
မြေငလျင်ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၆၊ ၂၀၂၅
မြေငလျင်ကူညီဒဏ်ကြုံနေရတဲ့ မြန်မာပြည်အတွက် ကူညီကယ်ဆယ်ရေးပြုလုပ်မယ့် အဖွဲ့အစည်းများဟာ ချမှတ်ထားတဲ့ မူဝါဒအတိုင်း ကြိုတင်ခွင့်ပြုချက် ယူရမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။
မြေငလျင်ကူညီကယ်ဆယ်ရေးလုပ်မည့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည် ဆောင်ရွက် ခွင့်မရှိဘဲ စစ်ကောင်စီက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ကြိုတင် ခွင့်ပြုချက် တောင်းခံယူရမယ်လို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက ယမန်နေ့ ဧပြီ ၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးကတဆင့် ပြောကြားလိုက်တာပါ။
ဒုစစ်ခေါင်းဆောင်က “ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင်ရွက် ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင် ရွက်သွား ရန်လိုကြောင်း” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း သက်ဆိုင်ရာနယ်မြေများသို့ ရောက် ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGOs အဖွဲ့အစည်းများကို ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့တယ်လို့ စစ်တပ်အာဘော် သတင်းဌာနများက ထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ – Getty Images