သတင်း

မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခဲ့လို့ ဆောက်လုပ်ရေးတာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီပြော

မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခဲ့လို့ ဆောက်လုပ်ရေးတာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီပြော

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၆၊ ၂၀၂၅
 
မြန်မာ့ မြေငလျင်ဒဏ်သင့်ခဲ့ချိန် ငလျင်ဒဏ်မခံနိုင်ဘဲ မလိုလား အပ်တဲ့ လူ့အသက်များစွာ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ဆောက်လုပ်ရေး တာဝန်ရှိသူတွေကို ပြန်လည်စိစစ် အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
 
မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အဆောက်အအုံအများအပြား ပျက်စီးခဲ့ပြီး လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ကြပါတယ်။
 
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အဆောက်အအုံတွေ ဆောက် လုပ်တာမှာ ပေါ့ပေါ့တန်တန်လုပ်ခဲ့ တာကြောင့်လို့ အပြစ်တင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူ တွေကို သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ ဆောင်ရွက်ထားတာတွေကို ပြန်လည်စိစစ်ပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ ယမန်နေ့ ဧပြီလ ၅ ရက်နေ့မှာ ပြောဆိုလိုက်တာပါ။
 
ဒါ့အပြင် မျက်မြင်စစ်ဆေးချက်တွေအရ တချို့အဆောက်အအုံတွေဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း စစ်ခေါင်းဆောင်က ထည့်ပြောခဲ့ကြောင်း စစ်ကောင်စီ အာဘော် သတင်းဌာန ဖော်ပြထားပါတယ်။
 
စစ်ကောင်စီရဲ့ ယမန်နေ့ ဧပြီ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ မြေငလျင်ဒဏ်သင့်မှုကြောင့် သေဆုံးသူ (၃,၄၇၁) ဦး၊ ထိခိုက်ဒဏ်ရာရသူ( ၄,၆၇၁) ဦးနှင့် ပျောက်ဆုံးသူ( ၂၂၀ ) ဦး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
 
Photo: CINCDS

Related Articles

Back to top button