သတင်း

NUG ဝန်ကြီးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

NUG ဝန်ကြီးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၁၈၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဒီကနေ့ ဧပြီ ၁၈ ရက် နံနက်ပိုင်းမှာ Teleconference အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာတော့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးအပါအဝင် NUG နဲ့ အာဆီယံ တို့ကြား ထိတွေ့ဆက်ဆံမှုတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ NUG ဘက်က သတင်းထုတ်ပြန်ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဘက်ကလည်း အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် မိနစ် (၄၀)ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီများနှင့် အကူအညီ အလိုအပ်ဆုံးသူများကို ထိရောက်စွာပေးနိုင်ရေးက အရေးကြီးကြောင်းကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောင်သင့်လျော်သည့်အချိန်တွေမှာလည်း မလေးရှားနိုင်ငံမှာ လူကိုယ်တိုင်တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ကဟာ NUG ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှု မလုပ်ခင် စစ်ကောင်စီ ဥက္ကဌနဲ့ ယမန်နေ့ ဧပြီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြိုတင် လူတွေ့ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံးဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလည်း ရှိခဲ့ကြကာ အာဆီယံနဲ့ တွေ့ထိ ဆက်ဆံရေးကိုလည်း ကန့်ကွက်မှု မရှိခဲ့ဘူးလို့လည်း ထည့်သွင်း ပြောထားပါတယ်။

ဓါတ်ပုံ – NUG, Anwar Ibrahim (Facebook)

Related Articles

Back to top button