
လိုင်ဇာနဲ့ လွယ်ဂျယ် တရုတ်နယ်စပ်ဂိတ်ကနေ အကန့်အသတ်နဲ့ ကုန်တချို့တင်သွင်းခွင့်ပြု
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၇၊ ၂၀၂၅
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်ထားတဲ့ လိုင်ဇာနဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကို တရုတ်အာဏာပိုင်ဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့တာကြောင့် နယ်စပ်ဒေသက ကုန်သည်တွေ အကန့်အသတ်နဲ့ ကုန်ပစ္စည်းတချို့ တင်သွင်းခွင့်နဲ့ သယ်ယူခွင့် ရရှိနေကြတယ်လို့ သတင်းရင်း မြစ်တွေဆီက သိရပါတယ်။
“အရင်ကလိုတော့ လူတွေအဝင်အထွက် လွတ်လပ်စွာနဲ့ သွားလို့ မရသေးဘူး။ ဒါပေမယ့် နယ်စပ်ဒေသတွေမှာ စိုက်ပျိုးကြတဲ့ ကြံကို နယ်ခံတွေ အဓိက သွင်းပြီး တခြား သီးနှံဖြစ်တဲ့ ဖရဲတွေကို အကန့် အသတ်နဲ့ တင်သွင်း ခွင့်ပြုထားတယ်။ တရုတ်ဘက်က စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတချို့ကိုတော့ သယ်ယူခွင့်ပြုတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာနဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ စတင်ပြီး နယ်စပ်ဂိတ် ဖွင့်လှစ်ခဲ့ပြီလို့ သတင်းတွေထွက်ခဲ့ပေမယ့် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းက စတင်ပြီး နယ်စပ် ဒေသခံတွေ တရားဝင်ကုန်တွေ သယ်ယူ တင်သွင်းခွင့် ရခဲ့ကြတာပါ။
အခုလို တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်လာတာဟာ မြန်မာဘက်က မြေရှားသတ္တုတွေကို အဓိက သယ်ယူနိုင်ဖို့ ဖြစ်တယ်လို့ ဒေသအရေး လေ့လာသူတွေဘက်ကတော့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဓါတ်ပုံ – Getty Images