သတင်း

တိုင်းဒေသကြီးများလည်း ဖက်ဒရယ်ယူနစ်များ ဖွဲ့စည်းရန် လိုအပ်
ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၁
တိုင်းဒေသကြီး အသီးသီးသည်လည်း ဖက်ဒရယ်ယူနစ်ကို အခြေခံသည့် ဖွဲ့စည်းမှုများ ဖွဲ့စည်းရန် လိုအပ်မည် ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင် တဦးလည်းဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
နိုဝင်ဘာ ၁၆ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“တိုင်းဒေသကြီးတွေကလည်း ယူနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းမှုတွေဖွဲ့စည်းဖို့ အများကြီး လိုအပ်မှာ ဖြစ်တယ်။ ဘာကြောင့်လဲဆို ဖက်ဒရယ်ကို သွားမယ်ဆိုရင် ဖက်ဒရယ်ယူနစ်တွေက အရေးကြီးဆုံးဖြစ်လို့ပဲ ဖြစ်ပါတယ်။ အဲဒီဟာမျိုး စုဖွဲ့မှုရှိမှပဲ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်တဲ့အခါမှာ ခိုင်မာတဲ့ စုစည်းမှုထူထောင်နိုင်မှာ ဖြစ်တယ်ဆိုတာ ကျနော် တင်ပြချင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိတွင် NUCC ၌ ဖက်ဒရယ်ယူနစ်ကို အခြေခံသည့် အစုအဖွဲ့ ၅ ဖွဲ့သာ ရှိသေးပြီး ယင်းအစုအဖွဲ့ ၅ ခုမှာ KPICT ခေါ် ကချင်ပြည်နယ် အတိုင်ပင်ခံကောင်စီ၊ ICNCC ခေါ် ချင်းပြည်နယ် အတိုင်ပင်ခံကောင်စီ၊ MSICC ခေါ် မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ၊ KSCC ခေါ် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် TPNCC ခေါ် တအာင်း (ပလောင်) အမျိုးသား အတိုင်ပင်ခံကောင်စီတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစုအဖွဲ့ ၅ ခုအနက် တအာင်း (ပလောင်) အမျိုးသားအတိုင်ပင်ခံကောင်စီသည် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီဖြစ်ပြီး ကျန်အစုအဖွဲ့ ၄ ခုမှာ ပြည်နယ်အခြေပြု အတိုင်ပင်ခံကောင်စီတို့ ဖြစ်ကြောင်း၊ လက်ရှိတွင် အချို့တိုင်းရင်းသားများသည်လည်း လူမျိုးကို အခြေခံသည့် အစုအဖွဲ့အဖြစ် ဖွဲ့စည်းရန် ပြင်ဆင်နေသည်ကို တွေ့မြင်ရကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက NUCC သည် ပြည်ထောင်စု တခုလုံးနှင့် သက်ဆိုင်သည့် ကိစ္စများကို မူဝါဒချမှတ် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်နယ် (သို့) လူမျိုးကို အခြေခံသည့် အတိုင်ပင်ခံကောင်စီများသည် သက်ဆိုင်ရာ လူမျိုးနှင့် ပြည်နယ်အရေးကို အာရုံစိုက် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောသည်။
ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတွင် NUCC ၏ စုဖွဲ့မှုအတိုင်းပင် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့များ၊ EAO အနေဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး (CNF) တို့ ပါဝင်ကြောင်း၊ ယင်းကော်မတီသည် ချင်းပြည်နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များနှင့်လည်း ပူးတွဲကော်မတီပုံစံဖြင့် ထပ်ဆင့်စုဖွဲ့ထားကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က ဥပမာပေး ရှင်းပြသည်။
“ချင်းပြည်နယ် အတိုင်းအတာနဲ့ ဆောင်ရွက်ရမယ့် ကိစ္စအဝဝကို ကျနော်တို့အနေနဲ့ အပြည့်အဝဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အနာဂတ် ချင်းပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးသော်လည်းကောင်း၊ ချင်းပြည်နယ် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်တဲ့ နေရာမှာသော်လည်းကောင်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ နည်းမျိုးစုံနဲ့ ဆန္ဒပြကန့်ကွက်မှု၊ CDM လှုပ်ရှားမှု လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲမှု ဒီကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်နှင့် ပြည်နယ်၊ တိုင်းအသီးသီး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်အတွက် ဖက်ဒရယ်ယူနစ်အသီးသီး၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် ဖက်ဒရယ်ယူနစ်များ၏ အခန်းကဏ္ဍနှင့် အင်အားပိုကောင်းရန် ဖန်တီးဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဒေါက်တာလျန်မှုန်းဆာခေါင်က ပြောသည်။
ပုံစာ – ယနေ့ အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ

Related Articles

Back to top button