သတင်း

တောင်ခမ်းမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့သုံး ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့တယ်လို့ TNLA ပြော

တောင်ခမ်းမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့သုံး ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့တယ်လို့ TNLA ပြော

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၆၊ ၂၀၂၅
 
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်က တောင်ခမ်းကျေးရွာမှာ စစ်ကောင်စစ်တပ်က အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်မှု ရှိခဲ့တယ်လို့ တအာင်းတပ် (TNLA) ဘက်က ထုတ်ပြန်ပါတယ်။
 
ယမန်နေ့ ဧပြီ ၅ ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီခန့်က တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် ဘယ်လို အဆိပ်ငွေ့ဗုံး အမျိုးအစားနဲ့ ဘယ်လိုကြုံတွေ့ ခံစားခဲ့ရတယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
 
စစ်ကောင်စီဟာ မြေငလျင် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးအတွက်ဆိုကာ ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ ရက်ပေါင်း (၂၀)ကြာ ယာယီအပစ်ခတ်ရပ်မှာ ဖြစ်ကြောင်း ပြောထားပေမယ့် အခုရက်ပိုင်းအတွင်း တအာင်းတပ် (TNLA) ရှိတဲ့ နေရာတွေဘက်ကို စစ်ကောင်စီက စစ်အင်အား ဖြည့်တင်း ထိုးစစ်ဆင် တိုက်ခိုက်မှုရှိနေပြီး မိုးကုတ်မြို့ အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင် ဟူးကျေးရွာတို့မှာလည်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့လို့ အရပ်သား နေအိမ် အများအပြားထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ် (TNLA) ဘက်က ထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီကို တိုက်ခိုက်နေကြသော တော်လှန်ရေး တပ်ဖွဲ့များဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG/PDFs) တို့က ဧပြီလ ၁၃ ရက်နေ့အထိ ယာယီအပစ်ရပ်မှာဖြစ်ပြီး ညီနောင်မဟာမိတ်များဖြစ်ကြတဲ့ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကတော့ ဧပြီတစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း အသီးသီး ကြေညာထားကြပါတယ်။
 
မြန်မာ့ မြေငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီက ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် အခြားဒေသတွေမှာလည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်လို့ အရပ်သား ကလေးငယ်နဲ့ အမျိုးသမီးများ အပါအဝင် သေဆုံးသူ ၇၀ ဦးခန့် ရှိလာတယ်လို့ NUG ဘက်က ထုတ်ပြန်ထားပါတယ်။
 
ဓါတ်ပုံ – PSLF/TNLA

Related Articles

Back to top button