သတင်း

ဦးဇင်ပိန်နဲ့ ကိုစိုင်းပီးတို့ သတ်ဖြတ်ခံရမှုအပေါ် ကျူးလွန်သူတွေကို တာဝန်ယူ၊ခံမှုဖြင့် အရေးယူပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ဦးဇင်ပိန်နဲ့ ကိုစိုင်းပီးတို့ သတ်ဖြတ်ခံရမှုအပေါ် ကျူးလွန်သူတွေကို တာဝန်ယူ၊ခံမှုဖြင့် အရေးယူပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

မတ် ၂၄၊ ၂၀၂၅

ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဆရာတော် ဦးဓမ္မသာရ (ခ) ဦးဇင်းပန် နဲ့ ဒကာ ကိုစိုင်းပီးတို့ သတ်ဖြတ်ခံရမှုအပေါ် ကျူးလွန်သူတွေကို တာဝန်ယူ၊ခံမှုဖြင့် အရေးယူပေးဖို့ ရှမ်းအရပ်ဘက် ၁၇ ဖွဲ့က အချက် ၄ ချက်ပါ ထုတ်ပြန်ချက်နှင့်အတူ ယမန်နေ့ မတ်လ ၂၃ ရက်နေ့က တောင်းဆို ထားပါတယ်။

ထုတ်ပြန်ချက်နဲ့စပ်လျဉ်းပြီး တာဝန်ရှိသူ ယိင်းမွေလျန်း(သျှမ်းကျောင်းသားသမဂ္င) ကတော့ “ အဓိကတော့ ဒီအမှုနှင့်ဆက်စပ်ပြီး ကျူးလွန်သူတွေကို တာဝန်ယူ၊ခံမှု ရှိရှိနဲ့ အရေးယူနိုင်စေချင်တယ်။ ပြီးတော့ နောက်ထပ် ကျူးလွန်မှုတွေ မဖြစ်အောင် လက်ရှိကျူးလွန်တဲ့အဖွဲ့တွေအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေကို NUG သို့လည်းကောင်း EROs အဖွဲ့တွေအနေနဲ့ သော်လည်းကောင်း စစ်ဥပဒေ စည်းမျဉ်းတွေနဲ့ COC အောက်မှာ ထိန်းချုပ်မှု ကန့်သတ် ကိုင်သွယ်ပေးသွားဖို့ ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်နက်မကိုင်ထားတဲ့ အရပ်သားပြည်သူတွေကို ဒလန်ရှင်းလင်းတယ်ဆိုတဲ့ စွပ်စွဲချက် အကြောင်း ပြချက်နဲ့သေချာ မစိစစ်ပဲနဲ့ ကျူးလွန်နေတဲ့လုပ်ရပ်မျိုး ဆင်ခြင်စေချင်သလို တရားလက်လွှတ် သတ်ဖြတ်နေတဲ့ ကိစ္စများကိုလည်း ကိုင်သွယ်အရေးယူနိုင်ဖို့ မူဝါဒတွေ သေချာပြဌာန်းကျင့်သုံးဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

အခုလို ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုမှု ရှိနေပေမယ့် လက်ရှိမြေပြင်မှာတော့ ဆရာတော် ဦးဓမ္မသာရ (ခ) ဦးဇင်းပန် နဲ့ ဒကာ ကိုစိုင်းပီး တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပျားစစ်ကြောင်းက သတ်ဖြတ်ခဲ့ ကြောင်း ဝန်ခံထားပေမယ့် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ ဖယ်ခုံမြို့ပြည်သူလုံခြုံရေး တပ်ဖွဲ့ (ပလဖ)က ဖယ်ခုံမြို့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာများမှာ ဒေသခံပြည်သူများကို ပျားစစ်ကြောင်း၏လုပ်ရပ် မှန်ကန်ကြောင်း ထောက်ခံလက်မှတ်များကို အဓမ္မလိုက်လံ ကောက်ယူနေတဲ့ ဖြစ်စဉ်လည်း ရှိနေလို့ ဒေသခံတွေရဲ့ လုံခြုံရေးကိုပါ စိုးရိမ်စရာဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု ထုတ်ပြန်တောင်းဆိုတဲ့ ရှမ်းအရပ်ဘက် ၁၇ ဖွဲ့ကတော့ ၁) အမှု၏ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံများ၊ ဒေသအတွင်းသို့ စစ်ရှောင်လာသော ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးဖို့၊ ၂) မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ လက်နက်ကိုင်ထားသော တပ်ဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ်တို့မှ လက်နက်မရှိသော လူပုဂ္ဂိုလ် များကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုသာဖြစ်လို့ ကျူးလွန်သူတို့ကို ခြွင်းချက်မရှိ အရေးယူပေးဖို့အပါအဝင် စစ်ရာဇဝတ်မှုဖြစ်သည့်အတွက် စစ်ဥပဒေအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တာဝန်ယူ တရားစွဲဆို တောင်ရွက်ပေးဖို့အပြင် ၃) အမှုမှန်မပေါ်ပေါက်မခြင်း ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အမှုတရားမျှတမှု ဖြစ်စဉ်အတွက် ပျားစစ်ကြောင်း၏ လက်နက်များကို ဒေသတွင်း တာဝန်ရှိသူများက တာဝန်ခံ ထိန်းသိမ်း ထားပေးဖို့ နှင့် အမျိုးသားညီညတ်ရေးအစိုးရ (NUG) အနေဖြင့် မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ လက်အောက်ခံ ပလဖနှင့် တပ်ရင်းတပ်ဖွဲ့များ၏ လုပ်ရပ်တို့ကို ထိန်းသိမ်းပေးဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဓါတ်ပုံ – CJ (သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာတော် ဦးဓမ္မသာရ (ခ) ဦးဇင်းပန် နဲ့ ဒကာ ကိုစိုင်းပီး)

Related Articles

Back to top button