
၁။ တွန်းဇံမြို့ကို ZRA က စစ်ကောင်စီထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ တိုက်ခိုက်နေတယ်လို့ CNA ပြောဆို
April 21, 2025
ချင်းလဲန်းကောင်စီ(CC)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့(ZRA)က စစ်ကောင်စီ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောပါတယ်။ ဧပြီလ ၂၁ ရက်နေ့၊ မနက်မှာပြုလုပ်တဲ့ CNF/CNA၊ CDF-KKG တို့ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ချင်းပြည်နယ်စစ်ရေးအခြေအနေနဲ့ အခုလိုပြောကြားထားတာဖြစ်ပါတယ်။ “မကြာသေးခင်ကဘဲ စစ်ကောင်စီ ရဲ့ ပံ့ပိုးမှုနဲ့ လက်နက်သော်လည်းကောင်း၊ ဒရုန်းနဲ့ သော်လည်းကောင်း၊ ကျည်ဆံသော်လည်းကောင်း အတွင်းသတင်းရရှိထား တာရှိပါတယ်”လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။ ဧပြီလ ၂၀ ရက်နေ့၊ မနက် ZRA တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်ဟာတွန်းဇံမြို့ကို ထိုးစစ်တိုက်ခိုက်လာတာကြောင့် နှစ်ဖက်အပြန်အလှန် တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။
“တွန်းဇန်မြို့ပေါ်နဲ့ တွန်းဇံနယ်ထဲမှာ အခုတိုက်ပွဲက တကြောပြန် တိုက်ပွဲလို့ ပြောရပါတယ်။ မနေ့က ၂၀ ရက်နေ့ ZRA က အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲကို တက်လာတယ်။ အဲဒါကို ကျနော်တို့နေတဲ့ နေရာတွေကို သူတို့က ပစ်ခတ်မှုလုပ် တယ်။ ဒါပေမယ့် ကျနော်တို့က တုန့်ပြန်တယ်။ မနေ့ကပဲ သူတို့ အားလုံး တွန်းဇန်မြို့ထဲကနေ ပြန်ဆုတ်ပါတယ်။” အဲဒီပစ်ခတ်မှု မှာ ZRA ဘက်က ၄ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တွန်းဇံမြို့က ZRA တပ်ဖွဲ့ဟာ ကျီးခါးမြို့ဘက်ခြမ်းကို ပြန်လည်ဆုတ်ခွာသွားတာဖြစ်ပြီး အပြီးတိုင်ဆုတ်ခွာသွားခြင်းမဟုတ်တာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။ ဒါ့အပြင် ZRA တပ်ဖွဲ့ဟာ တွန်းဇံမြို့ကို ထိုးစစ်ဆင်ဖို့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ဘက်ခြမ်း က အင်အားအများအပြား ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ “သူတို့အနေအထားကို ကြည့်လိုက်ရင် မဏိပူရ်ကနေတက်လာ တာတွေရှိသလို အဲဒီဒေသဘက် နဂိုရှိပြီးသားတွေလည်း ရှိမှာပေါ့နော်။”လို့ CNA ပြောခွင့် ဆလိုင်းထက်နီက ပြောပါတယ်။ Read in Full
၂။ KNLA တပ်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ နယ်စပ်ကို မကျော်လွန်ဖို့ ထိုင်းစစ်တပ် သတိပေး
April 21, 2025
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်စခန်းတစ်ခုကို မြန်မာစစ်တပ်က ဧပြီ ၂၁ ရက် ဒီနေ့ ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Bangkok Post ကဖော်ပြပါတယ်။ တိုက်ပွဲတွေက ထိုင်းနယ်စပ် နဲ့ နီးကပ် လာနေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း ကချနဘူရီပြည်နယ်၊ မူးအမ်းခရိုင် ဖူနန်ရွန် ရွာသားတွေက တနင်္သာရီတိုင်း ထားဝယ်ဒေသ ထီးခီးကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ် ပျံသန်းလာတာကို မြင်တွေ့ခဲ့ရပြီး ပေါက်ကွဲသံ ၁၀ ချက် ခန့် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် MI 17 ရဟတ်ယာဉ် သုံးစင်းလည်း အဲဒီဒေသမှာ တွေ့ရပြီး စစ်ကောင်စီတပ်သား ၆၀ ခန့် ဆင်းလာတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာဖွယ်ရှိပြီး နယ်စပ်အနီးမှာ ဗုံးမကြဲဖို့ထိုင်းဘက်ကို ကျော်လွန်ကျတာမျိုး မဖြစ်စေဖို့ မြန်မာဘက်ကို သတိပေးထားတယ်လို့ သတင်းက ဖော်ပြပါတယ်။
လက်ရှိမှာ ကန်ချနဘူရီခရိုင် နယ်စပ်အနီးမှာ ထိုင်းစစ်တပ် အမှတ် (၉) ခြေလျင်တပ်မက လုံခြုံရေးယူထားပြီး လေပိုင် နက်ကာကွယ်ဖို့အတွက် လေယာဉ်ပစ်အမြောက်တွေ ချထားတယ်လို့ သိရပါတယ်။ ထိုင်း- မြန်မာနယ်စပ် ထားဝယ်ဒေသ အတွင်းက ထီးထဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧပြီ ၁၉ ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။
၃။ ရွာငံနှင့်ပင်းတယကြားရွာများ စစ်ကောင်စီတပ်ထိုင်စစ်ကြောင်းထိုးကာ ကားများကို အလှည့်ကျဆင့်ခေါ်အဓမ္မအသုံးပြုနေ
April 21, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနှင့်ပင်းတယကြားရှိရွာများကို စစ်ကောင်စီတပ်က တပ်ထိုင်စစ်ကြောင်းထိုးနေပြီး ရွာများရှိ ကားပိုင်ဆိုင်သူ များထံက ကားများကို အဓမ္မဆင့်ခေါ်ချောဆွဲ အသုံးပြုနေကြောင်း ဒေသခံများထံက သိရသည်။ ရွာငံ- ပင်းတယ အကြား ရွာများဖြစ်သည့်လင်းဝေး၊ အလယ်ချောင်၊ သိမ်ကုန်း ၊အုတ်တွင်း၊ ပါယ်ကင်း၊ သဖန်းပင်နှင့် ကျောက်တော စသည့်ကျေးရွာများမှ လိုင်စင်ရှိ၊ လိုင်စင်မဲ့ကားများကို ချောဆွဲ အသုံးပြုနေခြင်းဖြစ်သည်ဟု သိရသည်။“သူတို့က ကားတွေကို ရောက်တဲ့နေရာ ပစ်ထားခဲ့တာ၊ အင်အား ၁၀၀ ကျော်ပဲ။ ဟိုတလောက စစ်ဗိုလ်ပစ်သတ်ခံရတာရော၊ သဖန်းပင်က ၄ ဦး သတ်ခံ ရတာရောနဲ့ စစ်ကြောင်းထိုးနေတာ။ သင်္ကြန်တွင်းထဲကခုထိပဲ။ သူတို့လာရင် ဖုန်းတွေပါစစ်မှာစိုးရိမ်လို့ မသုံးရဲကြဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က သဖန်းပင်ကျေးရွာမှ ပျူစောထီး ၃ ဦးနှင့် ၈ တန်းကျောင်းသား ၁ ဦး အသတ်ခံရသလို ဧပြီ ၁၁ ရက်ကလည်း ခလရ ၃ ကလောမှ စစ်ကောင်စီတပ်မှ ၃ ပွင့်အဆင့် အရာရှိဖြစ်သူ မျိုးဇော်သန်း ၃၅ နှစ်ကို ဓနုပြည်နယ် အမျိုး သားကာကွယ်ရေးတပ်တော် DSNDA က ပစ်ခတ်ရှင်းလင်းခဲ့သဖြင့် ယခုလို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဒေသခံများ ယူ ဆနေကြကြောင်းသိရသည်။ ယမန်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာ၌ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးတို့ကို ပစ်သတ်ခံခဲ့ရမှု ရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။
၄။ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သား ၁၀၀ ခန့် သေဆုံး
April 21, 2025
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗျူဟာမှူးအပါ အဝင်တပ်သား ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်နေ့ ညနေ ၃ နာရီမှစတင်၍ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်း သိမ်း တိုက်ပွဲကို စတင်ခဲ့ပြီး ၈ ရက်ခန့် ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီတွင် စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအ၀င်တပ်သား ၁၀၀ ခန့် သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ၁ ဦးကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီထံမှ ၁၂၀ မမ ၂ လက်၊ ၆၀ မမ၊ ၄၀ မမ၊ အာပီဂျီနှင့် စက်သေနတ် များ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီက Mi 17 ရဟတ် ယာဉ် K-8W ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ် များကိုအသုံးပြုပြီး နေ့စဉ်နီးပါးဗုံးများကျဲတိုက်ခိုက်ခဲ့သည့်ကြားမှစခန်းကိုသိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရသည်။ အဆိုပါစခန်းသိမ်း စစ်ဆင်ရေးတွင် KNU တပ်မဟာ ၄ တပ်မဟာမှူးဦးစီးသည့် တော်လှန် ရေးပူးပေါင်းအဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော်တပ်ရင်းတပ်ဖွဲ့များ၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပါဝင် ကြကြောင်း သိရှိရသည်။ Read in Full
၅။ ကန်ပက်လက်မြို့ကို ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ပြုလုပ်၊ ပြည်သူတစ်ဦးသေဆုံး
April 21, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီသည် ဧပြီလအတွင်း ဂျက်ဖိုက်တာဖြင့် လေကြောင်း မှ (၇) ကြိမ်ခန့်ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ပြည်သူ (၁) ဦးသေဆုံးခဲ့ရသည့်အပြင် နေအိမ်နဲ့ အဆောက် အဦး (၆၃) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါသည်။ အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီသည် ပေါင် (၃၀၀) နှင့် ပေါင် (၅၀၀) ဗုံးများအသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အသက် (၄၀) အရွယ်ရှိပြည်သူ (၁) ဦးသေဆုံးကာ အသက် (၁၆) နှစ်အရွယ် ပြည်သူ (၁) ဦးထိခိုက် ဒဏ်ရာ ရခဲ့သည်။ ၎င်းအပြင် ပြည်သူ နေအိမ် (၁၈) လုံး၊ တစိပ်တစ်ပိုင်းပျက်စီးမှုရှိသည့် ပြည်သူ့နေအိမ် (၃၀) လုံး၊ ဌာနပိုင် အဆောက် အဦး (၁၄) လုံးနှင့် ရိပ်သာ အဆောက်အဦး (၁) လုံးပျက်စီးခဲ့ရပြီး၊ မြို့ပေါ် ပတ်ဝန်း ကျင်နေထိုင်ကြသည့် ပြည်သူများ အနေဖြင့်လေကြောင်းရန် အထူးဂရုပြုနေထိုင်ရန်နှင့် တိကျသောသတင်း များကို တဦးနှင့်တဦးသတင်း ပေးခြင်းဖြင့်များ ပြုလုပ်ရန် ဖော်ပြထားပါသည်။
ဧပြီလ (၁၇) ရက်နေ့တွင်လည်း စစ်ကောင်စီသည် မတူပီမြို့ပေါ်တွင် လေကြောင်း တိုက်ခိုက်မှုပြု လုပ်ခဲ့သော ကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတပါးအပါအဝင် ဒေသခံ(၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းထဲတွင် (၄) ဦးမှာ ပြင်းထန်ဒဏ် ရာရ ရှိခဲ့ပြီး လက်ရှိတွင်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့ ပေါ်တို့တွင် စစ်ကောင်စီသည် ဧပြီလအစောပိုင်းမှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာ ခြင်းဖြစ်သည်။ Read in Full
၆။ လားရှိုးမြို့အကြောင်း ပြောရန်အင်အားမရှိတော့ဟု MNDAA ပြော
April 21, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် ပတ်သက်ပြီး ပြောရန် အင်အားမရှိတော့ဟု MNDAA ကဖွဲ့စည်းထားသည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ခံကပြောသည်။ လက်ရှိ MNDAA တပ်ဖွဲ့များလားရှိုးမြို့မှ ဆုတ်ခွာနေမှုနှင့်ပြည်သူ များအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေးမြန်းရာ၌ ၎င်းက အထက်ပါ အတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ” ဘာမှ ပြောစရာမရှိပါဘူး။ ပြောဖို့လည်း အားမရှိလို့ပါ ” ဟု လားရှိုးမြို့ပြန်လည်ထူ ထောင်ရေးတာဝန်ခံက ပြောသည်။ တရုတ် နိုင်ငံအစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်(MNDAA) များသည် ယနေ့ (ဧပြီ ၂၁ရက်) နောက်ဆုံးထားပြီး လားရှိုးမြို့မှ ရွှေ့ ပြောင်းပေးရခြင်းဖြစ်ကာ ယနေ့ နံနက်အစောပိုင်း၌ ကိုးကန့်အလံတိုင်များကို ၎င်းတို့ကိုယ်တိုင် ပြန်လည်ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့ ထူးတာကတော့ ကိုးကန့်က သူအလံတွေ လိုက်ဖြုတ်တာရှိတယ်။ အစည်းအဝေးကလည်း မနက်ဖြန် ထပ်တွေ့မယ်လို့ ပြောကြတယ်။ မြို့ထဲအသွားအလာတော့ ပုံမှန်ဘဲ၊ ပြီးတော့ စစ်တပ်ကလည်း စစ်ဝတ်စုံနဲ့ ဝင်လာ တာမတွေ့သေးဘူး။ ဆွေးနွေးပွဲတက်တဲ့သူတွေလောက်ပဲ ရောက်လာတာ၊ ရဲစခန်းနဲ့ အခြားဌာနဆိုင်ရာတွေလည်း ဖွင့်တာမရှိ သေးဘူး။ အခုလောလောဆယ်တော့ ကိုးကန့်တပ်ဖွဲ့တွေရှိပါသေးတယ်” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ လက် ရှိ ကိုးကန့်တပ်၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်များသည် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ ရှိကြပြီး ယင်းဟိုတယ် အဝင်းလမ်းကိုပိတ်ဆို့ထားကာ ဧပြီ ၂၂ရက်တွင်လည်း ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။
ထို့ပြင် လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားကို မည်သည့်အဖွဲ့က အုပ်ချုပ်မည်နှင့် ပတ်သက်ပြီး သေချာသော အဖြေ မထွက်ရှိသေးခြင်းကြောင့် CDM ဝန်ထမ်းအချို့နှင့် ဒေသခံအချို့တို့သည် မိမိလုံခြုံရေးအရ ကြိုတင် တိမ်းရှောင်နေသူများ လည်း ရှိနေကြောင်း သိရသည်။ “ကိုးကန့်က တရားဝင်ထုတ်ပြန်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ စစ်ကောင်စီက အားသာသွားမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်လည်းပါနေတယ်တာဆိုတော့လေ၊ ကိုးကန့်သာ ဆုတ် ခွာရမယ်ဆိုရင်တော့ လူထုတွေကို တောင်းပန်သင့်တယ်။ ဝမ်းနည်းကြောင်းလည်း ပြောရမယ်။ သူတို့မထွက်ခွာခင် လူထုအတွက် ဘာတွေလုပ်ဆောင် ပေးထား လည်းတော့ ထုတ်ပြန်သင့်တယ်လို့ မြင်တယ်။ မဟုတ်ရင်တော့ လူထုက အရင်လိုပဲ ပြေးရအုန်းမယ် “ဟု လားရှိုးမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။ လက်ရှိ လားရှိုးမြို့နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA ကပါ တရားဝင်ထုတ်ပြန်ပြောကြားမှုများ မရှိ ခြင်းကြောင့် ဒေသခံများ ပိုမိုစိုးရိမ်နေခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်မှ စတင်ကာ စစ်ကောင်စီတပ်များ၊ ဌာနဆိုင် ရာဝန်ထမ်းအချို့သည် လားရှိုးမြို့သို့ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့မြို့တွင်းသို့အေးချမ်းစွာဝင်ရောက်နိုင်ရန်အတွက် MNDAA တပ်များက လုံခြုံ ရေး ရယူပေးခဲ့ရသည်။ “လိုင်းပေါ်မှာတော့ အဝင်အထွက်ပိတ်တယ်လို့ တင်ကြတာတွေ့တယ်။ ကျတော် မနေ့ က လားရှိုးကနေ လာတာ အထွက်လည်းရတယ်။ အဝင်လည်းရတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ကတော့ အတင်းအကျပ်စစ်ဆေးနေ တာရှိတယ်။ ပြီးတော့ စစ်ကောင်စီသာ လားရှိုးကို အုပ်ချုပ်မယ်ဆိုရင်တော့ ဒေသခံတွေအပြင် ကားသမားတွေလည်း အခက် တွေ့နိုင်တယ်” ဟု လားရှိုးမြို့သို့ ကုန်စည်ပို့ဆောင်ပေးနေသည့် ကားသမားတစ်ဦးက ပြောသည်။
၇။ ဖယ်ခုံတွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ်များအပါအဝင် စစ်ရှောင် ခုနစ်ဦး ဒဏ်ရာရ
Apri 21, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အောက် ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာ ကထုတ်ပြန်သည်။ (ဧပြီ ၂၁ ရက် )နေ့လည် ၁နာရီခွဲခန့်တွင် ဖယ်ခုံမြို့ အမှတ် (၇)စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ် (စကခ−၇)မှ ဖယ်ခုံမြို့နယ်ရှိ ခေါင်းအိကျေးရွာသစ်အား လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်ခုနစ်ဦး ထိခိုက်ဒဏ် ရာရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကာ ထိခိုက်ဒဏ်ရာ ရသူများအား ဖယ်ခုံကျန်းမာရေးကယ်ဆယ်ရေး (PKHC) အဖွဲ့မှ ကုသပေးနေကြောင်း အသိပေးသည်။ ဒဏ်ရာပြင်းထန်စွာရရှိ သော အသက် (၄၀)ဝန်းကျင် အမျိုးသမီးကို ဆေးရုံသို့ ပို့ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိများမှာ (၈)နှစ်အောက် ကလေးလေးသုံးဦး ပါဝင်သည်ဟု ဖော်ပြသည်။
“တိုက်ပွဲမရှိတာကြာပြီ။ ဖယ်ခုံဘက်မှာ အခုလိုလုပ်တာက လူထုကိုသက်သက်မဲ့ လုပ်တာပါ”ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုအပေါ် ရှင်းပြသည်။ အရပ်သားများကို သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယနှင့်နေထိုင်သွားလာရန်လည်း တိုက်တွန်းထား သည်။ ဖယ်ခုံမြို့နယ်တွင် စကခ(၇)အပြင် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း အမှတ်(၃၃၆)နှင့် (၄၂၁)တပ်ရင်းများပါ အခြေစိုက် ထားသည်။ Read in Full
၈။ ကျောက်တော်မြို့ကို စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရ
April 21, 2025
ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ ပြည်တော်သာရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်ကို စစ်ကောင်စီက ဧပြီလ ၁၉ ရက်နေ့ က နံနက် ၂ နာရီကျော်အချိန်က ဂျက်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံး ပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသူမှာ ပြည်တော်သာရပ်ကွက်မှ အသက် ၄၀ နှစ်အရွယ် ဦးကျော်စိုးချေ (ခ) မောင်ငယ် ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ ပြည်တော်သာရပ်ကွက်က မောင်အောင်မြတ်ဟိန်း(၄ နှစ်)၊ မောင်ဇော်မျိုးနိုင်(၈ နှစ်)၊ မောင်ဖြိုးမင်းသိန်း(၉ နှစ်)၊မ ချစ်မြတ်ဝေ (၁၉ နှစ်)၊ ဒေါ်အေးရီ(၄၈ နှစ်)၊ ဒေါ်ရွှေဇင်(၃၈ နှစ်)၊ ဒေါ်အေးမြရီ (၄၄ နှစ်)၊ ဦးမောင်လှဝင်း(၄၆ နှစ်)၊ ဒေါ်လှသန္တာ(၃၂ နှစ်)၊ ဦးဇော်ချေ (၃၉ နှစ်)၊ ဒေါ် စုစုမြတ်ဇော်(၃၂ နှစ်)၊ ဒေါ်ဦးခင်နု(၆၇ နှစ်)၊ ဒေါ်အေးကျော့ညွှန့် (၆၄ နှစ်)၊ မြို့သစ် ရပ်ကွက်ကမောင် ဆန်းကျော်ဝင်း(၉ နှစ်)၊မောင် ခိုင်မြတ်လင်း (၁၂ နှစ်)၊ မခိုင်မြတ်နွယ် (၁၄ နှစ်)၊ ဦးကျော်မိုး(၄၃ နှစ်)၊ ဦးမောင်သန်းဝင်း(၅၀ နှစ်)၊ ဦးအောင်ထွန်း မြတ်(၄၄ နှစ်)နှင့် ဦးကျော်မင်းထွန်း(၃၈ နှစ်)တို့ဖြစ် သည်။
ကျောက်တော်ဒေသခံတစ်ဦးက “ လူတွေအိပ်နေကြတဲ့အချိန်မှာ တစ်မြို့လုံးနီးပါးကို ပြိုပြီးတော့ ပစ်သွားတာ။ ဂျက် လေယာဉ်နှစ်စီးနဲ့ ၄ ကြိမ်တိုင်တိုင် လာပစ်တာပါ။ အခုဆိုရင် တချို့က မြို့မှာမနေရဲတော့လို့ စစ်ဘေးရှောင် သွားတဲ့သူတွေရှိ တယ်။ ၁ ယောက်သေပြီးတော့ ၂၀ လောက်ဒဏ်ရာရသွားတယ်”ဟု ပြောသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ အရေးပေါ် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ ယင်းအပြင် နေအိမ်အများအပြားမှာလည်းပျက်စီးသွားသည်။ ထိုသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုများ ရှိနေသောကြောင့် ကျောက်တော်ဒေသခံများမှာ ဘေးလွှတ်ရာနေရာများသို့ ထွက်ပြေးတိမ်ရှောင် နေကြရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သောကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များပျက်စီးသွားခဲ့သည်။ လက်ရှိ ကျောက်တော်မြို့ကို AA က သိမ်း ပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ဒေသခံများအလူးအလဲခံစားနေရသည်။ Read in Full
၉။ AA တပ်သား ၂ ဦးက ကလေးမိခင်တစ်ဦးအား မုဒိမ်းပြုကျင့်မှု ULA/AA အနေဖြင့် ဖြေရှင်းပေးရန် IKACC/PC တောင်းဆို
April 22, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းရွာက နို့စို့အရွယ် ကလေးငယ်၏ မိခင်တစ်ဦးအား အာရက္ခတပ် တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးမှ မုဒိမ်းကျင့်ပြီး ရေနှစ်သတ်ရန်ကြိုးစားမှုအပေါ် ULA/ AA အနေဖြင့် နစ်သာသူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးရန် IKACC/ PC က တောင်းဆိုသည်။ အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC)က ULA/ AA တာ ဝန်ရှိသူထံဆက်သွယ်မေးမြန်းကာ ယခုဖြစ်ပွားနေသောအမှုသည် ULA/AA ၏ ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပွားသည့် ကြီးမားသော အမှုဖြစ်ခြင်းကြောင့် နစ်နာသူနှင့် မိသားစုလုံခြုံ ရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း IKACC/ PC မှတာဝန်ရှိသူကပြောသည်။ “အခု AA ရှိတဲ့အချိန်မှာ ဒီအမှုတွေကဖြစ်ပေါ်လာတာဖြစ်လို့ ကျွန်တော်တို့ ULA/AA ကို ပြစ်တင်ရှုတ်ချတာမျိုးမဟုတ်သော်ငြားလည်း အခုလက်ရှိမှာ AA ရဲ့ ထိန်းချုပ်နယ်ပယ်မှာ အခုလိုဖြစ်တာဆိုတော့ အေအေ အနေနဲ့ အကောင်းဆုံး တာဝန်ယူမှု၊တာဝန်ခံမှုအနေနဲ့ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာ။ ပြီးတော့ဒီအမှုကပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ချင်းရဲ့ ချိုးဖောက်တဲ့အမှုလို့တော့ မြင်တယ် သို့သော် လူမျိုးတူခြင်းမတူခြင်းအပေါ် အခုလို ဖြစ်တာက ကျွန်တော်တို့ ခူမီး တစ်ရပ် လုံးကိုစော်ကားသလိုဖြစ်တယ်ဆိုတာလှမ်းပြောထားတယ်။ ဆိုတော့ဒီအမှုကိုအကောင်းဆုံးဘယ်လိုလုပ်ဆောင်မလဲ၊ ကျွန်တော် တို့ လိုလားတာသည် ဒီအမျိုးသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု သူတစ်ဦးတင်မက သူ့ရဲ့ မိသားစု၊ ဆွေမျိုးတစ်ရပ် လုံးရဲ့ လုံခြုံမှုပေးချင်တယ်။ ဒီအတွက် အကောင်းဆုံးဖြေရှင်းဖို့အတွက် ပြောထားတာရှိ တယ်။ ” ဟု ၎င်းက ပြောသည်။
ပြစ်မှုကျူးလွန်သူမှာ အရပ်သားမဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ကျူးလွန်ခြင်းဖြစ်သည့်အပြင် ကမ္ဘာမှာ အကြီးမားဆုံးသော ပြစ်မှုများဖြစ်ပြီး၊ အဆိုပါလုပ်ရပ်သည် လူမျိုးတစ်ရပ်လုံးအပေါ် ဖိနှိပ်၊ စော်ကား၊ လူ့အခွင့် အရေးချိုးဖောက်ခြင်း ဟု မှတ်ယူကြောင်း၎င်းက ဆက်လက် ပြောသည်။ ULA/ AA အနေဖြင့် လက်ရှိ ပြစ်မှုကျူးလွန်မှုအား မည်သို့ဖြေရှင်းဆောင်ရွက် မည်ကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု IKACC/PC တာဝန်ရှိသူက ပြောသည်။ အဆိုပါဖြစ်စဥ်မှာ ဧပြီလ ၅ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်တွင် ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် အသက် ၂၃ နှစ်ရှိ ကလေးမိခင်တစ်ဦးသည် ၎င်းကျေးရွာမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်သွားရသည့် ယာခင်းသို့ သွားရာတွင် AA တပ်ဖွဲ့ အရာရှိတစ်ဦး နှင့် တပ်သားတစ်ဦးတို့က မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ် သည်။ “သူတို့အိမ်ကနေ ၁၀ မိနစ်လောက်ပဲသွားရတဲ့နေရာမှာ သူတို့ယာခင်းရှိတယ်။ အဲမှာ ခရမ်းသီးခူးဖို့သူတစ်ယောက်ထဲ မနက် ၉ နာရီလောက်ကသွားတာ။ အဲဒီအမျိုးသမီးက ပြန်မလာတော့ သူ့ယောက္ခမက စိတ်မချတာလဲပါတယ်၊ ကြာလဲ ကြာ တော့ လိုက်သွားတာ၊ အဲမှာကျတော့ အေအေရဲဘော်တစ်ယောက်နဲ့ အရာရှိတစ်ယောက်က မုဒိန်းကျင့်ပြီးမှ တစ်ယောက်က ရေနှစ်သတ်နေတာ၊ တစ်ယောက်က ကင်းစောင့်ပေါ့။ အဲဒါကိုသူ့ယောက္ခမက သူ့ချွေးမ ချောင်းထဲမှာ ရေနှစ်သတ်နေတာကို တွေ့ပြီး ကြောက်လန့် အော်ဟစ်ငိုယိုအကူညီလှမ်းတောင်းတာ၊ ဒါနဲ့သူ့ကို ပြန်လွှတ်ပေးတာ။ “ဟု ဖြစ်စဉ်သိရှိသူ Global Khumi Organization မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဓမ္မပြုကျင့်ခံရသူမှာ အသက် (၂) နှစ်ကျော် နို့စို့အရွယ် ကလေး မိခင်ဖြစ်ပြီး ၎င်း၏ အမျိုးသားမှာ မလေးရှားနိုင်ငံတွင် နေထိုင်စားသောက်ရေးအတွက် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။ Read in Full
၁၀။ တောင်ခမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများပါ ကြဲချတိုက်ခိုက်
April 21, 2025
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ယနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီတွင် အဆိပ်ဓာတ်ငွေ့ဗုံးသုံးလုံး၊ မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် အဆိပ်ဓာတ်ငွေ့ဗုံးလေးလုံးတို့ကို ကြဲချတိုက်ခိုက် ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) က ထုတ်ပြန်ထားသည်။ အဆိပ်ငွေ့ဗုံးများ ကြဲချပြီးနောက် အဆိပ် ငွေ့ရှူရှိုက်မိသည့် ရဲဘော်များ မူးဝေအော့အန်ခြင်း၊ သွေးပေါင်ချိန် ကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီက တောင်ခမ်းကို အင်နဲ့အားနဲ့တန်ပြန် ထိုးစစ်တစ်ရပ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတာ။ ဒီနေ့ကျတော့ အဆိပ်ငွေ့ဗုံးတွေပါသုံးပြီး လေကြောင်း တိုက်ခိုက်မှုလုပ်လာတယ်။ တိုက်ပွဲပြင်း ထန် နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားသော်လည်း နိုင်ငံတာမှတားမြစ်ထားသည့် တိုက်ခိုက်မှုမျိုး ကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း DPLA က ဆိုသည်။ အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းကို စစ်ကောင်စီက တောင်ခမ်းတွင်သာမက အခြားတော် လှန်ရေးတပ်များ ရှိသည့်နေရာများတွင်လည်း မကြာ ခဏပြုလုပ်နေကြောင်း သိရသည်။ တောင်ခမ်းတွင် စစ်ကောင်စီဘက်မှ လေယာဉ်ဗုံးများကြဲချခြင်း၊ လက်နက်ကြီများ ပစ်ခတ်ခြင်းနှင့်အဆိပ် ဓာတ်ငွေ့ဗုံးများ အသုံး ပြုထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA၊ DPLA တပ်တို့နှင့် စစ်ကောင်စီ တပ်တို့ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ် ပွားလျက်ရှိနေကြောင်း သိရသည်။ နောင်ချိုတောင်ခမ်းတွင် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂၊ အမြောက်တပ် ရင်း အမတ-၃၅၃၊ အမတ- ၂၀၆၊ အမတ-၄၀၆ တို့တည်ရှိပြီး စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
၁၁။ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ကို တော်လှန်ရေးတပ်တွေ ဝိုင်းရံထား
April 22, 2025
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးတဝိုက်ကို တော်လှန်ရေးပူးပေါင်းတပ် တွေ ဝိုင်းရံထားတဲ့အတွက် စစ်ကောင်စီတပ်က မော်လမြိုင်၊ ဘားအံကနေတစ်ဆင့် တပ်အင်အားတွေ ထပ်မံပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ ပတ်ပတ်လည်နဲ့ ကျုံဒိုးမြို့အနီး ကျုံဒိုး-ကော့ကရိတ် ကားလမ်းတစ်လျှောက်မှာ ဧပြီ ၁၄ ရက်နေ့ကစလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ၁ ပတ်ကျော်လာတဲ့ ဧပြီလ၂၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာပါ။ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ကျေးရွာအနီးက ရင်ကွဲ တောင်စခန်းအပါအဝင် ကော့ကရိတ်မြို့အထွက် ၉ တိုင်လမ်းဆုံကနေ ကျုံဒိုးမြို့အနီး ၄ တိုင်အထိရှိနေတဲ့ စစ်ကောင်စီတပ် စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီလမ်းကြောတလျှောက် ကို စိုးမိုးနေရာယူထားနိုင်ပြီလို့ ဒေသတွင်းသတင်း ရင်းမြစ် က ဆိုပါတယ်။ ဒီလို နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အချိန် ကော့ကရိတ်မြို့ မြောက်ဘက်ပိုင်းက စစ်ဆေးရေး ဂိတ်နဲ့ မြို့အနောက်ဘက်ခြမ်း ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းရှိ တံတားကျိုး လှိုင်၀ စစ်ဆေးရေးဂိတ်တွေအားလုံးကို ဧပြီလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်က မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်အားလုံးကို ပိတ်ထားလိုက်ပြီး ကော့ကရိတ်မြို့ခံတွေကို အပြင် ထွက်ခွင့်မပေးတဲ့အတွက် မြို့ခံတော်တော်များများ ပိတ်မိနေပြီး ထွက်ခွင့်ရဖို့အ တွက် မြို့ပေါ်မှာရှိတဲ့ ဆရာတော်သံဃာတော် တွေက စစ်ကောင်စီကို ညှိနှိုးဆွေးနွေးတာတွေရှိနေပေမယ့် အဆင်မပြေဘူးလို့ ကြားသိရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အဝင်အထွက်နေရာတွေအားလုံးကို ပိတ်ထားလိုက်တဲ့ အတွက် ကော့ကရိတ်မြို့အနီး တံတားကျိုး စစ်ဆေးရေးဂိတ်ကနေ ၉ တိုင်လမ်းဆုံအထိ ကုန်တင်ကားအများအပြား ပိတ်မိနေပြီး ထွက်ခွာခွင့်ရဖို့ ပြောဆိုညှိနှိုင်းနေတယ်လို့ ကြားသိရကြောင်း အဲဒီဒေသခံက ဆိုပါတယ်။ ကျုံဒိုးမြို့အနီး ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းတစ်လျှောက်က စခန်းတွေနဲ့ ကော့ကရိတ်မြောက်ပိုင်း၊ ကောကရိတ်မြို့အနီးနားက စခန်းတွေ ဝိုင်းတိုက်ခိုက် သိမ်းပိုက် ခံနေရတဲ့အချိန် စစ်ကောင်စီတပ်က မော်လမြိုင် ဘားအံအခြေစိုက် တပ်ရင်းတွေကနေ တပ်အင်အားအများအပြားပို့ဆောင်ထား တယ်လို့ ကျုံဒိုးဒေသခံတွေက ပြောကြပါတယ်။ တပ်အင်အားဖြည့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့အနီး ဂျိုင်း (ကော့ ကရိတ်)တံတား စစ်ဆေးရေးဂိတ်နှစ်ဖက်စလုံးနဲ့တံတားအနီးဘားအံမြို့နယ်ထဲ့ ဂျိုင်းရွာ၊ကျားကလေးလမ်းတလျှောက်မှာ တပ်စွဲ ထားတယ်လို့ တွေ့နေရတယ်လို့ ကျုံဒိုးနယ်ခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။ Read in Full
၁၂။ ကျိုက်ထိုနဲ့ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ
April 22, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ် လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဧပြီ ၂၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိ တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၂၁ ရက် နေ့ မနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနဲ့သပြေနီကျေး ရွာကြားမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အချိန်နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးပြီး ဒဏ်ရာရ သူတွေလည်း ရှိတယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ ရဲဘော်တွေက ပြောပါတယ်။ ဘီးလင်းတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း အချိန်တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ ဒေသခံ တွေထံက သိရပါတယ်။ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်းကင်းထောက်မှုတွေ ရှိနေသလို လက်နက်ကြီး ပစ်ခတ်မှုတွေကို ဆက် လက်လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ Read in Full
၁၃။ တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူအခြေအနေကို ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ ထုတ်
April 21, 2025
အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် ပဋိပက္ခများ တောက်လောင်နေသည်ဟု ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာထုတ် ယနေ့တွင်ထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ်၏ နေရာအများစုကို AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ် စခန်းများနှင့် မြို့တစ်ခုလုံး သိမ်းပိုက်ရရှိနိုင်ရန် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ကဆိုသည်။ ကျောက်ဖြူဒေသမှာရှိသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့စီးမံကိန်းများမှ စစ်ကောင်စီ နှစ်စဉ်ရရှိနေသော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ဝင်ငွေမှာ AA ၏ ထိုးစစ် ကြောင့် ခြိမ်းခြောက်မှု ဖြစ်လာသည်ဟု အစီရင်ခံအရဆိုသည်။ အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲက မြို့နယ် ၁၇ ခုရှိ သည့်အနက် ၁၄ ခုကို သိမ်းပိုက်ထားပြီး ကျောက်ဖြူမြို့ကို ဆက်လက် သိမ်းပိုက်ရရှိပါက စစ်ကောင်စီအတွက် ဆုံးရှုံးမှုကြီးဖြစ် မည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့က ဆိုသည်။ အာရက္ခတပ်တော် AA အနေဖြင့် စီမံကိန်းဧရိယာများနှင့် ကျောက်ဖြူမြို့ နယ်တစ်ခုလုံးကို သိမ်းယူနိုင်ရန် စစ်ရေးအင်အား အပြည့်ရှိနေပြီဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။
စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းမှ ကင်းလှည့်စစ်ကြောင်းများကို AA က စတင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရေတပ်အနီးကျေးရွာ ၃ ရွာမှအိမ်ခြေ ၂၀၀ ခန့်ကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ကဆို သည်။ စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက် စီးခဲ့ရသလို ပြည်သူ ၃၀၀၀၀ ထက်မနည်းလည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။ ကျောက်ဖြူမြို့ပေါ်တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့် သည့် အခြေအနေကို ကြုံတွေ့နေရပြီး ရန်ကုန်မှကုန်စည်များ သယ်ယူလျှင်လည်း ကုန်သည်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးတင်းကျပ်မှုများကို ခံနေရသည်။ ရခိုင်ပြည်အတွင်းက ပြည်သူများမှာ ရန်ကုန်နှင့် ပြည်မမြို့များသို့ သွားမည်ဆိုလျှင် ကျောက်ဖြူမြို့သည် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပြီး လေကြောင်းကတစ်ဆင့် လာဘ်ငွေပေးပြီး စစ်ကောင်စီထံမှ လေယာဉ်လက်မှတ်များ ဝယ်ယူရသည်ဟု အစီရင်ခံအရ သိရသည်။ မကြာမီအချိန်တွင် ကျောက်ဖြူမြို့နယ်တစ်ခုလုံးသည် အာရက္ခတပ်တော် AA ထံသို့ ကျရောက်တော့မည်ဖြစ်၍ တရုတ်စီမံကိန်းများမှာ AA နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်သင့်ပြီဟုလည်း ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ပြောဆိုထားသည်။ Read in Full
၁၄။ ဒေါနစစ်ကြောင်း(၃) နဲ့ မွန်၊ကရင်၊ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်း
April 21, 2025
မြန်မာ နှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဒေါနစစ်ကြောင်း(၃) နဲ့ မွန်၊ကရင်၊ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်းဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း(၃) ကထုတ်ပြန် ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း(၃) (တပ်ခွဲ-၄၊တပ်ခွဲ-၆၊တပ်ခွဲ-၇)၊ KNU တပ်မဟာ ၆ တပ်ရင်း၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDFတပ်ရင်း-၁ ၊ ဓဝယ်တပ်တော် DNLA တာတွေရှိသူတွေ တွေ့ ဆုံပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ထိရောက်စွာ ဟန့်တားနိုင်ရေး နဲ့ စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်တယ်လို့လည်း ဒေါန စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါ တယ်။ မွန်၊ကရင် တပ်ဖွဲ့တွေ နဲ့ PDF တပ်ဖွဲ့များအကြား အပြန်အလှန် ထိန်းကြောင်းနိုင်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ အပြန် အလှန်ပေးအပ်နိုင်ရန်အတွက် ကောင်းမွန်သော တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း ဒေါနစစ်ကြောင်း(၃) စစ်ကြောင်းမှူးက ဆိုပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကနေ ရလဒ်ကောင်းများ ရရှိခဲ့ပြီး အောင်မြင်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ အတွက်လည်း ဘုံသဘော တူညီချက်များ ထားရှိပြီး ကြိုးစားဆောင်ရွက် နေတယ်လို့လည်း ဒေါနစစ်ကြောင်း(၃) က ထုတ်ပြန်ထားပါတယ်။
၁၅။ စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး
April 21, 2025
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ မတ်လ တစ်လ အတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၈၈ ဦးရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၀ ဦးနှင့် ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံးသွားကြောင်း BWU က ထုတ်ပြန်ထားသည်။ ယင်းအပြင် မြေမြှုပ်မိုင်း ကြောင့် ၂ ဦး၊ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၇ ဦး၊ မီးရှို့သတ် ဖြတ်မှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုကြောင့် ၁ ဦးလည်း သေဆုံးခဲ့ရကြောင်း BWU က ဆို သည်။ ထို သေဆုံးသူများ အားလုံးထဲမှ ၂၄ ဦးသည် အသက် ၁၈ နှစ် အောက် အမျိုးသမီးငယ်များ ဖြစ်ကြောင်းသိရသည်။ ဆက်လက်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၅ ဦးနှင့် ရိုက်နှက်ခံရမှုကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၈၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု BWU က ထုတ်ပြန်သည်။
သေဆုံးခဲ့ရသည့် အမျိုးသမီး ၆၆ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၉ ဦး၊ ကချင်ပြည်နယ် ၂ ဦး၊ မန္တလေးတိုင်းဒေသကြီး ၁၂ ဦး၊ ရှမ်းပြည်နယ် ၁၂ ဦး၊ မကွေးတိုင်းဒေသကြီး ၁၅ ဦး၊ ကရင်နီပြည်နယ် ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး ၇ ဦး၊ ရခိုင် ပြည်နယ် ၂ ဦး၊ ကရင်ပြည်နယ် ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၁ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီး ၂ ဦး တို့ဖြစ်ကြသည်။ အဆိုပါ အချက်အလက် များမှာ တိကျခိုင်လုံပြီး မြေပြင်အခြေအနေတွင် ယခုအချက်အလက်များထက် ကိန်း ဂဏန်း ပိုများပြားနိုင်သည်ဟု BWU က ပြော သည်။ မြန်မာပြည်သူများ ငလျင်ဒဏ်ကြောင့် ပူဆွေးသောက ရောက်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီက အမျိုးမျိုး သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန် နေခြင်းကြောင့် အမျိုး သမီးများနှင့် မိန်းကလေးငယ်များသည် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ထုတ်ပြန်ပြော ဆိုထားသည်။ Read in Full
၁၆။ မိုင်းကြောင့် တောင်ကုတ်ဒေသခံတစ်ဦး ဒဏ်ရာရ
April 21, 2025
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အမျိုးသားတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။ ကိုသူရအောင်မှာ အဖော်တစ်ဦးနှင့်အတူ ဧပြီ ၂၀ ရက် ညနေပိုင်းတွင် တောင်ပေါ်သို့ သရက်သီးခူးရန် သွားစဉ် မိုင်းနင်းမိသွား၍ ဘယ်ဖက်ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိ ဆေးဝါးကုသမှုခံယကြောင်း သိရသည်။ တောင်ကုတ်ဒေသခံများမှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေကြရပြီး ထိခိုက်သေဆုံးမှုများလည်း တိုးလာနေသည်။
ပြီးခဲ့သည့် ဧပြီ ၁၀ ရက် တစ်နေ့တည်းတွင် တောင်ကုတ်မြို့နယ်၊ ဖုံညိုကျေးရွာနှင့် ဝက်ပြဲကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်စီ ပြတ်သွားခဲ့ရသည်။ ရခိုင်ဒေသအများအပြားတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားမှုနှင့်အတူ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်က ဒေသခံများအတွက် ခြိမ်း ခြောက်မှုတစ်ခု ဖြစ်နေ ပြီး ထိခိုက်သေဆုံးမှုမှာလည်း လစဉ်မြင့်တက်လျက်ရှိသည်။ Read in Full
၁၇။ စစ်ကောင်စီတပ်သား ၂ ဦး Loikaw Local PDF ထံ အလင်းဝင်လာ
Apirl 21, 2025
Loikaw Local PDF တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး ဧပြီလ ၁၉ ရက်နေ့မှာ အလင်းဝင်လာတယ်လို့ ယမန်နေ့ ဧပြီ လ ၂၀ ရက်နေ့မှာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)က အသိပေးထုတ်ပြန်ထားပါ တယ်။ အဆိုပါတပ်သား ၂ ဦးဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်း က ဖြစ်ပြီး လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အမှတ် ပစ -……… ကိုင်ဆောင်ထားသူ မောင်သန်းစိုးဦး နဲ့ ပစ -………ကိုင် ဆောင်ထားသူတပ်သားတစ်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။
“လက်နက်တော့မပါဘူးပေါ့နော်။ အသက်အရွယ်တွေက ၂၂ နှစ်အရွယ် တစ်ယောက်နဲ့ ၂၆ နှစ်အရွယ်တစ်ယောက် ၂ ယောက်ပေါ့နော်။ မောင်သန်းစိုးဦး နဲ့ နောက်ထပ်တစ်ဦးကတော့ လုံခြုံရေးအရ နာမည်ဖော်ပြလို့မရဘူး။”လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ စစ်ကောင်စီရဲ့ အပတ်စဉ်(၅)/(၆) သင်တန်းဆင်းဖြစ်ပြီး ပြည်သူစစ်မှုထမ်း ဥပဒေ ထုတ် ပြန်ပြီး ရှောင်တစ်ခင် အဖမ်းအဆီး ခံခဲ့ရကာ အတင်းအဓ္ဓမ လူသစ်စုဆောင်းခံ ခဲ့ရတဲ့ ပြည်သူ့ စစ်မူထမ်းတွေဖြစ်တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ အလင်းဝင်ရောက်ခိုလှုံလာတဲ့ တပ် သားတွေကို လုံခြုံတဲ့နေရာမှာ ထားရှိသလို ဝင်ရောက်ခိုလှုံလာသူတွေရဲ့ စိတ်ဆန္ဒကို အလေးထား ကာကွယ်စောက်ရှောက် သွား မှာဖြစ်ကြောင်းကိုလည်း Loikaw Local PDF က ပြောဆိုထားပါတယ်။ https://www.kantarawaddytimes.org/s7g7
၁၈။ ဒီးမော့ဆိုမြို့ပေါ်က စစ်ရေးအရအရေးပါတဲ့ မြေတွေကို အကွက်ရိုက် ရောင်းချတာတွေမလုပ်ဖို့ စည်းကမ်းချက်ထုတ်
April 22, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊မြို့ပေါ် ရပ်ကွက်တွေနဲ့ကျေးရွာတွေမှာရှိတဲ့ စစ်ရေးအရအရေးပါတဲ့ မြေတွေကိုအကွက်ရိုက် ရောင်းချမှုတွေမလုပ်ဖို့ စည်းကမ်းချက်တွေအပါအဝင် တခြားသောစည်းကမ်းချက်တွေကို ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာ လ ယာယီအုပ်ချုပ်ရေးကောင်စီက အများပြည်သူလိုက်နာဖို့အတွက် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ အဆိုပါ စည်းကမ်းချက်တွေကို အသိပေးတဲ့အနေနဲ့ မြို့ရဲ့လမ်းဆုံလမ်းခွနေရာတွေ မြို့ပေါ်ရပ်ကွက်တွေမှာ အသိပေးစာတွေကို သွား ရောက်ကပ်ထားခဲ့ပါတယ်။ စည်းကမ်းချက်တွေမှာတော့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ ရောင်းဝယ်ဖောက်ကားတာ၊ လောင်း ကစားပြုလုပ်တာတွေကို တားမြစ်ထားတဲ့အပြင် ပြည်သူ့အိုးအိမ်ပစ္စည်းတွေ၊ စျေးဆိုင်တွေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ၊ ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်း နဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေ ၊ မြို့မစျေးအဆောက်အဦးရဲ့ ပစ္စည်းတွေကို ခိုးယူရောင်းချ တာတွေကိုလည်း တားမြစ်ထားပါတယ်။ ဒါ့အပြင် စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာ မြေကွက်ဖော်၊ အကွက်ရိုက်ရောင်းချ တာတွေကို မပြုလုပ်ကြဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
“စည်ကမ်းချက် ကတော့ ကျနော်တို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နဲ့ ကျနော်တို့ အုပ်ချုပ်ရေး အဖွဲ့ နဲ့ ပူးပေါင်းပြီးတော့၊ ဒီးမော့ဆိုမြို့ပေါ်မှာမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ရအောင် ကျနော်တို့စည်းကမ်းချက်ထုတ်ပြီး လိုက်ကပ်ရခြင်းဖြစ်တယ်။” လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ ယာယီအုပ်ချုပ်ရေးကာင်စီ ဥက္ကဌက ပြောပါတယ်။ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်ဟာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ မေလကတည်းက စတင်တဲ့ တိုက်ပွဲတွေကြား ပြည်သူအိုးအိမ်တွေ ထိခိုက်ပျက်စီးတာ၊ ပျောက်ရှ တာတွေရှိခဲ့ပေမယ့်လည်း ကျန်ရှိနေတဲ့ အဆောက်အဦးတွေ၊ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ ပစ္စည်းတွေ၊ ပြည်သူပိုင်ပစ္စည်း တွေကို ပြန်လည် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့အတွက် အခုလို ဖွဲ့စည်းရခြင်းဖြစ်တယ် လို့ ယာယီအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ က ပြောပါတယ်။ ” ကျနော်တို့ ဒီမြို့ကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဒါက အဓိကရည်ရွယ်ချက်ပေါ့။” လို့ ဥက္ကဌ က ဆိုပါတယ်။ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီ ကို ဒီးမော့ဆိုမြို့နယ်ထဲက မြို့မ ကျေးရွာအုပ်စု၊ ဒီကျေး/ ကျေးရွာအုပ်စုနဲ့ ငွေတောင်ကျေးရွာအုပ်စုက ဒေသခံတွေနဲ့ စုဖွဲ့ထားပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ က ယာယီဖွဲ့စည်းပေးထားတယ်လို့ သိရပါတယ်။ Read in Full
၁၉။ ရေဖြူ၊ မင်းသားအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရွာများကိုလက်နက်ကြီးဖြင့်ပစ်
April 21, 2025
ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ် ၊ မင်းသားကျေးရွာအုပ်စုတွင် (ဧပြီ ၂၀) နံနက်ပိုင်းကစ၍ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ မင်းသားရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများဖြစ်နေခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်မှ နေ့လယ် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှသိရသည်။ နေ့လယ် ၁၂ ဝန်းကျင်တွင် မင်းသားရွာအုပ်စု ပတ်ဝန်းကျင် ရှိ ရေဖြူမြို့နယ် ဆင်ကူးရွာနှင့် ရာဖူးရွာများဘက်သို့ မောရဝတီရေတပ်နှင့် ခလရ ၂၈၂ စစ်ကောင်စီတပ်တို့က လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူများက ပြောပြသည်။ လက်နက်ကြီး ကျည်ဆန်များမှာ ဆင်ကူးရွာ လူနေ အိမ်များအနီးနှင့် ရာဖူးရွာအနောက်ဘက် ဥယျာဥ်ခြံအတွင်း ကျရောက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ရွာသားများထံမှ ကနဦးသိရှိရသည်။“တိုက်ပွဲက ဖြစ်နေပါတယ်။ အသေးစိတ်ပြောလို့မရသေးဘူး ။ စစ်တပ်ဘက်ကထိထားသလို ကိုယ့်ဘက်က (တော်လှန်ရေးအင်အားစု) လည်း ရဲဘော်အချို့ ဒဏ်ရာရထားရှိတယ် ” ဟု တိုက်ပွဲအခြေအနေသိရှိသည့် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပြသည်။ ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင်လည်း ကင်းထောက်လေယာဥ်တစ်စီး ဝဲ၍ ပျံသန်းသွား သည်ကို ကံပေါက်တိုက်နယ် နှင့် ရေး-ထားဝယ်ကားလမ်းနံဘေးရှိ ကျေးရွာများ မှ ဒေသခံများတွေ့ရှိလိုက်ရသည်။
နှစ်ဘက်ထိတွေ့မှု ငြိမ်သက်သွားပြီးနောက် မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများသည် ရေလမ်းဖြင့် မင်းသားရွာသို့ ရောက်လာပြီး နေရာယူထားကြောင်း မင်းသားရွာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများကဆိုသည်။ “စစ်တပ်က တိုက်ပွဲငြိမ်သွားတာနဲ့ ပြန်ဝင်လာပြီး ရွာသားတွေကို ပေးမထွက်ခိုင်းဘူး ။ ပြေးသွားတဲ့လူတွေကိုလည်း ပြန်ခေါ်ခိုင်းနေတယ် ။ လောလောဆယ်ကတော့ မင်းသားမှာ စစ်တပ်ရှိနေတယ်” ဟု မင်းသာရွာ အနီး ပတ်ဝန်းကျင်ကျေးရွာတစ်ရွာမှ ဒေသခံအမျိုး သမီးတစ်ဦးကပြောသည်။ တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်သည့် အနေ အထားတွင် ရှိသဖြင့် မင်းသားရွာ ပတ်ဝန်းကျင်ကျေးရွာ များ နှင့် ရေး-ထားဝယ်ကားလမ်းနံဘေးရှိကျေးရွာများမှ ဒေသခံများ က အခြေအနေ စောင့်ကြည့်နေကြကြောင်း ဒေသခံများထံ မှသိရသည်။ ရေး-ထားဝယ်ကားလမ်းပိုင်းတွင်မူ ယနေ့ ညနေပိုင်းအထိ ယာဥ်များပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ကြောင်း လမ်းပိုင်းအသုံးပြုသည့် ယာဥ်မောင်းများကပြောသည်။ Read in Full
၂၀။ပိန်းခမ်းရွာအနီး အရပ်သား ၆ ဦးပစ်သတ်ခံရတဲ့အမှု ကိုးကန့်တပ်က တာဝန်ယူဆောင်ရွက် ပေးခြင်းမရှိသေး
April 21, 2025
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ကအမှုပြီး စီးအောင် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ မုံးစီးကျေးရွာ အုပ်စု ပိန်းခမ်းကျေးရွာအနီး ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့် MNDAA လက်နက် ကိုင်တပ်ဖွဲ့က သေနတ် ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၁၂ ဦး ထိခိုက်၊ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒီအမှုဟာ ၂ လနီးပါးကြာလာပေမဲ့ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသွားသူတွေအတွက် ဒေသခံတွေတောင်းဆိုထားတဲ့ လျော်ကြေးငွေကို MNDAA က မပေးဆောင်သေးသလို အမှုနဲ့ပတ် သက်ပြီး အရေးယူတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေ ပြောဆိုပါတယ်။“သူတို့ လျော်ကြေးငွေကိစ္စ ဘာမှမပေးသေးဘူး။ ဆေး ကုသစရိတ်ငွေတွေလည်း မပေးသေးဘူး။ အမှုက ဘာမှမပြီးစီးသေးဘူး။ ကျနော်တို့ပြောထားတာတွေ ဘာမှသူတို့ မလုပ်ပေးနိုင် သေးဘူး။ ဒါကြောင့် လိုအပ်တဲ့စာရွက် စာတမ်းအားလုံး သူတို့ရုံးကို ပြန်တင်တယ်”လို့ အမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက် နေသူ မုံးစီးကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ကိုးကန့်တပ်ဟာ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကို ဆေးကုသ စရိတ်နဲ့ သေဆုံးသွားသူတစ်ဦးချင်းကို တရုတ်ယွင်ငွေ တစ်သိန်းစီလျော်ကြေးပေးဖို့ သဘောတူထားတာလို့ သိရပါတယ်။ ဒါပေမယ့် အမြန်ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ဒေသခံတွေ ပထမတစ်ကြိမ်တောင်းဆိုခဲ့တယ် လို့ သိရပါတယ်။
ဒါ့အပြင် ကိုးကန့်တပ်ဟာ တစ်လကျော်ကြာလာတဲ့အထိ အကြောင်းမပြန်သလို သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံ တက်ခဲ့ရတဲ့ ဒေသခံ ၆ ဦး ဆေးရုံဆင်းတဲ့ ဧပြီလ ၁၇ ရက်နေ့ထိလည်း သဘောတူထားတဲ့ ဆေးကုသစရိတ်နဲ့ သေဆုံးသူ တွေအ တွက် လျော်ကြေးငွေကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ဧပြီလ ၁၈ ရက်နေ့ ဒုတိယအကြိမ် ထပ်မံ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ဆေးရုံဆင်းတဲ့ ဒေသခံ ၆ ဦးရဲ့ ဆေးကုစရိတ်ကိုကျေးရွာ ကော်မတီတွေ ဘက်က တာဝန်ယူပေးဆောင်ထားရတယ်လို့ သိရပါတယ်။ လျော်ကြေးပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေ အကြိမ်ကြိမ် တောင်းဆိုနေပေမယ့် ကိုးကန့်တပ်ကလက်ရှိအချိန်ထိ ဗဟိုအဆင့်လျှောက်ထားဆဲလို့သာပြောပြီး အကြောင်းတစ်စုံတစ်ရာ တုံ့ ပြန်တာ၊ တာဝန်ယူ လုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။“တကယ်လို့ သူတို့က သေဆုံးသူတွေအတွက် နစ်နာကြေး၊ ဆေးကုသစရိတ်၊ လျော်ကြေးတွေ ပေးပြီးရင် ဒီအမှုကတော့ ပြီးစီးသလောက်ရှိပြီလို့ အသိအမှတ်ပြုပေးလို့ရတယ်။ တရားရုံး အဆင့်သွားဖို့ ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့သူတွေကို အရေးယူ တရားရုံးတက်ရင် အကြောင်းကြားပေးမယ်ပြောလို့ ဒီက ရွာသား တွေအားလုံးလည်း သူတို့တရားရုံးတက်ရင် သွားဖို့သဘောတူထားကြတာဖြစ်တယ်။ ဒါပေမဲ့သူတို့ ဒါနဲ့ပတ်သက်ပြီး ဘာမှ မပြော လာသေးပါဘူး။ အဖြေမသိသေးဘူး”လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က မုံးစီး ကျေးရွာအနီး ပိန်းခမ်ရွာချောင်းဖျားပိုင်းမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့်တပ် MNDAA ကို အဲဒီနေရာမှာ ရွှေမတူးဖို့ ဒေသခံတွေ သွား ရောက်ကန့်ကွက်ကြချိန် အချင်းချင်း စကားများရန်ဖြစ်ခဲ့ကြပြီး MNDAA ဘက်က ရွာသားတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒေသခံအမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ Read in Full
၂၁။ မြင်းမထိတောင် သတ္တုတူးဖော်မှုကို လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်နဲ့ ဒေသခံဆွေမျိုးစုအကြား သဘောထား တင်းမာနေ
April 22, 2025
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မြင်းမထိတောင် သတ္တုတွင်းတူးဖော်ဖို့ ဆောင်ရွက်နေမှုကို ဒေသခံတွေက ဆက်တိုက်ကန့်ကွက်နေပေမဲ့ လုပ်ငန်းရှင်ကုမ္ပဏီဖက်ကလည်း စက်ယန္တရားပို့ဆောင်နေဆဲ ဖြစ်တာကြောင့် လုပ်ငန်းရှင်နဲ့ဒေသခံတွေအကြား သဘောထားတင်းမာနေတယ်လို့ နယ်မြေခံ ပရာဒေါင်းဆွေမျိုးစုဘက်က ပြော ပါတယ်။ မြင်းမထိတောင် သတ္တုတူးဖော်မှု လုပ်ငန်းအတွက် စက်ယန္တရား၊ လူလုပ်သား၊ ကုမ္ပဏီတာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဧပြီလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး အပြီးအပိုင်ရုတ်သိမ်းပေးဖို့ ပရာဒေါင်းဆွေမျိုးစုက လေးပွင့်ကြယ် ကုမ္ပဏီကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပိုင်မစ္စတာဝမ် ကုမ္ပဏီက ဆက်လက်ပို့ဆောင်နေခဲ့တာကြောင့် နယ်မြေခံ ပရာဒေါင်းဆွေမျိုးစုနဲ့အတူ သိကျိတ်ကျေးရွာဒေသခံတို့က ပူးပေါင်းပြီး သိကျိတ်ကျေးရွာအဝင်မှာ ဧပြီလ ၁၅ ရက်နေ့ကစလို့ သွားလာတဲ့ လမ်းကို ပိတ်ဆို့တားဆီးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဧပြီလ ၁၇ ရက်နေ့တုန်းက မစ္စတာဝမ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လေးပွင့်ကြယ် ကုမ္ပဏီကိုယ်စားလှယ် ၅ ဦးက မြင်းမထိနယ်မြေဒေသခံ ပရာဒေါင်းဆွေမျိုးစု ကိုယ်စားလှယ်တွေ နဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။
နှစ်ဖက်တွေ့ဆုံမှုမှာ ခဲ၊ သတ္တုတူးဖော်မှုလုပ်ငန်းကို ချက်ချင်းရပ်တန့်လိုက်ပါက နှစ်ဖက်စလုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ လေးပွင့်ကြယ် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ကြောင်း ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြော ပါတယ်။“သူတို့က ကျနော်တို့ဖက်လည်း မဆုတ်ရင် သူတို့ဖက်လည်း မဆုတ်ဘူးဆိုတဲ့ပုံစံပေါ့နော။ နှစ်ဖက်စလုံးတင်းမာနေတဲ့ အနေအထားပေါ့။” လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။ တွေ့ဆုံမှုအတွင်း သဘောတူညီချက်တစ်စုံတရာကို မချမှတ်နိုင်ခဲ့တဲ့ အပြင် ဒေသခံဖက်က ပိတ်ဆို့မှုလုပ်ပေမယ့် ကုမ္ပဏီဖက်က ခဲ၊ သတ္တုတူးဖော်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမယ့် အနေ အထားမှာရှိတယ်လို့ ခွန်းအောင်နိုင်စိုးက ဆက်ပြောပါတယ်။ လုပ် ငန်းရှင်ကုမ္ပဏီနဲ့နယ်မြေဒေသခံတွေအကြား ပွင့်လင်းမြင်သာ တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ သဘောတူညီချက် မချမှတ်နိုင်သရွေ့ သတ္တုတူးဖော်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာဖြစ် ကြောင်းလည်း ပရာဒေါင်းဆွေမျိုးစုက သဘော ထားထုတ်ပြန်ထားပါတယ်။ အကြီးစား ခဲ၊ သတ္တုတူးဖော်ဖို့အတွက် ဦးသန်းစိုးနိုင် ဦးဆောင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ တရုတ်ပိုင် မစ္စတာဝမ် ကုမ္ပဏီတို့က ၅ နှစ်စာချုပ်ချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ Read in Full
၂၂။ သျှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်နိုင်ရန် SSNDF ဖွဲ့စည်း
April 21, 2025
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းတောင်အမျိုးသား ကာကွယ်ရေး တပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ပြီး KNDF ၏စစ်ရေး (COC )ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်စွဲဖြင့် အဆိုပါအဖွဲ့အစည်းအသီးသီးက သတင်းထုတ်ပြန်လာကြသည်။“ကျနော်တို့ ရည်ရွက်ချက်ကတော့ ရှင်းပါတယ်။ ကျနော်တို့ သျှမ်းတောင်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပေါင်းပြီးတော့ စစ်ဦးစီးတစ်ခု အောက်ကနေပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေလုပ်ဖို့ ရည်ရွယ်ချက်ပါပဲ”ဟု SSNDF/KNDF ဗျူဟာ (၉) ၏ စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက ပြောသည်။ SSRY နှင့် SSPDF တို့သည် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD အောက်တွင် ၃ နှစ်ကျော်ကာလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး မြေပြင်အခြေအနေအရ စုဖွဲ့မှုပုံစံသစ်ပြုလုပ်ရန် ဝန်းကြီးဌာနက ခွင့်ပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သျှမ်းတောင်အမျိုးသား ကာကွယ်ရေးတပ် SSNDF အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး KNDF ၏ စစ်ရေး COC အောက်သို့ ဝင်ရောက်ကာ သျှမ်းပြည်တောင်ပိုင်းကို ဝင်ရောက်ထိုးဖောက်နိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း SSNDF/KNDF ဗျူဟာ (၉) ၏ စစ်ထောက် စိုင်းဆိုင်ဖက ပြောသည်။“ကျနော်တို့ကတော့ KNDF ရဲ့ စစ်ဦးစီးအောက်မှာ အချိန် အတိုင်းအတာတစ်ခုနေမယ်။ ပြီးမှ သျှမ်းပြည်တောင်ပိုင်းကို ဝင်နိုင်လောက်တဲ့ အနေ အထားတစ်ခုကို ဖြစ်ပြီးဆိုမှ သီခြားတည် ထောင်မယ်။ အခုတော့ KNDF ရဲ့ စစ်ဦးစီးနဲ့ သွားမယ်၊ KNDF ရဲ့ စစ်ဥပဒေအတိုင်းပဲ လိုက်နာပြီးတော့ ကျနော်တို့က သျှမ်းတောင် ကို ထိုးဖောက်ဝင်ရောက်မယ်။ ကိုယ်ပိုင် ထိန်းချုပ်နယ်မြေတွေ၊ ကိုယ့်ပြည်နယ်အရေးရဖို့ ကြိုးစားမယ်”ဟု စိုင်းဆိုင်ဖက ပြော သည်။ ထို့ပြင် စစ်ကောင်စီတပ်များအား တိုက်ထုတ်ပြီး သျှမ်းပြည်တောင်ပိုင်းတွင် မှီတင်းနေထိုင်သော လူမျိုးစု အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊ အမျိုးသား နှင့် တန်းတူညီမျှရေး ရရှိအောင် ကြိုးစားသွားမည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။ Read in Full
၂၃။ ထားဝယ်ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါဖြင့် အမျိုးသားတစ်ဦးသေဆုံး
April 21, 2025
ထားဝယ်ဆေးရုံကြီးတွင် ဧပြီလ ၂၀ ရက်က ခွေးရူးပြန်ရောဂါဖြင့် အမျိုးသားကြီးတစ်ဦး သေဆုံးပြီး ယနေ့ သင်္ဂြိုဟ် မည် ဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ထားဝယ်) ထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ကျောက်ထရံကျေးရွာဇာတိ အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသားသည် နေမကောင်း၍ ကံပေါက် ဆေးရုံတွင် စတင်ပြသရာ ခွေးရူးပြန်ရောဂါလက္ခဏာတွေ့ရှိသဖြင့် ထားဝယ် ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ကြောင်း အထက်ပါ အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့လွှဲပြောင်းကုသပြီး နှစ်ရက် အကြာတွင် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကူးစက်ရောဂါဖြစ်တဲ့အတွက် အလောင်းကိုသတ်မှတ်ဝတ်စုံတွေနဲ့ကိုင်တွယ်ဖို့ အခုပဲပြင်ဆင်နေပါတယ်”ဟု အထက် ပါ တာဝန်ရှိသူက ပြောဆိုသည်။ ခွေးရူးပြန်ရောဂါသည် ကူးစက်လွယ်သည့် ရောဂါဖြစ်သဖြင့် သတိထားရန်လိုကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လတွင်လည်း ခွေးရူးပြန်ရောဂါကြောင့် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က အမျိုးသမီးတစ်ဦးနှင့် ကျွဲသုံးညီမကျေးရွာကကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ အလားတူ ၂၀၂၃ ခုနှစ်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ က အသက် ၁၆ နှစ်အရွယ်ရှိ လူငယ်တစ်ဦးမှာလည်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သည်။ ခွေးကိုက်ခံရလျှင် ခွေးရူးပြန် ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးသဖြင့်ပြီး ကာကွယ်ဆေးကိုလည်းအကြိမ်ရေအပြည့်ထိုးရန်လိုအပ်ကြောင်း ဆရာဝန်များက ပြောဆိုထားသည်။ Read in Full
၂၄။ စစ်ကောင်စီစစ်ကြောင်းများကို ဟန့်တားနိုင်ရေး ဒေါနစစ်ကြောင်း-၃ နှင့် မွန်၊ကရင်၊ ထားဝယ်တပ်ဖွဲ့များ စစ်ရေးပူးပေါင်း
April 21, 2025
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းများ ဟန့်တား နိုင်ရေးအတွက် ဒေါန စစ်ကြောင်း (၃) နှင့် မွန် ကရင် ၊ ထားဝယ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးမဟာမိတ် ပူးပေါင်းခဲ့ခြင်းဖြစ် ကြောင်း ဒေါနတပ်ခွဲ (၄) ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KBDF က ဧပြီ ၂၁ ရက်တွင် ထုတ် ပြန်သည်။ ယင်း စစ်ရေး မဟာမိတ် ပူးပေါင်းခြင်းကို ပြီးခဲ့သော မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေးအရ မဟာမိတ်ပူးပေါင်းခြင်းကို ဒေါနစစ်ကြောင်း(၃)(တပ်ခွဲ-၄၊တပ်ခွဲ-၆၊တပ်ခွဲ-၇)၊ KNU တပ်မဟာ (၆) တပ်ရင်း ၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF တပ်ရင်း-၁ ၊ ဓဝယ်တပ်တော် DNLA တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့ကြသည်။
“ကျွန်နော်တို့ စစ်ရေး အရ မဟာမိတ်ဖွဲ့ဖို့ အကောင်အထည်ဖော်ကြိုးစားနေတာကကြာပါပြီ။ အခုမှ အကောင် အ ထည်ဖော်ဖြစ်တယ်။ ကျွန်တော်တို့ အခုလုပ်ဆောင်တဲ့ ရည်ရွယ်ချက်က ရေရှည်မှာ စုစုစည်းစည်းနဲ့ ပိုပြီးလုပ်ဆောင်လာဖို့ရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်ထိန်းကြောင်းပေးဖို့။ ပြီးတော့ ရေဖြူမြို့နယ်အတွင်းဝင်ရောက်နေသော စစ်ကောင်စီ စစ်ကြောင်းများအားထိရောက်စွာ ဟန့်တားနိုင်ရန်နှင့် စစ်ရေးအရ အချိတ်အဆက်မိမိအရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြသည်”ဟု ဒေါနတပ်ခွဲ (၄) ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။ ယင်းအပြင် စစ်ရေးအရ မဟာမိတ်ပူးပေါင်းလိုက်ခြင်းအားဖြင့် မွန်၊ ကရင်တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့များအကြား အပြန် အလှန် ထိန်းကြောင်းနိုင်ရေးနှင့် လိုအပ်သော အကူအညီများ အပြန်အလှန် ပေးအပ်နိုင်ရန်အတွက် ကောင်းမွန်သော တွေ့ဆုံမှု ဖြစ်ခဲ့ကြောင်း ဒေါနစစ်ကြောင်း(၃) စစ်ကြောင်းမှူးက ဆိုသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှု မှနေ၍ ရလဒ်ကောင်းများ ရရှိခဲ့ပြီး အောင်မြင်သော စစ်ရေးဖော်ဆောင်မှုများရရှိ ရေးအတွက်လည်း ဘုံသဘောတူညီချက်များထားရှိ၍ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ Read in Full
၂၅။သံတောင်ကြီးမြို့နယ်မှ တောင်ငူသို့ဆင်းလာသော စစ်ယာဉ်တန်းကိုမိုင်းဆွဲမှု စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုရှိနိုင်
April 22, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီ ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီးမြို့နယ်မှ တောင်ငူမြို့ဘက်သို့ ဆင်းလာသော စစ်သားအင် အားပြည့်ပါ စစ်ကား ၆ စီးကို တောင်ငူ-လိပ်သို -သံတောင်လမ်းပိုင်းတနေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း သိရသည်။“သံတောင်ကြီးဘက်ကနေ တောင်ငူဘက် ကို ဆင်းလာတာ၊ အင်အားက ကား ၆ စီးအပြည့်ပါတယ်။ စခထိခိုက်သေဆုံးမှုကတော့ အခုထိစုံစမ်းနေတုန်းပဲ၊ တောင်ငူ – လိပ်သို ၊ တောင်ငူ – သံတောင်ကြီး လမ်းပိုင်းတွေမှာ စခကင်း ပုန်းတွေ ဝပ်နေတာရယ်၊ စစ်ကြောင်းထိုးနေတာတွေရယ်ရှိလို့ မိဘ ပြည်သူ တွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက်စစ် ကောင်စီတပ် ခလရ ၃၉ တပ်ထဲသို့ လူနာတင်ယာဥ်နှစ်စီးဝင်သွားကြောင်း၊ ထိခိုက်သေဆုံးမှု အရေအတွက်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ကီးကူစစ်ကြောင်းနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ ကွန်မန်ဒိုအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ Read in Full
၂၆။ တော်လှန်ရေးကာလ ၄ နှစ်အတွင်း CDF – Zophei ရဲဘော် ၁၆ ဦး ကျဆုံး
April 21, 2025
စစ်တပ်အာဏာသိမ်းပြီး နောက် Chinland Defense Force – Zophei တည်ထောင်ပြီး ၄ နှစ်အတွင်း မှာ ရဲဘော် ၁၆ ဦး ကျဆုံးခဲ့တယ်လို့ ဧပြီလ ၂၁ ရက်နေ့မှာ CDF – Zophei က ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ စစ်အာဏာရှင်စနစ် အမြစ် ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့တာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ ၄ နှစ် ပြည့်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် လေးနှစ်တာ တော်လှန်ရေးကာလအတွင်း ချင်းပြည် ချင်းလဲန်း နှင့် မြန်မာပြည်တ၀န်းတွင် တော်လှန်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တော်လှန်ရေးလေးနှစ်ကာလအတွင်း CDF – Zophei မှ ရဲဘော် စုစုပေါင်း ၁၆ ဦး အသက်ပေးလှူခဲ့ပြီး ရဲဘော်ပေါင်းများစွာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းများအားလုံးကို လည်း မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး တော်လှန်ရေးကာလအတွင်းအဖက်ဖက်မှပံ့ပိုးကူညီ ပေးကြတဲ့ ပြည်တွင်း၊ပြည်ပ ရှိ ပြည်သူလူထုများနှင့် တကွ မဟာမိတ်ကောင်းပီသစွာ ရပ်တည်ပေးကြတဲ့ မဟာမိတ်အဖွဲ့အစည်းများအားလုံးကိုလည်းအထူး ကျေးဇူး တင်ကြောင်းနှင့် ရှေ့ဆက်ပြီးလည်းတော်လှန်ရေးလုပ်ငန်းများအတူလက်တွဲဆောင်ရွက်သွားလိုကြောင်းဖော်ပြထားပါတယ်။ CDF–Zophei အနေ ဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းကာ စစ်မှန်သောလွတ်လပ်ရေးရရှိသည့်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပရှိ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဆုတောင်းခြင်း၊ အလှူငွေအားဖြင့် ပါဝင်ကူညီခြင်းများဖြင့် တတ်စွမ်းရာအခန်း ကဏ္ဍကနေ ပါဝင်သွားကြဖို့လည်းထပ်မံ တိုက်တွန်းထားပါတယ်။ Read in Full
၂၇။ AA ဖမ်းဆီးထားသော အချုပ်သား မိသားစုဝင် ၅ ဦး အနက် တစ်ဦး သေဆုံးမှု ဝေဖန်မှု မြင့်တက်နေ
April 22, 2025
အာရက္ခတပ်တော် AAက မိသားစုဝင် ၅ ဦးကို ပစ္စည်းခိုးမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးထားစဉ်တစ်ဦးမှာ သေဆုံးမှု ဖြစ်ပွားခဲ့မှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုမြင့်တက်နေသည်။ မိသားစုဝင် ၅ ဦးကို ပစ္စည်းခိုးယူမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်း ဆီးသွားခဲ့ပြီး ၅ လ ကျော်ကြာသည်တိုင် မိသားစုများနှင့်တွေ့ခွင့်မပေးခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ ဖမ်းဆီးခံရသူထဲက မိသားစု ဝင်တစ်ဦးဖြစ်သူ မအေးငြိမ်းဇော်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အာရက္ခတပ်တော် AA ၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ ဖမ်းဆီးထားသူ ၅ ဦးထဲက တစ်ဦးမှာ ခြေကျင်းဝတ်ဖြင့် တောင်အောက်သို့ ရေခပ်သွားစဉ်တွင် အာရက္ခတပ် တော် AA တပ်ဖွဲ့ဝင် တစ်ဦး မောင်းလာသည့် ကားတစ်စီးနှင့် တိုက်၍ သေဆုံးခဲ့ကြောင်း မအေးငြိမ်းဇော်က ပြောသည်။ “မတ် ၁၉ ရက်နေ့ ကျမ ရွာက သတင်းဆိုးတစ်ခု ကြားရတာ နားထဲကို သံမှိုရိုက်ထည့်လိုက်တာထက် ခံရခတ်ပါတယ်။ ကျမအစ်ကို ကားတိုက်ခံရလို့ အသက်မရှိတော့ဘူးတဲ့။ ဘာဖြစ်လို့လဲ မေးတော့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေ ခြေကျင်းဝတ်နဲ့ ရေခပ် ခိုင်း တယ်တဲ့၊ ရေခပ်ဖို့ သွားတဲ့အခါမှာ ကားက ဝင်တိုက်လိုက်တယ်။ တိုက်တဲ့သူ ဘယ်သူလဲမေးတော့ မသိဘူးလို့ ဖြေတယ်။ စဉ်းစား သာကြည့်ပေးတော့”ဟု မအေးငြိမ်းဇော်က ဆိုသည်။ မိသားစုဝင်တစ်ဦးဖြစ်သူ အေးငြိမ်းဇော်ကို ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းရာတွင် လောလောဆယ်ပြောဆိုရန် အဆင်မပြေသေးကြောင်းနှင့်ဖြေဖို့အဆင်သင့်ဖြစ်သည့်အချိန်တွင် ပြော ဆိုမည်ဟု ပြန်လည် ဖြေဆိုခဲ့သည်။
ULA/AA ၏ တရားစီရင်ရေး သတင်းအချက်အလက်ထုတ်ပြန်ရေးသည် ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် မိသားစုဝင် များမတရား ဖမ်းဆီးခံရမှုကိုလည်း မအေးငြိမ်းဇော်က ဝေဖန်ထောက်ပြထားသည်။ အာရက္ခတပ်တော် AA ၏ အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင် အကိုဖြစ်သူ ဗိုလ်မှူး ထွန်းမင်းနိုင်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧပြီ ၁၉ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ယခုကဲ့သို့ ရေးသားထားသည်။ “တွေ့ဆုံဖို့ တစ်ကြိမ်တောင်းဖူးတယ်။ အမှုက မိသားစုဝင်တွေ သံသယ ဖြစ်စရာ အခြေအနေမှာဖြစ်လို့တွေ့ခွင့်မပေးဘူး။ ရှေ့နေဌားခွင့်မရဘူးဆိုတာက အမှုကမပြတ်သေးဘူး”ဟု ပြန်လည်ရေးသားထားသည်။ အာရက္ခတပ်တော် AA ၏ အကြီးအကဲ ဗိုလ်မှူးထွန်းမင်းနိုင်၏ ပြောဆိုချက်ကို မအေးငြိမ်းဇော်က ငြင်းဆိုလိုက်ပြီး မိသားစု ဝင်များတွေ့ခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်းတွေ့ခွင့်မပေးသလို ရှေ့နေဌားရမ်းခွင့်မရခဲ့ကြောင်းပြန်လည်ချေပပြောဆို သည်။ ၅ လကြာသည်တိုင် မိသားစုများနှင့် တွေ့ခွင့်မပေးသည့်အပြင် ရှေ့နေဌားခွင့်မပေးသည်ပင်လျှင် ULA/AA ၏ တရားစီရင် ရေးသည် စဉ်းစားစရာ ဖြစ်လာသည်ဟု လူ့အခွင့်အရေး ရှေ့နေတစ်ဦးက ပြောသည်။ ရခိုင်ပြည်အတွင်း လူမှုအဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “ခေါင်းဆောင်လုပ်တဲ့ သူတွေကလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုပါတယ်။ အမှုကိစ္စတစ်ခုကြောင့် ဖမ်းဆီးထားတာ ၅ လကြာပြီးနော်၊ မိသားစုတွေကို တရားဝင် ချပြတာတွေ မလုပ်ဘူး။ ဒါတောင် မိသားစုဝင်တစ်ဦးက အွန်လှိုင်း ပေါ်ရေးတင်လိုက်လို့ ပြန်လည်တုန့်ပြန် တာက လုံးဝကို သဘာဝ မကျပါဘူး။ ဒီလိုအမှုဖြစ်စဉ် မျိုး ဘယ်လောက်များ ရှိအုံးမလဲ၊ ဒါကိုတရားစီရင်ရေးအပိုင်းမှာ သေချာကိုအများပြည်သူတွေသိအောင်ချပြရမယ်။ လက်လွတ်စလွယ်လုပ်တာကတော့ အဓိပ္ပာယ် မရှိပါဘူး” ဟုပြောသည်။ Read in Full
၂၈။ မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်က ဆားလုပ်ငန်းအများစု ရာသီမကုန်ခင် လုပ်ငန်းရပ်နားလိုက်ရ
April 22, 2025
မွန်ပြည်နယ်မှာ ရာသီဥတုဖောက်ပြန်မှုနဲ့အတူ မကြာခဏမိုးရွာသွန်းမှုကြောင့် နေလှန်းဆားလုပ်ငန်းအများစု ဆားရာသီ မကုန်ခင်မှာပဲ လုပ်ငန်းတွေ ရပ်နားလိုက်ရတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။ ဒေသတွင်းမှာ ဧပြီလ ဒုတိယအပတ် လောက်ကစပြီး နေ့စဉ်နီးပါး မိုးရွာသွန်းနေတာကြောင့် ဆားကွင်းတွေ ပျက်စီးသွားတာ၊ ဆားတွေကို နေပြန်လှန်းလို့မရတဲ့ အခြေ အနေတွေကြောင့် ဆားလုပ် ငန်းအများစု လုပ်ငန်းရပ်နားလိုက်ရတာပါ။ ဆားတောင်သူတစ်ဦးကတော့ မိုးရွာသွန်းနေမှုကြောင့် ဆားရဖို့ အလားအလာမရှိတာ၊ ပျက်စီးသွားတဲ့ ဆားကွင်းတွေကို အစအဆုံးပြန်လုပ်ရမယ့် အခြေအနေဖြစ်သွားတဲ့အတွက် ဒီနှစ် စောစောသိမ်း လိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။“အရင်က မေ ၁၅/၁၆ တကယ်လို့ ရာသီဥတု မဖောက်ဘူးဆိုရင်တော့ မေ ကုန်ခါနီးလောက်မှာပဲ ကွင်းသိမ်းကြတာများတယ်။ ဒီနှစ်က စောစောသိမ်းရတယ်။ နောက်ပြီးတော့ မိုးကဆက်တိုက် ဖြစ်သွား တဲ့အခါ ကွင်းကဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အစကနေအဆုံး ပြန်လုပ်ရမယ့် အခြေအနေ ဖြစ်သွားပြီ။ အများစုက သိမ်းလိုက်ကြပြီ”လို့ ဆိုပါတယ်။
ဒါ့အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ဆားလုပ်ငန်းတွေကို ရာသီမကုန်ခင်သိမ်းလိုက်ရတဲ့အတွက် ဆားတောင်သူ တွေအနေနဲ့ နစ်နာမှုရှိသလို ဆားအထွက်နှုန်းတွေပါ သိသိသာသာ ကျဆင်းသွားတယ်လို့ သူက ဆက်ပြောပါတယ်။ ဒေသတွင်း ကဆားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတတိယအပတ်လောက်က စတင်ထွက်ရှိတာ ဖြစ်ပြီး စတင်ထွက်ရှိချိန် နေလှန်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁၅၀ ဝန်းကျင်သာရရှိရာမှ လက်ရှိ ဆားအထွက်နှုန်း နည်းတဲ့အတွက် ကျပ် ၃၀၀ ကျော်ထိ ဈေးနှုန်းမြင့် တက် လာတယ်လို့ ဆားတောင် သူတွေက ပြောကြပါတယ်။ ဒေသတွင်းက ထွက်ရှိလာတဲ့ နေလှန်းဆားကြမ်းတွေကိုတော့ ငါးလုပ်ငန်း လုပ်ကိုင်သူတွေ၊ ဆားချော ပြန်လည်ထုတ်လုပ်သူတွေအပြင် ဆားနဲ့ပတ်သက်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေက ဝယ်ယူ အသုံးပြု များကြတာ ဖြစ်တယ်လို့ သိရပါတယ်။ မွန်ပြည်နယ်မှာ နေလှန်းဆားတွေကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိကလုပ် ကိုင်ကြတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ ဆားတွေကိုတော့ ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေးအပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ကိုလည်း တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ Read in Full
၂၉။ တန်ကူးအတွင်း PNO ပြည်သူ့စစ်(အွိုင်း)အဖွဲ့ချင်းအရက်သောက်စဥ် သေနတ်ဖောက်ရာအချင်းချင်းထိပြီး ဒဏ်ရာရ
April 21, 2025
နောက်ကားအုပ်စု ညောင်ခံရွာနေ PNO ပြည်သူ့စစ်(အွိုင်း)အဖွဲ့ဝင်တို့ တန်ကူးသင်းကြန်ကာလ အရက်ဝိုင်းသောက်စဥ် သေနတ်ဖောက်ရာမှ အချင်းချင်းပြန်ထိပြီး ဒဏ်ရာရသွားကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့နယ် နောင်ကားကျေးရွာအုပ်စု ညောင်ခံရွောနေ PNO ပြည်သူ့စစ်အဖွဲ့ဝင် ခွန်မောင်းချော်မှ အရက်သောက်စဥ် မိုးပေါ်ထောင် သေနတ်ဖောက်ပြီး သေနတ်အားဘေးတွင်ချထားစဥ် ကျည်ထွက်ပြီးဘေးရှိတစ်ရွာတည်းနေ အဖွဲ့ဝင်ချင်းဖြစ်သည့် ခွတ်တဦး၏ ပခုံးအားကျဥ်ထိမှန်ခဲ့သည်၊၊ “အာ့နေ့ကရွာမြောက်မှာ ပျော်ပွဲလုပ်ကြတာပေါ့ မောင်းချော်ကသေနတ်ဖောက်ပြီး သေနတ်ကိုဘေး မှာချ ထားချိန် ကျည်ဆံကသူ့သူထွက်သွားတာ ခုအောင်ပန်းဆေးရုံမှာပို့ထားတယ် သူကြီးတွေကသတင်းမထွက် ဘူးပိတ်ထား တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်၊၊
ယခင်က(အွိုင်း)ပြည်သူ့စစ်များအား သေနတ်ပေးကိုခြင်းမရှိသော်လည်း လက်ရှိတွင် သေနတ်ပေးထားခြင်းများရှိနေပြီး ကင်းစောင့်ခိုင်းခြင်းများရှိနေကြောင်း သိရသည်၊၊ “အာဏာပြချင်တာလည်းပါတာပေါ့ သေနတ်ရတော့ သင်တန်းသေချာတက် ထားတာမရှိတော့ ကျည်ခလုတ်ကိုဖွင့်ပြီးချထားတဲ့ခါ ကျည်ထွက်တာနေမယ်” ဟု ၄င်းကဆက်ပြေ ာသည်၊၊ လက်ရှိတွင် ဒဏ်ရာ ရရှိထားသည့် ခွန်တဦးအား အောင်ပန်းမြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသနေလျက်ရှိကြောင်း သိရသည်၊၊
၃၀။ လက်နက်အားကိုးပြီး ပြည်သူများအပေါ်ခြိမ်းခြောက်ငွေညှစ်တဲ့ ရဲသားနှစ်ဦးကို CDF-Hakha ဖမ်းဆီး
April 22, 2025
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိပြည်သူများကို လက်နက်အားကိုးပြီးငွေညှစ်ခြိမ်းခြောက်တဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံရဲသားနှစ်ဦးဖမ်းဆီးထားတယ်လို့ CDF-Hakha က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံရဲသားနှစ်ဦးတို့ဟာ အပြစ်မဲ့ပြည်သူများကို ငွေညှစ်လုယှက်နေတာကြောင့် ဟားခါးမြို့ ထဲမှာ မနေ့ဧပြီလ ၂၁ ရက်နေ့ ကဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ဆိုပါတယ်။ ဆက်လက်ပြီးအပြစ်မဲ့ပြည်သူများကို ဒုက္ခမျိုးစုံပေးနေတဲ့အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များကို လိုက်လံအရေးယူ သွားမယ်လို့ CDF-Hakha က အသိပေးထားပါတယ်။
ချင်းပြည်နယ်အတွင်းရှိ မြို့ပေါင်း ၉ မြို့ထဲမှာ ၆ မြို့ကို ချင်းပြည်ကောင်စီ နဲ့ မဟာမိတ်များ၊ ချင်းညီနောင်နဲ့ မဟာမိတ် များက သိမ်းပိုက်ထားပြီဖြစ်ကာ လက်ရှိမှာ ဟားခါးမြို့၊ ထန်တလန်မြို့နဲ့ တီးတိန်မြို့စတဲ့ သုံးမြို့မှာသာအကြမ်းဖက် စစ်ကောင်စီ တပ်များ ကျန်ရှိနေတာဖြစ်ပါတယ်။ Read in Full
၃၁။ PDF များ အင်အားကြီးမားလာသဖြင့် သတိထားကြရန် ဒုစစ်ခေါင်းဆောင်ပြော
April 21, 2025
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် PDF တွေ အင်အားကြီးထွားလာတာကြောင့် တပ် ရင်း တပ်ဖွဲ့တွေ သတိထားဖို့နဲ့ ရန်သူကို အထင်မသေးဖို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။ မနေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ် မှာ ငလျင်ဘေးအတွက် ကူညီထောက်ပံရေး အစည်းအဝေးလုပ်ရာမှာ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက် တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကစထမှူးတွေနဲ့ တိုင်းမှူးအချို့ကို ပြောဆိုခဲ့တာလို့ နေပြည်တော်တိုင်းစစ်ဌာန ချုပ်(နပတ) နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။“ငလျင်ဘေးလည်းလုပ်၊ PDF တွေရဲ့ သတင်းလည်းနားစွင့်။ အခု ဆို PDF တွေက နေပြည်တော်အထိ ခြိမ်းခြောက်လာတယ်၊ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မြှောက်ပေးနေတော့ အင်အားက တစစကြီးထွားလာတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ရင် ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့လိုတယ်၊ ဖြစ်လာလို့ အဖမ်းခံရရင် ကိုယ့်ဖြစ်ကိုယ်ခံ၊ ဘယ်သူမှ မကယ်ဘူး၊ ဒုချုပ်က ပြောတယ်။” ဒါ့အပြင် စစ်ဆင်ရေးမဟုတ်ဘဲ အလုပ်ကိစွနဲ့ ခရီးသွားလာရာမှာ မိမိကိုယ်ကို တပ်ကသူမှန်းမသိအောင် ရုပ်ဖျက်သွားလာရမည်ဖြစ်ပြီး တာဝန်ရှိသူအဆင့်ဆင့်ကိုသတင်းပို့ဖို့လည်း ပြောဆိုခဲ့တယ် လို့ သူကရှင်းပြပါတယ်။
အခုလို ပြောဆိုတာဟာ ဧပြီ ၁၉ ရက်က နေပြည်တော်ကောင်စီ နယ်မြေထဲမှာ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ထဲ ကပစ ၁၃ က ထုတ်လုပ်ရေးမှူး ဗိုလ်မှူးအပါအဝင် ၃ ယောက်ကို PDF တွေ ဖမ်းဆီးသွားပြီးနောက် သတိပေးပြောဆိုတာလို့ ကပစနဲ့နီး စပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။“ကပစ ၁၃ ကစက်ရုံမှူးလည်း အဲ့ကိစွနဲ့ရှင်းနေရတယ်။ အဖမ်းခံရတာလည်း နေပြည်တော်ဆက်စပ်နယ်မြေထဲမှာပိုဆိုးတယ်။ ပြောရရင်နေပြည်တော်ကို PDF တွေကခြိမ်းခြောက်လာတယ်ဆိုတဲ့ သဘော။” စစ်တပ်အာဏာသိမ်းပြီး ဒုစစ်ခေါင်းဆောင် စစ်ရေးကို ကိုင်တွယ်ရချိန်မှာ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်းတပ်ဖွဲ့စခန်း ၁၀၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ PDF တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Read in Full
၃၂။ AA က ဆိုင်ကယ် ဦးထုပ်ဆောင်းရန် ကြပ်မတ်ပြီးနောက် ဆိုင်ကယ် ဦးထုပ် စျေးမြင့်တက်လာ
April 22, 2025
အာရက္ခတပ်တော် AA ထိန်းချုပ်မြို့နယ်များတွင် ဆိုင်ကယ်စီးသူများအား ဆိုင်ကယ်ဦးထုပ် မဖြစ်မနေဆောင်းကြရန် ကြပ်မက်ပြီးနောက် ဆိုင်ကယ် ဦးထုပ်များအား စျေးမြှင့်ရောင်းချမှုများ ရှိနေသည်။ ဆိုင်ကယ်စီးသူများ ဆိုင်ကယ် ဦးထုပ်မဖြစ် မနေ ဆောင်းရန် ကြပ်မက်ခြင်းကို ယခုလပိုင်းအတွင်း မြို့နယ် အလိုက် စတင် လုပ်ဆောင်ပြီးနောက် ဆိုင်ကယ် ဦးထုပ်စျေးနှုန်း မှာ မူလထက် စျေး ၂ ဆ ခန့် ဈေးမြှင့် ရောင်းချလာကြသည်။ မင်းပြားမြိုခံတစ်ဦးက “ဆိုင်ကယ် ဦးထုပ်အကောင်းထဲက ဆိုရင် ၁ သိန်းလောက်တောင်းနေကြတယ်။ အရင်က ဒီလောက် မရှိပါဘူး။ ၄ သောင်းကျော် ၅ သောင်းလောက်ပဲ။ အခု ဦးထုပ်မဆောင်း မနေရလုပ်ပြီးမှစျေးမြင့်သွားတာ။ ဒီစျေးနှုန်းနဲ့ ဝယ်နိုင်တဲ့သူမရှိသလောက်နည်းတယ်”ဟုပြောသည်။ ယခင်က ဆိုင်ကယ် ဦးထုပ် ဈေးနှုန်းမှာ အမြင့်ဆုံး ကျပ် ၄၀၀၀၀ မှ ၅၅၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင်မူ ကျပ် ၁ သိန်း အထိရှိနေကြောင်း ဆိုင်ကယ် ဦးထုပ် အရောင်းဆိုင်များမှ ပြောသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက်မှတင်သွင်းလာသည့်ဆိုင်ကယ်ဦးထုပ်များမှာစျေးနှုန်းသက်သာသော်လည်းအရည်သွေးမကောင်း ၍ အဆင်မပြေကြောင်းနှင့် အန္တရာယ် မကင်းကြောင်း မြောက်ဦး ဒေသခံတစ်ဦးကပြောသည်။ “စျေးနည်းတာဆို ဘင်္ဂလားကချ လာတဲ့ဦးထုပ်တွေတော့ ရှိတယ်။ ၁၅၀၀၀ ကနေ ၃၅၀၀၀ ဝန်းကျင်စျေးရှိတယ်။ ဒါပေမယ့် ဒီဦးထုပ်တွေက ပုံမှန် ဦးထုပ်တွေလို အဆင်မပြေဘူး။ ပြီးတော့ အန္တရာယ်လည်းမကင်းဘူး” ဟုပြောသည်။ ထို့အပြင် ဆိုင်ကယ် တစ်စီးတွင် လူ ၃ ဦးမစီးရန် ကြပ် မက်ခြင်းကို အာရက္ခတပ်တော်မှ မြို့နယ်အလိုက်လုပ်ဆောင်ထားပြီး ပြစ်ဒဏ်များမှာလည်း မြိုနယ်အလိုက် ကွာခြားမှုလည်း ရှိနေသည်ကို တွေ့ရသည်။ ဒေသခံများကမူ အဆိုပါစည်းကမ်းချက်များမှာ မဖြစ်လိုက်နားရမည့် အရာများဖြစ်သော် လည်းဆိုင် ကယ် ဦးထုတ်စျေးနှုန်းများမြှင့်တင် ရောင်းချနေခြင်းကိုလည်း ပြန်လည်ကြပ်မက်ရန် လိုအပ်နေသေးကြောင်းပြောဆို ကြသည်။ Read in Full
၃၃။ လားရှိုးကိုဝင်လာသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်လူကြီးများ ကြိုဆို
April 22, 2025
စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ် ယာဉ်တန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ လူကြီးများက ခရီးဦးကြိုဆိုခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံများထံမှ သိရသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်က MNDAA တပ်ဖွဲ့ဝင်များ လားရှိုးမြို့မှ အပြီးသတ် ဆုတ် ခွာသွားခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်သည် မော်တော်ယာဉ် ၇၀ ထက်မနည်းပါဝင်သည့် စစ်ယာဉ်တန်းဖြင့် ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောသည်။“မြို့ပြင် မယ်ဟန်ဘက်ကနေ စစ်ကားအစီးရေ ၇၀ ကျော်နဲ့ ဝင်လာပါတယ်။ အဝိုင်း ပတ်မှာ ကားအပြည့်နဲ့ ယူနီဖောင်းအပြည့်နဲ့ဝင်လာတာပါ။ ကိုးကန့်ဘက်က လူကြီးတွေလည်းကြိုနေကြတယ်”ဟု မျက်မြင်တွေ့ ရှိခဲ့သည့် လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ မျက်စိတစ်ဆုံးအထိရှည်လျားသည့်စစ်ယာဉ်တန်းသည် မယ်ဟန်ရွာဘက်မှနေ၍ လားရှိုးမြို့တွင်းသို့ ဝင်ရောက်သွားပြီးနောက် အချို့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လားရှိုးတက္ကသိုလ်ရှေ့တွင် ရောက်ရှိနေ ကြောင်း မြို့ခံ နောက်တစ်ဦးက ပြောသည်။“အခု လားရှိုးတက္ကသိုလ် အရှေ့မှာတော့ သူတို့တွေ နေရာယူထားပါတယ်။ စစ်ဒဏ် ကြောင့်ပျက်စီးသွားတဲ့ဒဏ်ကို ပြန်ပြင်ဖို့ထင်တယ်။ တပ်စွဲဖို့လောက်အထိတော့ မဖြစ်နိုင်ပါဘူး။ အင်အားနည်းနည်းပါးပါးပဲ ဆို တော့” ဟု ၎င်းတွေ့ရှိခဲ့သည်ကို ပြောသည်။
လတ်တလော လားရှိုးမြို့တွင်း၌ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြပြီး အပြောင်းအလဲမရှိကြောင်း ယင်းမြို့ခံများထံမှ သိရသည်။“ပုံမှန်အတိုင်းပါပဲ။ သွားလာနေကြတယ်။ ဘာမှစိုးရိမ်ထိတ်လန့်နေတာမျိုးတော့မရှိသေးဘူး” ဟု လားရှိုးမြို့ခံ အမျိုး သားတစ်ဦးက ပြောသည်။ လတ်တလော လားရှိုးမြို့အတွင်း MNDAA တပ်ဖွဲ့ဝင်များမရှိတော့သော်လည်း ၎င်းတို့၏ ရဲတပ်ဖွဲ့ အချို့နှင့် လူကြီးအချို့ကျန်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။“ကိုးကန့်ဘက်ကလူတွေကတော့ အနည်းအကျဉ်းပဲရှိပါတော့ တယ်။ စစ်တပ်က နေရာပြန်ယူနေကြပြီ” ဟု လားရှိုးမြို့တွင်ရောက်ရှိနေသူတစ်ဦးက ပြောသည်။ သို့သော် လားရှိုးမြို့ဆေးရုံကြီး အပါအဝင် အစိုးရဌာနရုံးများမှာမူ MNDAA တပ် စတင်ဆုတ်ခွာသွားခဲ့စဉ်ကအတိုင်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ ယခုကဲ့ သို့ စစ်ကောင်စီတပ်ပြန်လည်ဝင်ရောက်လာခြင်းကြောင့် မြို့ခံအချို့ ထိတ်လန့်မှုရှိနေပြီး အချို့လည်း ပုံမှန်အတိုင်းရှိနေကြကာ ကိုးကန့်တပ်စိုးမိုးပြီးနောက် လားရှိုးမြို့တွင်ပြန်လည်ဝင်ရောက်နေထိုင်နေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့်ပြန်လည် ထွက်ခွာသွားကြပြီဖြစ် သည်ဟု သိရသည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။