
ချင်းအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်တွေကို ပွင့်လင်းမြင်သာစွာ အရေးယူပေးဖို့ တောင်းဆို
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မေ ၂ ၊ ၂၀၂၅
ပလက်ဝမြို့နယ်က အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်နှစ်ဦး ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှာ အတင်းအဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့လို့ ကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ အရေးယူပေးဖို့ ချင်းပြည် အစိုးရအဖွဲ့နဲ့ နိုင်ငံတကာ ခူမီးလူငယ်(GKYA)တို့က တောင်းဆိုထားပါတယ်။
ဟင်းခူးရန်သွားတဲ့ စိမ်းစင်းကျေးရွာမှ ဒေသခံ ချင်းအမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်နှစ်ဦးက အတင်း အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြံစည်ခဲ့တယ်လို့ မိသားစုဝင်များက ပြောဆိုထားပါတယ်။
ရခိုင်တပ်(AA) ပြောခွင့်ရ ဦးခိုင်သုခကလည်း သတင်းမီဒီယာတွေကို AA တပ်ဖွဲ့ဝင်နှစ်ဦးက ချင်းအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံပြောဆိုထားပြီး ကျူးလွန်သူတွေကို ဖမ်းဆီး စစ်ဆေး နေကြောင်း ပြောဆိုထားတာပါ။
ချင်းပြည်အစိုးရ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတော့ AA တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ပလက်ဝ ဒေသခံ ချင်းအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်မှုအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန် ပြောဆိုထားသလို ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင် အရေးယူပေးဖို့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်တောင်းဆို ထားပါတယ်။
အလားတူ နိုင်ငံတကာ ခူမီးလူငယ်(GKYA) ကလည်း ကျူးလွန်ခံရသူ ချင်းအမျိုးသမီးအတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်ပေးမှုပေးတာ၊ လုံခြုံမှုနဲ့ ဥပဒေအကာအကွယ် ဆောင်ရွက်မှုပေးတာ၊ လိုအပ်တဲ့ အကူအညီများပံ့ပိုးဆောင်ရွက်ပေးဖို့နဲ့ ပြည်တွင်း၊ နိုင်ငံတကာ ဥပဒေများရဲ့ လုပ်ထုံးလုပ် နည်းများနဲ့ အညီ ပွင့်လင်းမြင်သာစွာ တရားစွဲအရေးယူအပြစ်ပေးဖို့ ပြီးခဲ့တဲ့ ဧ ပြီလ ၂၇ ရက်က ထုတ်ပြန် တောင်းဆို ထားပါတယ်။
အခုလို AA တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ချင်းအမျိုးသမီးအပေါ်ကျူးလွန်မှုဟာ တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်း ကွဲမှုနှင့် လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေနိုင်တာကြောင့် ထိရောက်ပြီး ပွင့်လင်းမြင်သာစွာဖြင့် အရေးယူ ဆောင်ရွက် ပေးဖို့ ရခိုင့်တပ်(AA) တာဝန်ရှိသူတွေကို ချင်းအင်အားစုတွေက တိုက်တွန်းထားပါတယ်။
ဓါတ်ပုံ – AA Info Desk