပေါ့။ နောက်တစ်ယောက်ကတော့ မျက်လုံးထိ တယ်။ သွေးထွက်သံယို မတွေ့ရဘူးပေါ့။” လို့ သူက ပြောပါတယ်။ အဆိုပါ ထိခိုက်ခဲ့သူ ၂ဦးကတော့ အသက်၃၀ ဝန်းကျင်အရွယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နေ ဒေါ်ချစ်ထွေး နဲ့ ဒေါ်စန်းစန်းနွယ်တို့ဖြစ်ပြီး နောင်ယား(ခ) ရပ်ကွက်မှာ အလုပ်လာလုပ်ရင်း ကနေ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်ခြေဆုံးရှုံးခဲ့သူမှာတော့ ဒေါ်ချစ်ထွေးဖြစ်ပြီး ဒေါ်စန်းစန်းနွယ်ကတော့ မျက်လုံး ထိခိုက်သွားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ မြို့နေ လူထုတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားဖူးတဲ့ မြို့ပေါ်ရပ်ကွက်အတွင်း သွားလာဖို့လိုအပ်ပါကသတိထားပြီးသွားလာကြဖို့ အခုလိုတိုက်တွန်းထားပါတယ်။

“ရပ်ကွက်ထဲမှာတော့ ရှိဦးမှာပဲလေ။ ဒါပေမဲ့ လူတွေရဲ့ စားဝတ်နေရေးကလည်း အဓိကကျတော့ အလုပ်ခေါ်ရင် အလုပ်သွားရတာရှိတော့ သတိဝိရိယနဲ့တော့ သွားလာကြပေါ့။ အဲ့ဒါလေးပဲ ပြောလို့ရမှာလေးနော်။”လို့ ကူညီဆောင်ရွက်သူ တစ်ဦးက ဆက်ပြောပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ စစ်ဘေးရှောင်ပြီး နေအိမ်ကို ပြန်လာနေထိုင်သူတွေ၊ နေအိမ်သန့်ရှင်းရေး ပြန်လုပ်ကြတဲ့ ပြည်သူတွေဟာ မကြာခဏ မိုင်းနင်းမိကြတာရှိပါတယ်။ ပြန်လာနေထိုင်ပြီး စားဝတ်နေရေး ဖြေရှင်းဖို့ အလုပ်လုပ် ရင်းနဲ့လည်း မိုင်းနင်းမိကြတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။ ကန္တာရဝတီတိုင်း(မ်) ရဲ့ ပြုစုထားတဲ့ စာရင်း အရ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း ကရင်နီပြည်မှာ မြေမြုပ်မိုင်း ကြောင့် ထိခိုက်သူအရပ်သား ၈ ဦးရှိပြီး အဲ့ဒီထဲက ၂ ဦး သေဆုံး ခဲ့ပါတယ်။ R

၂၃။  ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး တံတားပျက်စီး၊ စစ်ကောင်စီကရထားများဖြင့်လက်နက်များပို့ဆောင်
 May 6, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး တံတားတစ်စင်းပျက်စီးသွား ကြောင်း စစ်ကောင်စီသတင်းရင်းမြစ်နှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ မေလ ၆ ရက်နေ့ နံနက် အစောပိုင်း ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား မိုင်းခွဲခံရ ပြီး တံတား တစ်စင်းပါ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။ ” ယနေ့ (၆.၅.၂၀၂၅) နေ့ ​မော်လမြိုင်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီး မှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် ၂ ခု ကို ယာယီဖျက် သိမ်းထားပြီး ဝယ်ယူထားပြီးသော ရထားလက်မှတ်ခ များကို မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံတွင် ပြန်အမ်းပေးနေပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်” ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာ့ မီးရထားက ကြေညာထားသည်။

တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲသည့် သတင်းသိရှိထားပြီး မည် သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသော်လည်း ရန်ကုန်-မော်လမြိုင် ရထားလမ်းမှတစ်ဆင့် ရထားများဖြင့် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ရတခ နယ်မြေများသို့ စစ်ကူများနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်လေ့ရှိကြောင်း သိရှိရ သည်။ “ရထားနဲ့ စစ်ကူတွေပို့တာ၊ လက်နက်ခဲယမ်းတွေပို့တာတော့ မကြာခဏရှိနေတယ်။ ရထားလမ်း မိုင်းခွဲတာတော့ ဘယ်သူတွေ လုပ်လဲတော့မသိရဘူး။ ရထားလမ်းက စစ်ရေးအတွက် သုံးနေတာ၊ကုန်ရထားလိုလိုနဲ့ ရတခကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ မကြာခဏပို့နေတာရှိတယ်”ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဆို သည်။ မေလ ၃ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာ၊ မိုးကောင်းစေတီအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမ၊ မိုးကောင်းတံတားကို မိုင်းခွဲမှုဖြစ်ပွားခဲ့ပြီး တံတားမှာ လုံး၀ ပြိုကျပျက်စီးသွားခဲ့သည်။ Read in Full

၂၄။ ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးလာသည့် တပ်ပျက်များကို မြို့တော် စစ်တွေတွင် ပြန်လည်စုဆောင်းထား
 May 6, 2025
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ လက်နက်ကြီးတိုက်ပွဲ ဆင်နွှဲနေချိန် တွင် စစ်ကောင်စီက တပ်ပျက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်တွေတွင် စုဆောင်းအင်အားဖြည့်နေကြောင်းသိရသည်။ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ သံတွဲနှင့်မောင်တော မြို့နယ်များမှ တပ်ပျက်လာသည့် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များကို  စစ်တွေတွင်စုထားပြီး ခံစစ်ဆင်ခိုင်းထားကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။ ထို့အပြင် စစ်ကောင်စီက လေကြောင်းနှင့်ရေကြောင်းအသုံးပြုပြီး တပ်ရင်းအချို့မှထုတ်နှုတ်အင်အားအချို့နှင့်လက်နက်ခဲယမ်းများကို စစ်တွေသို့ပို့ဆောင် ထားကြောင်းသိရသည်။ “၂၀၂၀ ထဲက စစ်တွေမြို့သိမ်းတိုက်ပွဲစမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး စစ်တွေကို ခံစစ်အခိုင်အမာ ပြင်တယ်။ နေရာအနေအထားအရ ခံစစ်ဆင်ရင် သာတဲ့မြို့ပေါ့။ အခုဆို တပ်ပျက်လာသမျှ စစ်တွေထဲစုထားတယ်။ ဘယ်လိုပြင် ပြင် AA က တိုက်မယ်ဆို စစ်တွေကကျမှာပါ။ စိတ်ဓာတ်အင်အား အရမ်းကွာသွားပါပြီ” ဟု စစ်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံ၊ကံပြင်ရွာသစ်၊ကံပြင်ရွာဟောင်း၊ ဇော်မဒက်၊ကံကော်ကျွန်း၊ တောကန်၊ ရာတန်၊ ငတောက်တက်၊  သိန်းတန် စသည့်ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီက ကျေးရွာအတွင်းက​နေ  ဖယ် ရှားခိုင်းပြီးနောက်  နေအိမ်များကို မီးရှို့ဖျက်စီး​ခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြသည်။ စစ်ကောင်စီသည် ဒေသခံ များ ကို ဖယ်ရှားပြီးနောက် အဆိုပါကျေးရွာများတွင် ကာကင်းစခန်းများအပြင် ဘန်ကာများပါဆောက်လုပ်၍ ခံစစ်ပြင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့ကလည်း စစ်တွေရှိ ရေချမ်းပြင်၊ အုန်းရေဖော်၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲ ပိုက်ဆိပ်ကြီး၊ ကြွီတဲကျေးရွာ၊ အောင်ဒိုင်၊ကျက်တောပြင်၊ ပလ္လင်ပြင်၊ ပျားလယ်ချောင်းရွာဟောင်း/ရွာသစ်၊ သင်ပုန်းတန်း၊ မောင်နီ ပြင် စသည့်ကျေးရွာ ၁၂ ရွာမှ ဒေသခံများကို ကျေးရွာများအတွင်းမှ မောင်းထုတ်ပြီး ကာကင်းစခန်းများ ပြုလုပ်ခဲ့သည်။ လက်ရှိ တွင် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တိုက်ပွဲများရှိနေပြီး စစ်ကောင်စီ ကာကင်းအချို့ကို AA က သိမ်းပိုက်၍  ရဲတပ်ရင်း အနီးထိ ထိုးစစ်ဆင်နေကြောင်း သိရသည်။ Read in Full

၂၅။ ရေဖြူ စိန်ဘုံရွာအဝင်တွင် ကားတစ်စီး ပစ်ခတ်ခံရကာ PDF  ရဲဘော် ၁ ဦး အပါအဝင် အရပ်သား ၃ ဦးသေဆုံး
 May 6, 2025
တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ နတ်ကြီးစင်အုပ်စု၊ စိန်ဘုံကျေးရွာ အဝင်မှာ ရိက္ခာကားတစ်စီး ပစ်ခတ်ခံရပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အရပ်သား သုံး ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။ PDF ရဲဘော်နှင့် ရွာ သားနှစ်ဦးသည် နှစ်ဖက်စစ်ရေးတင်းမာနေသော နတ်ကြီးစင်အုပ်စု၊ စိန်ဘုံရွာအဝင်တွင်ပြီးခဲ့သည့် မေ ၁ ရက်မွန်းလွဲ ၁ နာရီခန့် က တပ်ဖွဲ့အတွက် လိုအပ်သည့် ရိက္ခာများဝယ်ယူကာ ကားဖြင့်ပြန်လာစဉ် စစ်ကောင်စီတပ်၏ ကင်းပုန်းနှင့်တိုးကာ ဖမ်းဆီးသတ် ဖြတ်ခြင်းကို ခံခဲ့ရကြောင်းသိရသည်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ် ဖြတ်ခြင်းကိုခံခဲ့ရသူများသည်  ပြည်သူ့ကာကွယ်ရေးတပ် မတော် ၊ဒေါနတပ်ခွဲ – ၄ မှ ရဲဘော်တစ်ဦးအပါအဝင် အရပ် သားများဖြစ်ကြသည့် ဘုရားသုံးဆူရွာသား ဦးလှမြင့် နှင့် ကိုလင်းထက် တို့ ဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင် အားစုများထံမှ သိရသည်။ “ဖြစ်တာက မွန်းလွဲ ၁ နာရီ လောက်မှာပါ။ တပ်ဖွဲ့ အတွက် ရိက္ခာတွေဝယ်ပြီး ပြန်လာတဲ့အချိန် စိန်ဘုံရွာအဝင်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့တိုးပြီး အလစ်ပစ်ခတ်ခံ လိုက်ရတာ ပါ။ သတင်းပေးကလည်း အတိအကျပေးထားလို့အခုလိုဖြစ်သွားတာပါ။ ကားတစ်စီးနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းသွားတယ်” ဟုဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် သုံးဦးအနက် ဘုရားသုံးဆူရွာသား ဦးလှမြင့်၏ အလောင်းကို သာ ပြန်လည်ရရှိခဲ့ပြီး နောက် မေလ ၂ ရက်နေ့ မှာ သင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံရွာသားများက ဆိုသည်။ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ ဒေါနတပ်ခွဲ -၄ မှ PDF ရဲဘော်တစ်ဦး၏ ရုပ်အလောင်းနှင့် ဒေသခံရွာသား ကိုလင်းထက် တို့၏ ရုပ် အလောင်း ကို ၅ ရက် မြောက်သည့်နေ့အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း ဒေါနစစ် ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးထံမှ သိရသည်။ ယင်းအပြင် မေလ ၁ ရက် နေ့က ကံပေါက်ဒေသခံ ဇာတိဖြစ်ပြီး နတ်ကြီးစင်ရွာတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦး ကိုလည်း စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ “ဖမ်းဆီးခံရတဲ့ အမျိုးသမီးကိုမောရဝတီ ရေတပ်မှာ စစ်ဆေးနေတယ်။ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်တယ်ဆိုပြီးစွတ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်”ဟု ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ဆက်လက်ပြောကြားသည်။ Read in Full

၂၆။ ဖားကန့်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သတ်ခံရဟုဆို
 May 6, 2025
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ဓားဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။ ကျောက်ရှာသူ အချင်းချင်း စကားများရန်ဖြစ်ရာမှလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရတနာအဓိပတိကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ ကျောက်ရှာ သည့် ဝန်ထမ်းဖြစ်သည်ဟု ကောင်ဆန်ကျေးရွာနေ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။ “ကျင်းထဲမှာကျောက်ရှာ နေရင်း စကားများကြတာလို့ပြောတယ်။ အသတ်ခံလိုက်ရတာတောင် ကုမ္ပဏီကမသိဘူးပြောတယ်။ အလောင်းကိုသူတို့ နဘေး ဆိုဒ်မှာတွေ့တော့မှ သိကြတာတဲ့။ အဲ့ဆိုဒ်က မြေပြိုလို့စက်သမားတွေသေထားတာမှ မကြာသေးဘူး” ဟုပြောသည်။ သေဆုံး သူမှာ အသက် (၂၃) နှစ်ခန့်အရွယ်ရှိ ကိုချစ်ဆိုသူဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ညာဘက်ပုခုံး ထိုးသွင်းဒဏ်ရာနှင့် ကျောကုန်း တွင် ဓားစိုက်နေသည့် ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သူများမှာ လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဘဇံချောက်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ်အအမျိုးသားတစ်ဦးက ပြောသည်။ “ဓားနဲ့ နေရာအစုံကို ထိုးထားသလိုပဲ။ လုပ်ကွက်ဝန်းထဲ တွေ့တာဆို တော့ အပြင်လူပေးမဝင်ဘူး။ အုပ်စုဖွဲ့ပြီးသတ်သွားတာ ဖြစ်ဖို့များတယ်။ ကုမ္ပဏီက သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်း ကြားထားပြီပြောတယ်။ လူသတ်ကောင်တွေကို မမိသေးဘူး” ဟုပြောသည်။ ဖားကန့်မြို့နယ်တွင် လူသတ်မှု၊ ရိုက်နက်နှိပ်စက်ခံ ထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေမှုနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်သာယာ (၂) ရပ်ကွက်ရှိ မြေစာပုံလောင်း ကစားဈေးဆိုင်တန်းတွင် အမျိုးသားတစ်ဦး ခြောက်ကောင်ဂျင်ခုံတွင် ကြိုးဆွဲနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ Read in Full

၂၇။ သံတောင်-တောင်ငူလမ်းကို သွားခွင့်ပေးလိုက်သည့် ကြေညာချက်အတုထွက်ပေါ်မှုကေအဲန်ယူစုံစမ်းနေ
 May 5, 2025
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)တောင်ငူခရိုင်ထိန်းချုပ်နယ်မြေရှိ သံတောင်-တောင်ငူလမ်း အား ပြန်လည်သွားခွင့်ပေးလိုက်ပြီဖြစ်ကြောင်း မေလ(၄)ရက်စွဲဖြင့် ထွက်ပေါ်လာသည့် ကြေညာချက်အတုအပေါ် စုံစမ်းစစ်ဆေး လျက်ရှိသည်ဟု ကေအဲန်ယူတပ်မဟာ(၂)ဘက်က ပြောသည်။ ပြည်သူလူထု၏တောင်းဆိုချက်အရ တပ်မဟာ(၂)၊ တပ်ရင်း(၅) နယ်မြေရှိ မော်တော်ယာဥ်များအား တော်ငူမြို့သို့ သွားလာ၍ရပြီဖြစ်ကြောင်း တပ်ရင်း (၅)ဌာနချုပ် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် ဟုဖော်ပြလက်မှတ်ရေးထိုးထားသည့် အဆိုပါကြေညာ ချက်မှာ ယမန်နေ့မှစ၍ လူမှုကွန်ရက်စာမျက်နှာ ၌ ပျံ့နှံ့လာခြင်းဖြစ်သည်။ တပ်မဟာ(၂)၊ ကေအဲန်ယူအနေဖြင့် အဆို ပါ ကြေညာချက်ထွက်ပေါ်လာသည့်အပေါ် စုံစမ်းစစ်ဆေး နေပြီး တောင်ငူ-သံတောင်လမ်းပြန်ဖွင့်ပြီဆိုပါကလည်း ထုတ်ပြန်အသိပေးသွားမည်ဟု တောင်ငူခရိုင် ကေအဲန်ယူ၏အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တပ်ရင်း (၅)ဘက်ကို မေးပြီးပြီ သူတို့အဲဒီစာမထုတ်ဘူးလို့ ပြောတယ်။ နာမည်ဖျက်ချင်လို့ အဲ့လိုတွေထွက်လာတာလို့ထင်ပါတယ်။ ကေအဲန်ယူဘက်ကလည်း ဒီကိစ္စကိုလိုက်စုံစမ်းနေပါတယ်။ ဖော်ထုတ်ဖို့လည်းလိုက်လံ မေးမြန်းနေပါတယ်။ လမ်းပြန်ဖွင့်ပြီဆိုတာနဲ့ တပ်မဟာ(၂)ဘက်က စာပြန်ထုတ်မှာပါ” ဟု ခရိုင်အုပ်ချုပ်ရေးအပိုင်း၌ တာဝန်ရှိသူ က ပြောသည်။

ကေအဲန်ယူ တောင်ငူခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်ဝါးကလည်း လမ်းပြန်ဖွင့်သည့် ကြေညာချက်မှာအတု ဖြစ် ကြောင်း ကေအိုင်စီ၏ ထပ်ဆင့်အတည်ပြုချက်အပေါ် တုံ့ပြန်ဖြေကြားသည်။ နယ်မြေတွင်းလုံခြုံရေးအခြေအနေများကြောင့် ကေအဲန်ယူတပ်မဟာ(၂)ဘက်က ပြီးခဲ့သည့် မေလ(၁)ရက် နေ့မှစပြီး အဆိုပါ‌ သံတောင်-တောင်ငူလမ်းအား မော်တော်ယာဥ်များ အတက်အဆင်းပြုလုပ်ခွင့် ပိတ်ထား ခြင်းဖြစ်သည်။ လမ်းပြန်ဖွင့်သည့် ထိုကြေညာချက်အတုထွက်ပေါ်လာပြီးနောက် မေလ (၄)ရက်နှင့်(၅)ရက်နေ့ နှစ်ရက်လုံး တောင်ငူသို့သွားမည့်မော်တော်ယာဥ်များ လိပ်သိုတွင် စုပြုံနေကြပြီး သွားခွင့်မရဖြစ်နေ သည် ဟု သိရသည်။“အထက်ဘက်ကဆင်းလာပြီး လိပ်သိုနားမှာလာပြုံနေတာ။ မနေ့ကနဲ့ဒီနေ့ပေါ့ နှစ်ရက်လုံးပဲ။ တံတားနားမှာတင် ဆယ်စီးလောက်ရှိမယ်။ သွားလို့တော့မရဘူး” ဟု လိပ်သိုနယ်ခံ အမျိုးသားတစ်ဦးက ပြောသည်။ Read in Full

၂၈။စစ်ရေးစွမ်းရည်ပြည့်ဝတဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော်တစ်ရပ်တည်ဆောက်နိုင်ပြီလို့ NUG ဝန်ကြီးချုပ်ပြော
 May 5, 2025
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ လေးနှစ်အတွင်းမှာ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်ပြည့်မီတဲ့ တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်လာနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေလ ၅ ရက်မှာ ပြောကြားပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မေလ ၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာကြောင့် ဒီနေ့ မေလ ၄ ရက်မှာ PDF တပ်မတော် တည်ထောင်ခြင်း လေ’နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဟာ လေးနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ခြုံငုံပြီး စစ်ဆင် ရေးနယ်မြေတွေကို ဖွဲ့စည်းဆောင်ရွက်ထားနိုင်ပြီးဖြစ်သလို စနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေတာကိုလည်း တွေ့ရ တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလာတာပါ။

ပြည်သူတွေကို ထောက်ခံအားပေးမှုနဲ့အတူ PDF တပ်ဖွဲ့ဟာ မဟာမိတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီး အင်အားတောင့်တင်းတဲ့ စစ်ကောင်စီစစ်တပ်ကို ဖိအားပေးတိုက်ခိုက်နိုင်ခဲ့ပြီး အောင်ပွဲတွေရရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် PDF ရဲဘော် တွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ၊ စွန့်လွှတ်ပေးဆပ်မှုတွေ၊ ရောင့်ရဲတင်းတိမ်နိုင်မှုတွေ၊ အနစ်နာခံမှုတွေဟာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းမှတ်တမ်းတွေပဲဖြစ်တယ်လို့လည်း ပြောပါတယ်။ စစ်တပ်အာဏာ သိမ်းပြီး လေးနှစ်ကျော်ကာလ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေအပါအဝင် မဟာမိတ် တပ်ဖွဲ့ တွေက စစ်ကောင်စီတပ်စခန်းနဲ့ အခြေစိုက်တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် နိုင်ငံတစ်ဝန်း မြို့ပေါင်း ၉၅ မြို့ အထိကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီ အတွက် အရေးပါတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) တို့ကိုလည်း တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ခဲ့ပါတယ်။ 

၂၉။ ငလျင်ဒဏ်သင့် အင်းလေးတွင် ကုန်စျေးနှုန်းမြင့်တက်ပြီး ပြန်လည်ထူထောင်ရေး အခက်ကြုံ
 May 6, 2025
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကို ကြုံတွေ့ ခဲ့ရပြီး နေအိမ်တွေ ယိုင်လဲ ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံပြည်သူတွေလည်း သေဆုံးခဲ့ရပါတယ်။ အင်းလေးဒေသမှာ သစ်၊ ဝါး၊ အမိုး အကာနဲ့ တခြားအိမ်ဆောက်ပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် ဒေသခံတွေဟာ ငလျင်ဒဏ်ခံရပြီး တလကျော်အထိ နေအိမ် တွေ ပြန်လည်တည့်မတ်ဖို့နဲ့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ရှေ့ဝကြီးရွာခံတ ယောက် က “အခုက ငလျင်ဘေးမှာ သစ်စျေး ဝါးစျေး အမိုးအကာစျေးက အရင်ကနဲ့ မတူတော့ဘူး။ စျေးတွေ အရမ်းတက်လာတာ၊ အရင် ကဆို သစ်တတန်ကို ၁၇ သိန်း၊ ခုက ၂၅ သိန်း၊ ဝါးက အရင်က ၇,၀၀၀ ခုက ၁၅,၀၀၀၊ ထရံကာက အရင်က ၁၀,၀၀၀ ဆို ခုက ၁၅,၀၀၀၊ လက်သမားကလည်း ခေါ်လို့ အဆင်မပြေတော့ဘူး။ တအင်းလုံးအတိုင်းအတာနဲ့ ပျက်တာဆိုတော့ လက်သမားတွေက ခေါ်လို့ အဆင်မပြေတဲ့အတွက် ပြီးသင့်သလောက် မပြီးတော့ဘူး။ ခု မိုးရာသီရောက်တော့မှာဆိုတော့ လက်သမားအခက်အခဲ လည်း ရှိတယ်၊ ကုန်စျေးနှုန်းကလည်း တအားတက်တော့ ဒီမှာ အင်းထဲမှာ လူတွေက ဘယ်လိုပြောမလဲ အဆင်မပြေကြဘူးပေါ့” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ခဲ့ပြီး တနေ့ထက်တနေ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ငလျင်ဒဏ်ခံရတဲ့ အင်းလေးဒေသ က ဟဲယာ၊ ရေလယ်၊ ကြာတော၊ သလဲဦး၊ ဇရပ်ကြီး၊ ရှေ့ဝကြီး၊ မြောင်းဝကြီး၊ စိတ္တ၊ အင်းပေါခုံနဲ့ တခြားကျေးရွာတွေမှာ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဟဲယာရွာ ဒေသခံတယောက်က “ပြိုလဲနေ မြုပ်နေတဲ့အိမ်တွေက ဒီတိုင်းပဲ၊ လူအင်အားလည်း မရှိဘူး၊ ပစ္စည်းထားဖို့ ရေပေါ်ရွာလည်းဖြစ်နေတယ်။ စျေးတွေက တနေ့ထက်တနေ့ တဆပြီးတဆ တက်တက် လာတယ်။ ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူလိုက်ရင် စျေးနှုန်းတွေက တအားထိုးတက်သွားတယ်။ အချိန်မယူဘဲ လုပ်မယ်ဆိုတော့လည်း အဆင်မပြေပြန်ဘူး။အခက်အခဲတွေက အဲ့လိုမျိုး ဖြစ်နေကြတယ်” လို့ ပြောပါတယ်။ မကြာခင်မှာလည်း မိုးရာသီရောက်တော့မှာဖြစ်လို့ မိုးမလုံတဲ့ဒဏ်တွေ၊ သောက်သုံးရေ ရှားပါးတဲ့ဒဏ်တွေ၊ ကျန်းမာရေးထိခိုက်မှုတွေ၊ ကုန်စျေးနှုန်း ထပ်မံမြင့်တက်လာမှုတွေ ကြုံတွေ့မှာကို စိုးရိမ်နေကြရပါတယ်။ Read in Full

၃၀။ ကျောက်ဖြူတွင် ကျေးရွာ ၃၀ ကျော် ရေရှားပါးမှု ကြုံနေရ
 May 5, 2025
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၃၀ ကျော် သောက်သုံးရေ မလုံလောက်မှု နှင့် ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း သိရသည်။ မင်းပြင်၊ ရေနံတောင်၊ ဝါးနက်ချွိန်၊ ပြားကျွိန်၊ စပါးထား၊ ဂန့်ဂေါ၊ င/လုံးစု၊ မညှင်းချောင်း၊ မြိုချောင်းကျွန်းနှင့် မရဇိုင်းကျွန်း စသည့် ကျေးရွာ ၃၀ ကျော်တို့တွင် သောက်သုံးရေ ရှားပါးမှုပြဿနာကို ကြုံတွေနေရခြင်း ဖြစ်သည်။“အရင်ကဆို ရေရှားပါးမှုကို ကျေးရွာတချို့လောက်ပဲ ကြုံရတာ။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ကျေးရွာတိုင်းလိုလို ရေအခက်အခဲ ကြုံနေရတာ။ ကျမတို့ရွာက ရေကန်တွေဆိုရင် ပုံမှန် ဇွန်လအထိ ခံပေမယ့် အခုကတည်းက ရှိတဲ့ရေတွေ နောက်ကျိနေပြီ” ဟု မင်းပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ ရေကို ချွေတာသုံးစွဲနေရသဖြင့် တကိုယ် ရည်သန့်ရှင်းရေးနှင့် နေ့စဉ်ရေချိုးရန် အဆင်မပြေမှုများအပြင်၊ ကျွဲ၊ နွား များကိုလည်း အကန့်အသတ်ဖြင့်သာ ရေတိုက်ကျွေး နေရကြောင်းလည်း ၎င်းအမျိုးသမီးက ဆက်ပြော သည်။ ထို့အတူ ယင်းကျေးရွာများတွင် လာရောက်နေထိုင်သော စစ်ဘေးရှောင် များမှာလည်း သောက်သုံးရေ အခက် အခဲကြောင့် ပြည်လည်နေရာရွှေ့ပြောင်းသွားမှုများ ရှိနေကြောင်း သိရသည်။“အစက စပါးထားရွာဘက်မှာ စစ်ရှောင်နေတာ။ အဲဒီမှာက ရေခပ်ရတာက ဝေးတဲ့အပြင် ရေကန်တိမ်ပြီးတော့ ရွှံ့ရေလိုဖြစ်သွားပြီ။ အဲဒါ ကို သုံးနေရတာမို့ ဝါးနက်ချိန်ရွာဘက်ကို ပြောင်းလာတာ။ ဒီရွာမှာလည်း မကြာခင် ရေခမ်းသွားမယ့် အနေအထားရှိတယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦး ကပြောသည်။

လက်ရှိ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသော ကျေးရွာအချို့တွင် ရေကိုအကန့်အသတ်ဖြင့် ခပ်ယူကြရန်နှင့် ရေချွေတာသုံးရန် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။“ရွာမှာက စစ်ဘေးရှောင်တွေလည်း ရောက် လာတော့ ပုံမှန်ထက် ရေသုံးစွဲမှုက ပိုများသွားတယ်။ ပြီးတော့ တစ်နှစ်ထက်တစ်နှစ် အပူချိန်တိုးလာမှုကြောင့် ရေကန်တွေက ခမ်းခြောက်မှုမြန်လာတယ်။ နောက်တစ်ခုကရေသိုလှောင်ကန်တွေ မလုံလောက်တာကြောင့်လည်း ရေရှားပါးမှုကိုကြုံနေရတာ လို့ ပြောချင်တယ်” ဟု မြို့ချောင်းကျွန်းမှ အမျိုးသားတစ်ဦးက ပြောသည်။ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၅၀ ကျော်ရှိ ပြီး တစ်ချို့ကျေးရွာများတွင် အဝီစိတွင်းများရှိသော်လည်း ကျေးရွာအများစုမှာ မြေသားကန်များတူး၍ မိုးရေကို သိုလှောင်သုံးစွဲ ကြရသည်။ သောက်သုံးရေ အခက်အခဲဖြစ်သော ကျေးရွာအများစုမှာ ရေလှောင်ကန်များ နည်းပါးမှုကြောင့် ဖြစ်ပြီး နှစ်စဉ်နှစ် တိုင်း စက်လှေနှင့် မော်တော်ကားများဖြင့် ရေအရင်းအမြစ်ရှိရာသို့ သွားခပ်ယူရကြောင်း ပြောဆိုကြသည်။ 

၃၁။  ရခိုင်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများလာလို့ ရောင်းချသူတွေကို ရှာဖွေဖမ်းဆီးဖို့လိုအပ်နေ
 May 5, 2025

ရခိုင်ပြည်မှာ စစ်ကောင်စီထိန်းချုပ်နယ်မြေမှာသာမက အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာပါ မူးယစ်ဆေး ဝါးတွေကို ပိုမိုတွင်ကျယ်စွာအသုံးပြုလာတဲ့အတွက် ရောင်းချသူတွေကို ရှာဖွေဖမ်းဆီးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ ကျောက်ဖြူနနဲ့ မာန်အောင်စတဲ့ မြို့သုံးမြို့ထဲက စစ်တွေမှာ မူးယစ်ဆေးသုံးစွဲသူများပြား ပြီး ကျောက်ဖြူနဲ့ မာန်အောင်တို့မှာလည်း အနည်းငယ်သုံးစွဲသူတွေရှိတယ်လို့ သိရပါတယ်။  အလားတူ လက်ရှိမှာ AA ထိန်းချုပ် ထားတဲ့ မြို့နယ်အများအပြားမှာပါ မူးယစ်ဆေးဝါးကို တွင်ကျယ်စွာအသုံးပြုလာတာကို မျက်မြင်ကိုယ်တွေ့ မြင်လာရတယ်လို့ မြောက်ဦးဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“မူးယစ်ဆေးက စစ်ကောင်စီလက်ထက်ကလည်းသုံးစွဲတာပဲ။ အခု AA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလည်း ပေါ်ပေါ် ထင်ထင် လူသွားလူလာလမ်းတချို့မှာ သုံးစွဲတာကို တွေ့လာရတယ်။ လူငယ်တော်တော်များများဆေးစွဲနေကြပြီ။ အနည်းနဲ့ အများပဲကွာပါတယ်။ လုံးဝမသုံးတဲ့သူတွေရှိရင်တောင် မိတ်ဆွေသူငယ်ချင်း‌တွေကြောင့် သုံးစွဲကြမှာကို စိုးရိမ်မိတယ်”လို့ ပြောပါ တယ်။ မြောက်ဦးက လူသူအရောက်အပေါက်နည်းတဲ့ ဘုရားပုထိုးစေတီ​တွေမှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၃၂။  လားရှိုးတွင် အန္တရာယ်ကင်းပရိတ်ရွတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများစတင်
 May 6, 2025
တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နေသည့် စစ်ကောင်စီက မေလ ၄ ရက်တွင် မြို့လုံးကျွတ် ကမ္မဝါ စာနှင့် အန္တရာယ်ကင်းပရိတ် မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လားရှိုး မြို့ကို ပြန်လည်စီမံခန့်ခွဲမည့် စစ်ကောင်စီ၏ အရပ်ဖက် တာဝန်ရှိသူများအဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးတို့က တာဝန်ယူလျက်ရှိ ကြောင်း၊ မေလ ၄ ရက်တွင် မန်ဆူကျောင်းဆရာတော်ဦးဆောင်ကာ မြို့အတွင်း လှည့်လည်ပရိတ်ရွတ်ခဲ့ကြောင်း၊ ထွေအုပ်ရုံးများ မှ လားရှိုးမြို့ပေါ်ရှိ စစ်ဘေးဒဏ်သင့် အဆောက်အဦများစာရင်း လိုက်လံကောက်ယူနေကြောင်း သိရသည်။ လက်ရှိတွင် တကျော့ပြန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏တိုင်းမှူးမှာ ဗသက ၉၄ ဆင်း ဗိုလ်မှူးချုပ်အေးမင်းဦးဖြစ်ပြီး မေလ ၄ ရက် ည ၉ နာရီခန့်တွင် MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစ်စီး တိုင်းစစ်ဌာနချုပ်ထဲမှ စတင်လှုပ်ရှား ပျံသန်းခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ ယခင် ရမခစစ်တိုင်းလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့  ၂၁ ခု ရှိခဲ့ရာ ထပရ – ၆၂၆ အပါအဝင် တပ်အချို့ မိသားစုဝင်များပါ ပြန်လည်ရောက်ရှိ နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။ လားရှိုးခရိုင်ရဲရုံးလည်း အမှုများ မေလ ၄ ရက်မှ စကာ လက်ခံဆောင်ရွက်နေကြောင်း သိရသည်။

            “မြို့တော်ခန်းမရှေ့တော့ ယာဥ်ထိန်းတွေလမ်းရှင်းနေပြီ။ စည်ပင်တွေလည်းအမှိုက်ရှင်းနေတာတွေ့တယ်။ လောလော ဆယ်တော့ ၂ တပ်လုံး မြို့ပြင် မြို့ထွက် ဝါးနှစ်ပြန်လောက်မှာ ရှိနေကြတယ်” ဟု အငှားယာဥ်မောင်တစ်ဦးက ပြောသည်။ လားရှိုး မြို့သူ၊ မြို့သားများ အမှန်တကယ်လိုအပ်နေသည့် လျှပ်စစ်မီးအပြည့်အဝ ပြန်လည်ရရှိရေး၊ စက်သုံးဆီစျေးနှုန်း ကျဆင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိရေး၊ လုံခြုံစိတ်ချသော လူနေမှုဘဝ ပြန်လည်ရရှိရေး၊ အခြေခံကုန်စျေးနှုန်းများ ကျဆင်းရေးတို့ကို ယခု ပြန်လည်ထိန်းချုပ်လာသည့် စစ်ကောင်စီမှ ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်နေကြကြောင်း လားရှိုး ရပ်ကွက် ၉ နေသူတစ်ဦးက ပြောသည်။“ပြည်သူလူထု ဆိုတာ ကိုယ့်လိုလားချက်၊ ကိုယ့်လိုအပ်ချက်တွေကို အမြန်ဆုံးနဲ့ အမှန် ကန်ဆုံး ဖြည့်ဆည်းပေးနိုင်မယ့် အုပ်ချုပ်သူတွေကိုပဲ လိုလားကြိုဆို လက်ခံကြမှာပဲ။ ဟိုလူလာပြီး အုပ်ချုပ်ပါ၊ ဒီလူလာပြီး အုပ်ချုပ်ပါ၊ ဒီလူကို မကြိုက်ဘူး၊ ဟိုလူကိုပဲ ကြိုက်တယ်လို့လည်း ရွေးချယ်ပိုင်ခွင့် မရှိတာမို့ ရှိတဲ့လူ၊ လာတဲ့လူတွေရဲ့ လုပ်ဆောင် နိုင်မှုကိုပဲ အကဲဖြတ်ပြီး အကောင်းဆုံးကို မျှော်ရတာပါပဲ” ဟု ၎င်းက ပြောသည်။ Read in Full

၃၃။  KIO နှင့် PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီးဖြစ်ကြောင်း TNLA ပြော
 May 5, 2025
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တို့အကြား အကြိုတွေ့ဆုံမှုလုပ် ဆောင်ပြီးကြောင်း မေလ ၄ ရက်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။ “ကြိုတင်ပြင်ဆင်မှု အစည်းအဝေးဆောင်ရွက်ပြီးပါ ပြီ။ အခုကတော့ နေရာသတ်မှတ်နိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ နေရာသတ်မှတ်ပြီးပြီဆိုရင် မကြာမှီကာလအတွင်းမှာ တွေ့ဆုံပြီးမှ ကချင်လူမျိုးနဲ့ တအာင်းလူမျိုး၊ KIO နဲ့ PSLF ကြားမှာ ဘယ်လိုပူး‌ပေါင်းဆောင်ရွက်မှုမျိုး လုပ်သွားကြမလဲဆိုတာမျိုး တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။ PSLF /TNLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီး တားပန်လ‌က KIA နှင့် မဟာမိတ်စာချုပ် ၃ ခု ရှိထားသလို နှစ်စဉ်နှစ်တိုင်း ဗဟိုကော်မတီအချင်း တွေ့ဆုံဖို့ သဘော တူထားပေမယ့် စစ်ရေးကာလပြင်းထန်တဲ့အချိန် ဖြစ်တာကြောင့် သတ်မှတ်ထားတဲ့အတိုင်း မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ချို့ညှိနှိုင်းရမယ့်ကိစ္စတွေ ညှိနှိုင်းဖို့အချိန်ခါမရောက်‌သေးတဲ့တွက် မြေပြင်မှာပြသာနာလေးတွေ နည်း နည်းပါးပါး ဖြစ်ပွားခဲ့တယ်လို့ TNLA တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

ဒါ့အပြင် KIO နှင့် PSLF တို့ဟာ ၁၉၇၆ ခုနှစ်ကစပြီး ထာ၀ရမဟာမိတ်ပုံစံ အတူလက်တွဲဆောင်ရွက်ခဲ့ပြီး၂၀၁၃၊ ၂၀၂၃ တို့တွင် ထပ်မံပြီး မဟာမိတ်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရန် အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်ရန် ဆုံး ဖြတ်ချက်ရှိထားကြောင်း ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က KIO နဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်း ရေးအဖွဲ့များ စတင်နေပြီဖြစ်တာကြောင့် သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြရန်အပါအဝင် အပြု သဘောဆောင်တဲ့ ကူညီပံ့ပိုးမှုတွေကို မျှော်လင့်ကြောင်း KIO ဘက်က ဗိုလ်ချူပ်ဂွမ်မော်က သူရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ တစ်ဖက်မှာလည်း  KIO နဲ့ PSLF/ TNLA တို့နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအခြေအနေနဲ့ပတ်သက်ပြီး သတင်းမှား တွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ အွန်းလိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေလည်း တွေ့ရပါတယ်။ ရှမ်းမြောက်မှာ ကချင် နဲ့ ပလောင် လူမျိုး စု နစ်ခုကြား လူမျိုးရေးပဋိပက္ခမဖြစ်ပွားအောင် လက်နက်ကိုင်နှစ်ဖွဲ့ကို ပြည်သူတွေ တောင်းဆိုနေတာလည်းရှိသလို မြေပြင်မှာ လက်နက်ကိုင်အချင်းချင်းကြားဖြစ်နေတဲ့ ပြဿနာရပ်တွေပေါ် အခြေခံပြီးနှစ်ဖွဲ့တွေ့ဆုံညှိနှိုင်းရေး အဖြေကောင်းထွက်နိုင်ဖို့မျှော်လင့်နေကြပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button