
စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာချက်အပေါ် ကိုယ်တိုင်လိုက်နာရန်လည်း လိုအပ်ကြောင်း KIO ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၂၊ ၂၀၂၅
စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ၂၀၂၅ ဧပြီ (၂) ရက်မှ (၂၂) အထိ ယာယီအပစ်ရပ်ကြောင်း ဒီကနေ့ ဧပြီ ၂ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
မြေငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်မည်ဆိုသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ ကမ်းလှမ်းချက်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဧပြီ (၁) ရက်နေ့က ပယ်ချလိုက်ပြီးနောက် ဒီကနေ့ ဧပြီ (၂) ရက်နေ့မှာတော့ ယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီက ထပ်မံထုတ်ပြန် လာတာပါ။
စစ်ကောင်စီ၏ ယာယီအပစ်ရပ်ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဘက်ကလည်း ငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ထုတ်ပြန်တာဖြစ်ကြောင်း နားလည်တာဖြစ်လို့ ဧပြီ (၂)ရက်နေ့မှ (၂၂) အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ တန်ပြန်ထုတ်ပြန်လာပါတယ်။
ဒါပေမယ့် စစ်ကောင်စီ၏ ယာယီအပစ်ရပ်ထုတ်ပြန်ချက် အပိုဒ်(၄)ပါ အကြောင်းအရာ အချက်အလက်များကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များသာမက မြန်မာ့တပ်မတော် (စစ်ကောင်စီ)ဘက် ကလည်း လိုက်နာရန် လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
စစ်ကောင်စီ၏ ယာယီအပစ်ရပ် ထုတ်ပြန်ချက် အပိုဒ်(၄)ပါ အကြောင်းအရာ ကတော့ “ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလ” စစ်ကောင်စီကရည်ညွှန်းတဲ့ ထိုကာလအတွင်း အပစ်ရပ်ထားမှာဖြစ်သော်လည်း စစ်ကောင်စီကလက်မခံတဲ့ ချွင်းချက်များကို ချိုးဖောက်တဲ့ လက်နက်ကိုင်များကိုတော့ တန်ပြန်တိုက်ခိုက်မှာ ဖြစ်တယ်လို့ ဖော်ပြထားသလို လက်နက်ကိုင်များအနေဖြင့် အင်အားစုဆောင်းခြင်းနှင့် စုဖွဲ့ပြင်ဆင်ခြင်းတို့ကို မပြုလုပ်ဖို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ အရပ်သားများနှင့် တပ်စခန်း၊ တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတို့ကို မပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
မတ် ၂၈ ရက်နေ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီကို တိုက်ခိုက်နေကြသော တော်လှန်ရေး တပ်ဖွဲ့များဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရက NUG/PDF တို့က ဧပြီလ ၁၃ ရက်နေ့အထိ ယာယီအပစ်ရပ်မှာဖြစ်ပြီး ညီနောင်မဟာမိတ်များဖြစ်ကြတဲ့ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကတော့ ဧပြီတစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း အသီးသီး ကြေညာထားကြပါတယ်။