၁။ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအား ပြည်နယ်ကိုယ်စားပြု ပါဝင်မယ့် KySPP ပါတီကို IEC နဲ့ KNDF ရှုတ်ချ
January 27, 2025
စစ်ပွဲတွေနဲ့ နယ်မြေအေးချမ်းမှုမရှိသေးတဲ့ ကရင်နီဒေသမှာ လူထုကိုဗုံးကြဲပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိ တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) အမည်နဲ့ပါဝင်ဖို့ မှတ်ပုံတင်လျှောက် ထားတဲ့အပေါ် IEC နဲ့ KNDF ကရှုတ်ချပါတယ်။ KySPP ဟာ လူထုကိုမျက်ကွယ်ပြုပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တဲ့ အတွက် လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ အတွင်း ရေးမှူး(၂) ဦးဗညားက ပြောပါတယ်။ “စစ်ကောင်စီရဲ့ အတုအယောင် အနှစ်သာရမရှိတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဘယ်နိုင်ငံရေးပါတီမဆို အာဏာရှင် ကို အားပေးအားမြှောက်ရာရောက်တဲ့ ပါတီဖြစ်တယ်၊ အဲဟာက တော့ ဘယ်ပါတီမဆိုရှုံ့ချတယ်”လို့ ကရင်နီပြည်ကြားကာလစီမံ အုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။ ပြည်သူ့ပါတီလို့အမည်ခံထားပေမယ့် စစ်ကောင်စီရဲ့ မိစ္ဆာလုပ်ငန်းတွေ၊ ပြည်သူကိုသတ်ဖြတ်တဲ့လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာနိုင်အောင် အားဖြည့်ပေးမယ့် ဒေါက်တိုင်တစ်ခု လိုပဲရှုမြင်ကြောင်း KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
သူက “အကြမ်းဖက်စစ်ကောင်စီရဲ့ အစွယ်အပွား၊ လက်ကိုင်တုတ်၊ လက်စွဲပါတီလို့ပဲ ကျွန်တော်တို့မြင်တယ်” လို့ပြောပါ တယ်။ ပါတီရုံးချုပ်ဟာ လွိုင်ကော်မြို့ အောင်သီဟရပ်ကွက်၊ သဇင်လမ်း၊ ဧ-၁၂၇ မှာ အခြေစိုက်မယ်လို့ကြေညာပါတယ်။ KySPP ပါတီက စစ်တပ်ကအာဏာသိမ်းပြီးချိန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှာပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို စစ်ကောင်စီ က ခွင့်ပြုခဲ့တာဖြစ်ပြီး ပါတီရဲ့ဥက္ကဌ ဦးဇော်မင်းဦးကို သိတဲ့သူနည်းပါးပါတယ်။ လွိုင်ကော်မြို့မှာပြည်သူတွေ အပြည့်အဝနေထိုင် တာမျိုးမရှိတာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိသလို ပြည်သူကို အတင်းအကြပ်စည်းရုံး ခြင်းကလည်း မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ လွိုင်ကော် ဒေသခံတွေကလည်း ကန့်ကွက်ကြပါတယ်။ “စကစအောက်ကနေပြီး တော့ ရွေးကောက်ပွဲဖြစ် အောင်လုပ်တာပေါ့နော်၊ ဒါက ပြည်သူထောက်ခံမှုမပါဘူးဆိုတာလည်း ပြည်သူတွေသိတယ်၊ ကျွန်တော် ကတော့ ဘာမ မခံစားရပါဘူး၊ သူတို့ဖြစ်ရင် လုပ်ပေါ့ဆိုတဲ့ ပုံစံမျိုးလောက်ပဲရှိပါတယ်” လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်ခြင်းက စစ်ကောင်စီတပ်ရဲ့ နိုင်ငံရေးထွက်ပေါက်တွေထဲက တခုအနေနဲ့ရှိနေကာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီ ၁၈ ခုရှိပြီး KySPP အပါအဝင် ၁၅ ပါတီကို စစ်ကောင်စီကခွင့်ပြု ထားပြီး ဖြစ်ပါတယ်။ Read in Full
၂။ ဗန်းမော်လေဆိပ်နှင့် အမြောက်တပ်ရင်းကို စီးနင်းထားနိုင်ပြီဟု KIA ပြော
January 27, 2025
ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်ကို သိမ်းယူရန် ကြိုးပမ်းနေသည့် KIA သည် လက်ရှိမှာ ဗန်းမော်လေဆိပ်နှင့် အမြောက်တပ်ကိုစီးနင်းထားနိုင်ပြီဖြစ်၍ မြို့တွင်းနေရာအနှံ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ဗန်းမော် အခြေစိုက် အမှတ် (၃၆၆) အမြောက်တပ်ရင်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပျံ့နှံ့လာသော သတင်းများနှင့်အတူ (ဇန်နဝါရီလ ၂၆ ရက်) တွင် ဗန်းမော်လေယာဉ်ပြေးလမ်းထဲ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ လမ်းလျှောက်နေသော ရုပ်သံဖိုင်တခုလည်း ထွက်ပေါ်ခဲ့ သည်။ ဗန်းမော်လေဆိပ်နှင့် အမြောက်တပ်ရင်းကို ထိန်းချုပ်နိုင်ကြောင်းကို အတည်မပြုနိုင်သေးသော်လည်း KIA တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ စီးနင်းထားနိုင်သည်မှာမှန်ကန်ကြောင်း KIA ပြောခွင့်ရထားသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “အမတ ကို သိမ်းနိုင်ပြီဆိုတာနဲ့ ဗန်းမော်လေဆိပ်အခြေအနေကတော့ ကျွန်တော်တို့ဆီမှာ အတည်ပြုမပေးနိုင်သေးဘူး။ ဒါပေမယ့် ရှေ့တန်း တပ်ဖွဲ့တွေကတော့ စီးနင်းနိုင်တဲ့အနေအထားကတော့ ရှိလောက်ပါပြီ။ လေဆိပ်ကလည်း လေကြောင်းစီးဆင်းလို့ မရတာက တော့ ကြာပါပြီ” ဟု ယနေ့ နံနက်ပိုင်းတွင် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဗန်းမော်ဒေသတွင်း သတင်းအချက်အလက်များကို ဖော်ပြပေးနေသည့် Banmaw Scout Team အဖွဲ့ကတော့ အမတ (၃၆၆) ကို KIA ပူးပေါင်းတပ်ဘက်မှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကာ ဗန်းမော်လေဆိပ်ကိုမှု အပြီးတိုင်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ကြောင်း ယမန်နေ့တွင် ပြောထားသည်။
မြို့တော် မြစ်ကြီးနားနှင့် မိုင် ၁၀၀ ကျော်ဝေးသည့် ဗန်းမော်မြို့၏ မြို့သိမ်းတိုက်ပွဲသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် စတင်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသည် မြို့ပေါ်ရှိ အခြားသော တပ် စခန်းများမှဆုတ်ခွာကာ စခက(၂၁) နှင့် ခလရ (၄၇) တို့၌ သွားရောက်ပူးပေါင်းနေထိုင်နေကြကြောင်း သိရသည်။ ထိုစစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ(၂၁)နှင့် ခြေလျင်တပ်ရင်း ခလရ(၄၇)တို့၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန် နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ ဗန်းမော်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းနှင့်အတူ သံချပ်ကာယာဉ် ခုနစ်စီးကို KIA နှင့် ပူးပေါင်းတပ်များ ဇန်နဝါရီ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း KIA ဘက်ကပြောထားသည်။ တဖက် မှာလည်း စစ်ကောင်စီသည် ဗန်းမော်မြို့ကို လက်မလွှတ်ရရေး ယခုသတင်းပတ်တိုက်ပွဲများ ဖြစ်ပွားနေစဥ်အတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေများစွာ ပြုလုပ်လျက်ရှိကြောင်းကချင်ဒေသခံများက ပြောသည်။ Read in Full
၃။ ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်
January 28, 2025
ထားဝယ်မြို့ကနေ့ မောင်းမကန်ကမ်းခြေသွားတဲ့လမ်းပေါ်က စစ်ကောင်စီရဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ် မနေ့ညက တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ၇ နာရီလောက်ကစလို့ ထားဝယ်နဲ့ လောင်းလုံးကိုဆက်သွယ်ထားတဲ့ ကမြောကင်းတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့အလစ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ တစ်နာရီနီးပါးကြာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။“RPG တွေနဲ့ပါပစ်တာ။ ဝင်ပစ်တဲ့အဖွဲ့က အင်အားတော်တော်များတယ်။ ဒီဘက်ကနေ ပေါက်ကွဲသံတွေ ပစ်သံတွေအကုန် ဆက် တိုက်ကြားရတယ်”လို့ ကမြောကင်းရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ စခန်းတိုက်ခိုက်ခံရပြီး နှစ်ပစ်ခတ်နေချိန် အနီးမှာရှိတဲ့ သဲပုံတောင် စစ်ကောင်စီစခန်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တိုက် ပွဲဖြစ်ပွားနေချိန် ကမြောကင်းတံတားအနီးမှာရှိတဲ့ ကဘူကျေးရွာက အမျိုးသမီးတစ်ဦး ခြေထောက်ကို လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
အဲဒီလက်နက်ကြီးဟာ စစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ကမြောကင်းတံတားဂိတ်ကို ဘယ်အဖွဲ့ကဝင်ရောက်တိုက်ခိုက်တယ်ဆိုတာနဲ့ နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့ မသိ ရသေးပါဘူး။ ဒေသခံတချို့ကတော့ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က တော့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ မနေ့ညပိုင်းကစလို့ ဒီနေ့မနက်အစောပိုင်းအထိ တံတားကို ပိတ်ချ ထားတယ်လို့ လမ်းသွားလမ်းလာတွေက ဆိုပါတယ်။ ဒီကနေ့မနက် ၈ နာရီကျော်လောက်မှာတော့ စစ်ကောင်စီဂိတ်ကနေ လမ်း ပေါ်မှာစောင့်ဆိုင်းနေတဲ့ မော်တော်ယာဥ်တွေကိုစစ်ဆေးပြီး တဖြေးဖြေး ပြန်သွားလာခွင့်ပေးနေတယ်လို့ ဆိုပါတယ်။ အခုလ ၂၅ ရက်နေ့ကလည်း ကျောက်နီမော်ရွာက စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအထိုင်ချထားတဲ့စခန်းကို စစ်ကာင်စီစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၄။ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စာချုပ်အပြင် ဆက်စပ်သဘောတူညီချက်တချို့ ရရှိခဲ့လို့ MNDAA ထုတ်ပြော
January 28, 2025
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးပြီဖြစ်တယ်လို့ ကိုးကန့်တပ် ဒုတိယ စစ်သေနာပတိက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောထားပြီးနောက် MNDAA ဘက်က ပထမဆုံးထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ ဒုစစ်သေနာပတိ ဖန်ဒီဂျန်က အပစ်ရပ်စာချုပ်အပြင် ဆက်စပ် သဘောတူညီချက်တချို့ကိုလည်း ရရှိခဲ့တယ်လို့ပြောထားပါတယ်။ ဒါပေမဲ့အသေးစိတ်ကိုတော့ ထည့်မပြောထားပါဘူး။ ကိုးကန့် အထူးဒေသ ၁ ၊ လောက်ကိုင်မြို့မှာ ၂၀၂၄ ခုနှစ်အတွက် လုပ်ငန်းအကျဉ်း ချုပ်နဲ့ ဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ပြု လုပ်ခဲ့တယ်လို့ ဒီကနေ့နေ့လယ်ပိုင်းမှာ ကိုးကန့်တပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။ အဲဒီပွဲမှာ ဒုစစ်သေနာပတိက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားတာဖြစ်တယ်လို့ အဲဒီကြေညာချက်အတွင်း ဖော်ပြထားပါတယ်။
ဒီလို အပစ်ရပ်လိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြောလာတာမျိုး အခုချိန်ထိမရှိ သေးပါဘူး။ အဲဒီဆွေးနွေးပွဲကို MNDAA ဒုတိယစစ်သေနာပတိ ဗိုလ်ချုပ် Peng De Jun ၊ အထူးဒေသ အုပ်ချုပ်ရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် Song Ke Cheng၊ အထူးဒေသ အုပ်ချုပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ Peng De Li တို့အပါအဝင် ဗိုလ်မှူးချုပ်တွေ၊ အထူးဒေသထဲက ဌာန၊ ခရိုင်၊ မြို့နယ်အသီးသီး၊ မဟာမိတ်တပ်ဖွဲ့တွေကကိုယ်စားလှယ် စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ Read in Full
၅။ စစ်တွေမြို့အနီးဝန်းကျင်တွင် AAနှင့် စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေ
January 28, 2025
ရခိုင်ပြည် မြို့တော် စစ်တွေအနီးဝန်းကျင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ နေ့တိုင်းရှိနေသည်ဟု အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် “ စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက် ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့ သည်”ဟု ဖော်ပြသည်။ လက်ရှိ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ( AA) တို့သည် စစ်တွေမြို့ပြင်တည်ရှိသည့် ဝါဘို၊ မင်းလှ၊ ညိုရောင်ချောင်းတို့ဘက် တို့တွင်လည်း နှစ်ဖက် လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ နေ့လယ်(၁)နာရီ (၁၂) မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့ နယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဝါဘို ကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရကြောင်းAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းပြင် အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက် ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်း ပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့သည်ဟုလည်းဖော်ပြထားသည်။ စစ်ကောင်စီသည် စစ်တွေမြို့တွင် စစ်အင်အားများဖြည့်တင်းထားပြီး အေအေတိုက်ခိုက်မှုကို ခုခံရန် အကြီးအကျယ်ပြင်ဆင်ထားမှုများရှိကြောင်း သိရသည်။
၆။ ဖယ်ခုံ၊ နောင်လှိုင်ရွာနေ ပြည်သူများကို လေကြောင်းရန်ကြောင့် ယာယီရွှေ့ရန် အသိပေးထား
January 27, 2025
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ နောင်လှိုင်ကျေးရွာနေပြည်သူများကို စစ်ကောင်စီတပ်၏ လေကြောင်းရန် စိုးရိမ်ရ သဖြင့် ဘေးကင်းရာသို့ ယာယီရွှေ့ပြောင်းနေထိုင်နေရန် အသိပေးထားကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက်တွင် ဖယ်ခုံမြို့နယ် ရှိ နောင်လှိုင်ကျေးရွာတွင် ပြည်သူများခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာခံများစုပေါင်းကာ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ဘေးကင်းရာအရပ်သို့ ယာယီရွှေ့ပြောင်းနေထိုင်ရန် လိုအပ်သည်ဟု အသိပေးခဲ့ကြောင်း နောင်လှိုင်ကျေးရွာနေ စစ်ရှောင်တစ်ဦးက ပြောသည်။
“ ဒေသခံတွေနဲ့ စစ်ရှောင်တချို့ကတော့ ညဆို တောင်ပေါ်သွားအိပ်ကြတယ်။ ရွာထဲမှာ မနေကြဘူးပေါ့။ မရှောင်တဲ့ စစ်ရှောင်တွေလည်းရှိတယ်။ပြေးစရာမြေလည်း မရှိတော့တာပါတာပေါ့”ဟု ၎င်းက ပြောသည်။ ဇန်နဝါရီ ၂၆ရက်တွင် နောင်လှိုင် ကျေးရွာအနီးရှိ ရေပူရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ရာ နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့သည်။ လက်ရှိ တွင် နောင်လှိုင်ကျေးရွာ၌ ရွာခံအနည်းငယ်နှင့် စစ်ဘေးရှောင်အများစု နေထိုင်နေကြပြီး နေအိမ်များ၌ ဗုံးခိုကျင်းများတူးကာ အရေးကြီးသည့် စာရွက်စာတမ်းနှင့် ပစ္စည်းများအား အသင့်ထုပ်ပိုးထားကြောင်း သိရသည်။ Read in Full
၇။ KNU နယ်မြေတွင် မဲရုံလာထောင်မရအောင် ဆန့်ကျင်တိုက်ဖျက်မည်
January 27, 2025
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီက မဲရုံလာမထောင်နိုင်အောင် ဗျူဟာတကျအတတ်နိုင်ဆုံး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ KNU တာဝန်ရှိသူကပြောပါတယ်။ ဇန်နဝါရီ ၂၆ ရက်က အွန်လိုင်းကတဆင့်ပြုလုပ်တဲ့ စစ်ကောင်စီရဲ့အတုအယောင် ရွေးကောက်ပွဲကို ဟန့်တားဆန့်ကျင်နိုင်ရေးပထမအကြိမ် Global Seminar မှာ KNU တာဝန်ရှိသူက ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်ကောင်စီလက် အောက်ခံ အဖွဲ့အစည်းအားလုံးကိုလည်း KNU က အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး က “ကျနော်တို့ရဲ့ ဒေသထဲမှာ လာရောက်ကျင်းပခဲ့မယ်ဆိုရင်လည်းကျနော်တို့ KNU ရဲ့ မဟာဗျူဟာအရပဲ ပြောပြော၊ နည်းဗျူဟာအရပဲ ပြောပြော ကျနော်တို့ တတ်နိုင် သလောက် ဆန့်ကျင်သွားမယ်ဆိုတဲ့ သဘော ထားကိုလည်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်။ နောက်တချက်က ကျနော်တို့ တနိုင်ငံလုံးမှာ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လိုအပ်တဲ့နေရာမှာ နည်းဗျူဟာအရ ပါဝင်ရမယ့် အပိုင်းရောက်ရင်လည်း ပါဝင်ပြီး တော့ ဆန့်ကျင်ကန့်ကွက်သွားမယ်။ လက်ရှိကတော့ ကျနော်တို့ အုပ်ချုပ်တဲ့နယ်မြေ KNU တပ်မဟာ ခရိုင် ၇ ခုလုံးမှာရှိတဲ့ ဘယ် နေရာမှာမဆိုလာရောက်ပြီးတော့ မဲရုံတွေထောင်မယ်ဆိုရင်လည်း အတတ်နိုင်ဆုံးဆန့်ကျင်သွားဖို့တိုက်ဖျက်သွားဖို့လည်းပဲ ဆွေး နွေးထားတာရှိပါတယ်။ နည်ဗျူဟာပိုင်းအရဘယ်လို ဆန့်ကျင်သွားမလဲ၊ တိုက်ဖျက်သွားမလဲဆိုတဲ့ အရာကတော့ ကျနော်တို့ အင်အားစုတွေနဲ့ ဆက်သွယ်ပြီးတော့ အကြံဉာဏ်နဲ့ ဝိုင်းဝန်းပါဝင်နိုင်တဲ့ အနေအထားကို ဆက်လက်အသိပေးသွားဖို့လည်း KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့လည်းသဘောထားဆန္ဒရှိပါတယ်ဆိုတာကို ကျနော့်အနေနဲ့အသိပေးပြောကြားလိုပါတယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ပြောဆိုထားပြီး နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံလာရေးအတွက် ရွေးကောက်ပွဲတရပ်ကို မဖြစ်မနေပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။ ဒီအခြေအနေမှာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်း၊ နိုင်ငံတကာစံနှုန်း၊ ဥပဒေရေးရာတွေနဲ့ ညီညွတ်မှုမရှိကြောင်း ဩစတြေးလျနိုင်ငံအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက စာတမ်းတစောင်ပြုစုပြီး နိုင်ငံတကာအစိုးရတွေဆီကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေမှာ တိုင်းရင်းသားအစုအဖွဲ့တွေ၊ တော် လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ မြေပြင်အစု အဖွဲ့အားလုံး ပါဝင်သဘောတူတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်နဲ့ လမ်းစဉ်ကိုချမှတ်ပြီး နိုင်ငံတကာအစိုးရတွေဆီကို မိမိတို့ရဲ့ စည်းလုံးညီညွတ်မှုအကြောင်း သတင်းစကားပေးနိုင်ဖို့ လိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေး တက်ကြွလှုပ် ရှားသူ ကိုရင်အေးက အကြံပြုပါတယ်။ “အနာဂတ်မှာ အားလုံးတူညီတဲ့ ဘုံရည်မှန်းချက်ကို သွားကြမယ်။ အနာဂတ်မှာ အားလုံး ဘုံသဘောတူညီတဲ့ နိုင်ငံသစ်ကိုတည် ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက်လေးကိုပဲအရင်ယူထားပြီးတော့မှ တော်လှန်ရေးမှာ ဦးဆောင်တဲ့ တိုင်းရင်း သားတွေ၊ NUG၊ NUCC အပါအဝင် State Holder တွေ အကုန်လုံးကနေ ဒီသဘောတူညီချက်ကို ထုတ်ပြန်ပေးတာမျိုးကို လုပ်သင့်တယ်ပေါ့နော်။ ရွေးကောက်ပွဲကို လက်မခံတာ၊ ရွေးကောက်ပွဲက တရားမဝင်တာ၊ ရွေးကောက်ပွဲ လုပ် ခွင့်မရှိဘူးဆိုတာတွေအပြင်ကို အနာဂတ်မှာ အင်အားစုတွေအကုန်လုံး၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ကိုယ်တို့ရဲ့ State Holder တွေ အကုန်လုံးက ပုံသဏ္ဌာန်တခုကို သဘောတူပါတယ်ဆိုတဲ့ အဆင့်လေးကို စလုပ်ဖို့အတွက် အကြံပြုချက်ပါသွားတယ်။ အဲဒါလေးကောင်းပါတယ်။” မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစု တွေက စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် ၁၄၄ မြို့နယ်၊ ၄၄ ရာခိုင်နှုန်း အထိရှိနေပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၇၉ မြို့နယ်၊ ၂၄ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ ဒီဇင်ဘာလအထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။ Read in Full
၈။ ရှမ်းမြောက်ဒေသက အငြင်းပွားမှုပြဿနာတွေကို တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော
January 27, 2025
ရှမ်းမြောက်ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တပ် သားတွေကြားဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုပြဿနာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကနေ တွေ့ဆုံဆွေးနွေးနေတယ် လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီရက် ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ရှမ်းမြောက်က ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာတပ်မဟာက လူကြီးတွေတွေ့ဆုံဆွေး နွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “တပ်မဟာ ၄၊ ၆၊ ၁၀ ဘက်က လူကြီးတွေနဲ့ ဆွေး နွေးဖို့ အစီအစဉ်လည်းရှိပါတယ်။ ဆွေးလည်းဆွေးနွေးနေပါတယ်။ ဖြစ်တဲ့နေရာကတော့ မုံးကိုးဘက်မှာလည်းဖြစ်တယ်။ နောက် ဒီမာ၊နမ့်အွမ်၊ နမ့်ဖတ်ကာ၊ မုံးဝီး အဲဒီနေရာဘက်မှာ ဖြစ်ကြတယ်။ သုံးလေးခုနေရာမှာဖြစ်တယ်လို့ သတင်းပို့လာတာရှိပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
လတ်တလောအခြေအနေအရ KIA ထိန်းချုပ်ရာတပ်မဟာ ၆ နယ်မြေက ဒီမာဒေသဘက်အပြင် နမ့်အွမ်၊ နမ့်ဖတ်ကာ၊ မုံးဝီး၊ မုံးကိုး စတဲ့ နေရာဒေသတွေဘက်မှာ KIA နဲ့ TNLA လက်အောက်ခံတပ်သားတွေ အချင်းချင်း အင်းအားပြ အငြင်းပွားမှုတွေ ဖြစ်ပွားနေတာပါ။ ဇန်နဝါရီ ၂၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့လာတဲ့ ရုပ်သံတစ်ခုမှာတော့ TNLA တပ်သား အင်အား ၁၀၀ ကျော်လောက် ဒီမာဒေသဘက် အင်အားပြ ချီတက်လာချိန် နမ့်ဖတ်ကာနဲ့ နမ့်အွမ်ဘက်မှာရှိတဲ့ KIA ဂိတ်တွေကနေတား ဆီးရင်း နှစ်ဖက်တပ်သားတွေ အချင်းများနေကြတာကို တွေ့ရှိရပါတယ်။ KIA ဂိတ်မှာ တားဆီးရင်း နှစ်ဖက်တပ်သားတွေ အပြန် အလှန်ထိုးကြိတ်တာနဲ့ရိုက်နှက်တာတွေရှိခဲ့ပေမဲ့သေနတ်ပစ်ဖောက်တာမျိုးတော့မရှိဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရလည်း သိရပါတယ်။ အဲဒီရှမ်းမြောက်ဒေသ နယ်မြေအငြင်းပွားမှု ပြဿနာတွေဟာ အာဏာမသိမ်းခင်ကာလကတည်းက ရှိနေတာဖြစ် ပြီး အခုနောက်ပိုင်းမှာလည်း အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားလာတာပါ။ Read in Full
၉။ KPF က စာထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်နှင့် ပူတာအိုကြား အင်အားဖြည့်တင်းမှုများပြုလုပ်
January 27, 2025
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်မှစတင်ကာ ဆွမ်ပရာဘွမ်နှင့် ပူတာအိုကြားရှိ ကျေးရွာများမှ တပ်စခန်းများကို အင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း သိရသည်။ ဆွမ်ပီယန်ကျေးရွာနှင့် လုံရှာယာန်ကျေးရွာကြားရှိ စစ်ကောင်စီတပ်စခန်းများသို့ ပူတာအိုဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားလာရောက်ဖြည့်တင်းထား သည်ဟု ပူတာအို ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။“လုံရှာယာန်နဲ့ ဆွမ်ပီယန်မှာကတော့ စကစတွေဟုတ်တယ်။ တန်ဂျာမှာက ပြည်သူ့စစ်တွေ။ အားလုံးပေါင်းလိုက်ရင်တော့သုံးရာကျော်လောက်တော့ရှိမယ်လို့ထင်တယ်။ ဆွမ်ပီယန် ရွာ အဝင်အထွက်ဂိတ်မှာက အင်အားသိပ်မများဘူး ရွာလယ်ဂိတ်မှာကအများကြီးပဲဒေသခံတွေရဲ့ အိမ်မှာပဲနေကြတာ။ အရင်ကတော့ အဲ့လောက်မများဘူး”ဟုပြောသည်။ ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီဂိတ်လေးခုရှိပြီး ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) ပူးပေါင်းတပ်က မကြာမှီတွင် ပူတာအိုဒေသကို အလွှဲအရှောင်သာ တိုက်ပွဲဆင်နွဲသွားမည်ဟု ထုတ်ပြန်ပြီးနောက် အင်အားဖြည့်တင်းမှု များပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။
အဆိုပါကျေးရွာကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာကားများကို တင်းကြပ်စွာစစ်ဆေးလေ့ရှိ ကြောင်း ဒေသခံများထံက သိရပြီး ရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း ဆွမ်ပရာဘွမ်း – ပူတာအို လမ်းတွင်လုံခြုံရေးယူထားသည့် KPF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“ကျွန်တော်အဲ့ဘက်ကရွာသွားတဲ့အချိန်တောင် သုံး၊ လေး ကြိမ်ကြုံပြီးပြီ။ သူတို့မလုံခြုံတော့ဘူးလို့ ထင်တဲ့အချိန်မျိုးတွေမှာပစ်တယ်။ တစ်ခါပစ်ရင်တော့ လေး၊ ငါးချက်လောက်ပစ်တယ်။ ပစ်တဲ့အချိန်က အတိအကျတော့မရှိဘူး အဲ့လိုမျိုးရမ်းသမ်းပစ်ပစ်တာ”ဟုပြောသည်။ ဆွမ်ပရာဘွမ်း-ပူတာအိုလမ်းပေါ်ရှိ လုံရှာ ယာန်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မချမ်းဘော့မြို့အခြေစိုက်(ခ.လ.ရ-၁၃၇)မှ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး ဆွမ်ပီယန်ကျေးရွာတွင် ပူတာအိုအခြေစိုက် (ခ.လ.ရ ၄၆)မှ တပ်ဖွဲ့ဝင်များဖြစ်ကာ တန်ဂျာကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များမှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အင် အား ၁၀၀ ကျော်ခန့်က ပူတာအိုဘက်မှ ဆွပ်ပီယာန်ကျေးရွာသို့ စစ်ကားဖြင့်လာရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲခဲ့သောကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့်က လက်ရှိအချိန်ထိ နီးစပ်ရာနှင့် စစ်ရှောင် စခန်းများသို့ တိမ်းရှောင်ခဲ့ရသည်။ Read in Full
၁၀။ သံတွဲရှိ စစ်ဘေးရှောင် တစ်ထောင်ခန့် အရေပြားယားနာများဖြစ်ပွားနေ
January 27, 2025
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင် တစ်ထောင်ခန့်တွင် အရေပြားယားနာများဖြစ်ပွားနေ၍ ဆေးဝါးအကူအညီ များလိုအပ်နေကြောင်း သိရသည်။ ကလေးနှင့်လူကြီးများတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလခန့်မှစတင်၍ ယခုထိ ဖြစ်ပွား နေခြင်းဖြစ်ပြီး လူဦးရေ တစ်ထောင်ခန့်အထိဖြစ်ပွားနေကြကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။ “စစ်ဘေးရှောင်နေရတော့ အများနဲ့ရောထွေးပြီးနေရတယ်။ လူတွေများတယ်။ အဝတ်၊စောင်၊ ခေါင်းအုံးတွေ မသန့်ရှင်းတာလည်းပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက် ဆပ်ပြာတို့ကအစလိုတယ်လေ။ ပြီးရင်ကူးစက်လာတယ်လို့မြင်တယ် ” ဟုပြောသည်။ စစ်ဘေးရှောင်များအားသံတွဲမြို့နယ်ရှိ သင့်တော်သည့်နေရာများတွင် ဖြန့်ကျက်ထားပြီး ၎င်းတို့မှာသံတွဲ၊ ဂွမြို့နယ်နှင့် ကျိန္တလီမြို့ တို့မှ ဒေသခံများဖြစ်ကာ စုစုပေါင်းလူဦးရေ နှစ်သောင်းခန့် ခိုလှုံနေထိုင်ကြကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များအား စားသောက်ရေးအတွက်ထောက်ပံ့နေရပြီး ဆေးဝါများကိုလုံလုံလောက်လောက် မထောက်ပံနိုင်သည့်အတွက် အရေးပေါ်အကူ အညီများလိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
” ကလေးတွေက ရွှံ့တောထဲမှာကစားတယ်။ ရေချိုးတဲ့အခါ စင်အောင်မချိုးဘူးပေါ့။ ကူးစက်မြန်တဲ့ပုံစံမျိုးဖြစ်နေတယ်။ စစ်ရှောင်နေရတာကြာတော့ စိတ်ဓာတ်ကျတာတွေလည်း ပါမှာပေါ့။ ဖြစ်စမှာလည်းဆေးဝါးကမရှိဘူးလေ။ အခုတော့ လိမ်းဆေးတွေကိုလည်း တစ်ပတ်မှာ ဗူး ၁၅၀၊ ၂၀၀လောက်ဖြန့်နေရတာ။ လုံလောက်မှုလည်းမရှိဘူး။ ဒီလိုသာဆက်သွားမယ်ဆို ပိုပြန့်ပွား ပြီး ကူးစက်လာနိုင်တာပေါ့”ဟုပြောသည်။ လက်ရှိတွင် ယားနာလိမ်းဆေးတစ်ဗူးလျှင် ကျပ်ငွေ ၈၀၀၀၊ ၉၀၀၀ ခန့်အထိဈေးမြင့် တက်နေကြောင်း သိရသည်။ သံတွဲမြို့နယ်တွင်ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်၊ မနက် ၆ နာရီခန့်မှစတင်၍ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ Read in Full
၁၁။ ရပ်စောက်မြို့နယ်အတွင်း လက်နက်ကြီးသံများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်
January 27, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း ညအချိန်လက်နက်ကြီးပစ်ခတ်သံများကြောင့် ဒေသခံများ စိုးရိမ်ထိတ် လန့်နေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ (ဇန်နဝါရီလ ၂၆ ရက်) ည ၁၁ နာရီဝန်းကျင်တွင် ရပ်စောက်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်သံများအဆက်မပြတ်ကြားရပြီး မြို့ခံများစိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြော သည်။“ဘယ်အဖွဲ့လို့တော့ မသိဘူး၊ ညကဖြစ်တာ လက်နက်ကြီးတွေပစ်နေတာ အချက် ၅၀ လောက်ရှိတယ်၊ ဘယ်အချိန်က စပစ်တာလဲတော့ မသိဘူး ၁၁ လောက်ကျတော့ အသံကမကြားချင်မှ အဆုံး ဆက်တိုက်ပစ်သံကြားတယ်”ဟု အသက် ၂၄ နှစ်အရွယ် ရပ်စောက်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်နက် ကြီးပစ်ခတ်သံကြားရသည့်နေရာသည် ရပ်စောက်မြို့အနီး လွယ်ဆင်နှင့်ဘန်ကွေးရွာဘက်မှ ကြားရခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုများမှာ သျှမ်းတပ်နှစ်တပ်၏တိုက်ပွဲများလည်းဖြစ်နိုင်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အစိမ်း (SSPP) နဲ့ အကြား (RCSS) ဖြစ်ကြတာ၊ စစ်တပ်တော့မပါဘူး၊ သေနတ်သံတွေကော ဗုံးသံတွေကော၊ မြေပါ တုန်တယ်”ဟု အသက် ၃၀ ဝန်းကျင် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ် တွင်လည်း အင်တောမြို့အနီးတွင် သျှမ်းတပ်နှစ်တပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့ထိခိုက်မှုများခဲ့ကြောင်းလည်း အင်တော ဒေသခံများထံမှသိရသည်။ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသအတွင်းတွင် စစ်ကောင်စီမှ ဇန်နဝါရီလ ၁၆ ရက်တွင်လည်း လေကြောင်းဖြင့် ဗုံး ၅၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော် (DPLA) မှထုတ်ပြန်ထားသည်။ Read in Full
၁၂။ ရေးမြို့ ပင်လယ်ပြင်၌ စစ်သင်္ဘော ၄ စီး တိုးချပြီး ရေကြောင်းမှ အင်အား ဖြည့်တင်းနေ
January 27, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင်၌ စစ်ကောင်စီက စစ်သင်္ဘော ၄ စီးထိ တိုးချပြီး ရေကြောင်းအသုံးပြု အင်အား ဖြည့်တင်းနေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်-MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ ရေးမြို့နယ် ခေါဇာမြို့ရှိ စစ်ကောင်စီ၏ မီးတိုင်တက်တံတား စစ်ဆေးရေးဂိတ်နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၁) ကို မွန်တော်လှန်ရေးတပ်များက ဇန်နဝါ ရီ ၂၃ ရက်က တိုက်ခိုက်ခဲ့ပြီး စစ်ကူမလာနိုင်အောင် ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီက ယခုလိုရေကြောင်းအသုံးပြု အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု နိုင်နဂါး က ယခုလိုပြောသည်။“စစ်ကောင်စီက သူတို့ရဲ့အင်အားတွေကို ရေကြောင်းနဲ့ သုံးပြီးတော့ စစ်တပ်အင်အားတွေကို ဖြည့်တာ ရှိတယ်။ အဆင်လို့ခေါ်တဲ့ကမ်းခြေပေါ့နော် အဲ့ဒီတံငါရွာကနေတစ်ဆင့် ရေးမြို့ကိုအင်အားထပ်ဖြည့်တာတွေရှိတယ်။ တခြားကမ်းခြေတွေကနေလည်း သူတို့အင်အားတွေ ထပ်ဖြည့်တာတွေရှိတယ်။ အဓိက ကတော့ စကစ(၁၉)ထဲကို ရောက်ရှိသွားပြီးတော့ အဲ့ဒီကနေတစ်ဆင့် ခမရ (၅၈၁)၊ (၅၉၃)ကို အင်အားဖြည့်တယ်။ တော်လှန်ရေးတပ် အင်အားကောင်းတဲ့ ဒေသကို အင်အားဖြည့်တာတွေရှိတယ်”ဟု ၎င်းက ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြောသည်။
ထို့အပြင်ရေးမြို့နယ်တောင်ဘက်ရှိ ပင်လယ်ပြင်အတွင်း ယခင်ကစစ်သင်္ဘောတစ်စီးသာရှိခဲ့သည်။ သို့သော်ရေးမြို့နယ် အတွင်းရှိ ခြေလျင်တပ်ရင်း (ခလရ-၃၁) တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက စစ်သင်္ဘော ၄ စီး အထိ အင်အားတိုးချဲ့ ချ ထားလာခြင်းဖြစ်သည်။ အဆိုပါစစ်သင်္ဘောများက လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများလည်းလုပ်ဆောင်နေသည်ဟု နိုင်နဂါး က ဖြည့်စွက်ပြောသည်။ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ကြောင်းထိုးသည့် ကျေးရွာအများစုတွင် ယခင်က တစ်ပိုင်တစ်နိုင် ရိက္ခာသယ်ခွင့် ရရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဒေသခံများ၏ ဖုန်းများကို တင်းကြပ်စွာ စစ်ဆေးခြင်းနှင့် ရိက္ခာသယ် ဆောင် ခွင့်လုံးဝဖြတ်တောင်လိုက်သည်ဟု ရေးမြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးက ပြောသည်။ ၎င်းက “စားနပ် ရိက္ခာသယ်ဆောင်မှုကို လုံးဝခွင့်မပြုတော့ဘူး။ ပထမကတော့ တစ်နိုင်တစ်ပိုင်သယ်ခွင့်ပေးသေးတယ်။ အခုတော့လုံးဝဖြတ် လေးဖြတ်ပုံစံနဲ့ လုပ်ဆောင်နေတာတွေရှိတယ်။ ပြည်သူ တွေကို ဖုန်းတွေစစ်တယ်။ ကားတွေ ဆိုင်ကယ်တွေ ဖြတ်သွားလို့ရှိရင် သေသေချာချာကို စစ်တယ်” ဟု ပြောသည်။ Read in Full
၁၃။ ပလက်ဝကောင်စီထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့(CHO)ကကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေး
January 28, 2025
CDM ချင်းဆရာဝန်တွေ၊ သူနာပြုတွေနဲ့ဖွဲ့စည်းထားတဲ့ ချင်းကျန်းမာရေးအဖွဲ့(CHO)က မကြာသေးခင်က ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်အတွင်းက ပလက်ဝကောင်စီထိန်းချုပ်တဲ့နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပူးပေါင်းပြီးရွေ့လျားဆေးခန်း တွေ (Mobile Clinic) ဖွင့်လှစ်ကာ ဒေသခံတွေကို ဆေးကုသပေးတာတွေကို လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပလက်ဝဒေသခံတွေကို ချင်းကျန်းမာရေးအဖွဲ့(CHO) အနေနဲ့ ငှက်ဖျားရောဂါပိုးရှိမရှိစစ်ဆေးတာတွေ၊ ငှက်ဖျားဆေးထောက်ပံ့တာတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးတာအပြင် တခြားကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အထောက် အပံ့တချို့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ပလက်ဝမြို့နယ်မှာ ပလက်ဝကောင်စီရဲ့ ထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာ ရေးအဖွဲ့(CHO)က ဆေးဝါးထောက်ပံ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလာနေပေမယ့် တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက “CHO ကနေပြီးမှ သူတို့စီမံကိန်းအနေနဲ့ဝင်တာ အဲဒီ သဘောဖြစ်တယ် နောက်ပြီး ကျနော်တို့ပြည်သူ့ကျန်းမာရေးတွေနဲ့ ပေါင်းစပ်ပြီးမှ လက်လှန်းမှီသလောက်ကို သူတို့လုပ်ဆောင် နေတယ်လို့သိရတယ် နောက်ပြီးဆေးဝါးတွေထောက်ပံ့ပေးတယ် Volunteer ဆရာ၊ ဆရာမတွေနဲ့ သူတို့အတတ်နိုင်ဆုံး ကျနော် တို့ ပလက်ဝကောင်စီရဲ့ထိန်းချုပ်ဧရိယာအတွင်းမှာ လည်ပတ်နေတယ်ဆိုတာ ပြောလို့ရပါတယ် နောက်ပြီး ဒီထက်ကျယ်ပြန့်တဲ့ အစီအမံတွေ ဝင်ပေးနိုင်ဖို့လည်း လိုအပ်သေးပါတယ် ဘာကြောင့်လည်းဆိုရင် ပလက်ဝတစ်မြို့နယ်လုံးကိုခြုံနိုင်တဲ့ ပြည်သူ့ဝန်ဆောင်မှု တွေပေးနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနိုင်ဖို့အတွက်က တော်တော်လေး လိုအုန်းမယ်ဆိုတာတော့ ပြောလို့ရတယ် ဒီထက််မက ကျယ်ပြန့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်ဆိုတာတော့ ပြောလို့ရတယ်”လို့ပြောပါတယ်။ ပလက်ဝမြို့နယ်က တိုက်ပွဲပဠိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအရလည်း အခက်အခဲများစွာရှိတဲ့ ဒေသဖြစ်သလို ဒေသအတွင်းဆေးဝါးဝယ်ယူစရာရှားပါးတာနဲ့ ကျန်းမာရေးဝန်ထမ်းနည်းပါးတာကြောင့် ကျန်းမာရေးစောင့် ရှောက်မှုပိုင်းမှာဒီထက်မက လိုအပ်နေသေးတဲ့ ဒေသဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူတွေ ပြောပြချက် အရ သိရပါတယ်။ Read in Full
၁၄။ စစ်ရေးတင်းမာမှုကြောင့် ဘီးလင်းစစ်ရှောင် ၃၀၀၀ ကျော် နေရပ်မပြန်ရဲသေး
January 28, 2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တာဝန်ရှိ သူက ပြောပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့ထိ မဲပလီကျေးရွာအနီးတဝိုက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့တွေ စစ်ဆိုင်ထားဆဲအခြေအနေမှာရှိပြီး တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ စစ်ရေးတင်းမာဆဲ အနေအထားမှာရှိနေတဲ့အတွက် ဒေသခံတွေဟာ မိမိတို့ရပ်ရွာကိုပြန်ဖို့ မဖြစ်နိုင်သေးကြောင်း၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်း၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေမှုကြောင့် အရပ်သားပြည်သူတွေဟာ အကြောက်တရားနဲ့ နေထိုင်နေရတဲ့အကြောင်း KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။
စစ်ရှောင်နေရတာရက်ရှည်လာလို့ ပြည်သူတွေမှာ အလုပ်အကိုင်အဆင်မပြေဖြစ်ပြီး စားဝတ်နေရေးခက်ခဲမှု တွေရှိလာ တဲ့အတွက် အကူအညီတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေကို KNU တပ်မဟာ ၁ ဘက်က တတ်နိုင် သမျှကူညီပေးနေပေမယ့် စစ်ရှောင် ဦးရေများတာကြောင့် လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလဆန်း ပိုင်းကစတင်ပြီး မဲပလီအခြေစိုက် ခမရ ၄၀၅ တပ်အတွင်းရှိ ဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပိတ်ဆို့ တိုက်ခိုက်နေတာတွေရှိနေပြီး တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက် တိုက် လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် မဲပလီ၊ အစူးချောင်း၊ ပီတိကျေးရွာအုပ် စုထဲကကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာနေထိုင် နေကြရပါတယ်။ Read in Full
၁၅။ ခိုးလျေဆို စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့ ခပ်ယူရ
January 27, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ခိုးလျေဆိုစစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ အကန့်အသတ်နဲ့သာ ရေကို ခပ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။“အခုက ရေနည်းနည်းရှိ သေးတယ်၊ ဒီနှစ်လပိုင်းဆိုရင် အကုန်ခပ်သွားမှာ။ အဲ့ချိန်ကျရင် ခွက်လေးနဲ့ပဲ ခပ်ရတော့မှာ ညချိန်လည်း သွားခပ်ရမယ်၊ မနက် သွားခပ်ရင် သူများကိုလည်း မမှီတော့ဘူးပေါ့။”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မိုးရာသီကာလအတွင်း သိုလှောင် ထားတဲ့ ရေကန်မှာ ယခု ဇန်နဝါရီလအတွင်းမှာပဲ ရေနည်းလာပြီဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာတော့ ရေခမ်းသွားနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိ လက်ကျန်ရေကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စုပေါင်းအသုံးပြုနေရတာကြောင့် ရေပုံးအဝါနဲ့ ဆိုင်ကယ်၊ ထော်လဂျီစက်ကို အသုံးပြုပြီး သယ်ယူနေပေမယ့် ကားနဲ့သယ်ယူခွင့်ကိုတော့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ခပ်ယူထားတဲ့ရေကိုလည်း ချွေတာသုံးစွဲနေရတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောဆိုပါတယ်။
“ရှေ့ဆက်က ရေအခက်အခဲဖြစ်မယ် ဆိုင်ကယ်နဲ့ တစ်ခေါက်သယ်ရင် ၃ ပုံးရတယ်။ ၃ ပုံးဆိုရင်များတဲ့ မိသားစုက တစ် ရက်စာပဲရှိတယ် ဒါက စားဖို့တစ်ခုပဲပေါ့။ ရေမိုးချိုးဆို ပြောမနေတော့ဘူး။ ဆိုင်ကယ်မရှိသူကတော့ တောင်ယာသွားလို လမ်းကြုံ ရင်တော့ ခပ်ပြန်တာပေါ့။ ခြေလျင်နဲ့ သွားခပ်တာတော့မရှိတော့ဘူး ဒါပေမယ့် တောင်ယာအငှားလိုက်ရင်းနဲ့ ရေယူရ တာပေါ့။ တောင်ယာ အငှား တစ်ရက်ဆိုရင် ၄ ပုံး ၅ ပုံးပဲရတယ်။” လို့ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။ ဖရူဆို အရှေ့ခြမ်းက ကျေးရွာ အများစုဟာ ရေအရင်းအမြစ်မရှိတဲ့ဒေသဖြစ်တာကြောင့် နှစ်စဉ်နွေရာသီရောက်ရှိတိုင်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရတာပါ။ ရေရှားပါးချိန်မှာ သောက်သုံးရေရရှိဖို့ ရေနီကန်ကိုသာအသုံးပြုနေရတယ်လို့ဆိုပါတယ်။ အဆိုပါခိုးလျေဆို စစ်ရှောင်စခန်းမှာ တော့ အိမ်ခြေ ၁၈၈ အိမ် ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိပါတယ်။ Read in Full
၁၆။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ လောင်းလုံးနဲ့ ရေဖြူက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ
January 27, 2025
ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာတစ်ဝိုက်ကို စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ဟာ လောင်းလုံး မြို့နယ်ထဲကိုလည်း စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ် သားတွေဟာ အခုလ ၂၁ ရက်နေ့ကတည်းက ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာထဲကို ရေလမ်းကဝင်ရောက်လာပြီး စစ်ကြောင်း ထိုးနေတာပါ။ အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရေနက်ဆိပ်ကမ်းဧရိယာတစ်ဝိုက်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးပြီးနောက် မနေ့ကစလို့ လောင်းလုံးမြို့နယ်ဘက်ကို တောလမ်းတွေကနေ ဦးတည်ပြီးဝင်ရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“တောလမ်းကဆိုတော့ ဘယ်နေရာရောက်နေလဲ အတိ အကျမသိဘူး။ ဒါကပိုကြောက်နေရတယ်။ မူးဒူးတစ်ရွာပဲ ရွာထဲကဖြတ်တာ။ အဲဒါပြီးတော့ ရာဘာတောတွေ၊ သီဟိုဠ်တောတွေဖြတ်ပြီး သွားနေတယ်”လို့ နဘုလယ်ဒေသခံ အမျိုးသမီး တစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းတွေ သုံးခုထက်မနည်းခွဲပြီးသွားနေတယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကြောင်းက စစ်ကောင်စီတပ်သားတချို့ဟာ ရေဖြူမြို့နယ်ထဲက ရလိုင်၊ သစ်တိုထောင့်၊ ဒေါင်းရှောင်ရွာ တစ်ဝိုက်မှာရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အစက စစ်ရှောင်တဲ့သူတွေ ဒီဘက်ရောက်လာတယ်။ အခုဒီဘက်ကလူတွေလည်း ပြေးနေရတယ်”လို့ လောင်းလုံး မြို့နယ်၊ မြို့ဟောင်းကျေးရွာက အမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကြောင်းကြောင့် ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်ထဲမှာ ရှိတဲ့ မူးဒူး၊ ရလိုင်၊ သစ်တိုထောင့်၊ ဒေါင်းရှောင်၊ ဒေါင်းရှောင်၊ ဆင်ပုနစ်၊ မြို့ဟောင်းနဲ့ စခန်းကြီးရွာတွေက ဒေသခံတွေနီးစပ်ရာမှာ တိမ်းရှောင်နေရပါတယ်။ အခုလ ၂၄ ရက်နေ့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မူးဒူးရွာအနီးကိုအဲဒီစစ်ကြာင်းရောက်လာတာကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး A Zero ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်သားတွေက မူးဒူးရွာက နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါ တယ်။ စစ်ကောင်စီဟာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်လုပ်ကိုင်ဖို့ဆိုပြီး ရုရှားနိုင်ငံနဲ့လည်း ဆွေးနွေးမှုတွေလုပ် ဆောင်နေပါတယ်။ Read in Full
၁၇။ ကျောက်မဲမြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲ၍ နှစ်ရက်အတွင်း လေးဦးသေဆုံးပြီး ၂ဝ ကျော်ဒဏ်ရာရ
January 28, 2025
ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ နှစ်ရက်အတွင်း လေးဦးသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရသွားသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်တော် (TNLA) က သတင်းထုတ်ပြန်ထားသည်။ PSLF/TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဇန်နဝါရီလ ၂၇ ရက်နှင့် ဇန်နဝါရီလ ၂၅ ရက်တို့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့သည်ဟု PSLF/TNLA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။“စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့လယ် (၂း၁၈)နာရီအချိန်တွင် ကျောက်မဲမြို ညဈေးတန်းနှင့်ခရိုင်ရုံးပေါ်တွင် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်(၅)လုံးထက်မနည်း ထိမှန်ပျက်စီးသွားခဲ့သည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အလားတူ ဇန်နဝါရီလ ၂၅ ရက်က ဖြစ်စဉ်အတွင်း CDM ဆရာမနှစ်ဦးနှင့် လူနာ တစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဆရာဝန်ထမ်းများ၊ လူနာများအရပ်သားများ စုစုပေါင်း ၂ဝ ကျော် ဒဏ်ရာရသွားခဲ့သည်ဟု PSLF/ TNLA က ယင်းနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းနေ့က စစ်ကောင်စီသည် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးလေးလုံးကြဲချခဲ့သည့်အတွက် CDM ဆရာမများ၊ လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ ထိခိုက်သေဆုံးမှုရှိခဲ့ကြ ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက ယခုကဲ့ သို့ အရပ်သားပြည်သူများ ဆေးကုသနေသည့် ကျောက်မဲပြည်သူ့ဆေးရုံပေါ် ဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်အားပြင်း ထန်စွာရှုတ်ချသည်ဟုလည်း PSLF/TNLA က ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ Read in Full
၁၈။ စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် မော်လမြိုင်မှာ လူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရ
January 28, 2025
စစ်မှုထမ်းနည်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အများ စုဟာ မိသားစုနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေ တဲ့ စစ်ကောင်စီဟာ အင်အားဖြည့်တင်းဖို့အတွက် စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တိုင်း ပြည်ပထွက်ခွင့်မရှိဘဲ စစ်မှုထမ်းရမယ့် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါ ရီ ၂၃ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။ စစ်မှုထမ်းနည်းဥပဒေ ပြဌာန်းပြီးနောက် မော်လမြိုင်မြို့ ပေါ်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဒေသတွင်း လူငယ်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးပြီး ဖမ်းဆီးမှု တွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။ မော်လမြိုင်မြို့ခံတစ်ဦးက စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေဟာ စစ်မှုထမ်းနည်းဥပဒေထုတ်ပြန် ပြီးနောက် ပိုပြီးအတင့်ရဲလာသလို နေ့ခင်းဘက်တွေမှာလည်း ပိတ်ဆို့ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။“အခုက နေ့ရောညပါ ဖမ်းဆီးနေတာ။ ညဘက်ပိုင်းဆိုပိုဆိုးတယ်။ အခုကဒီကောင်တွေတော်တော်ဆိုးလာတယ်။ ညဘက်ဆိုရင် တော်ရုံ တန်ရုံ လူငယ်တွေက မထွက်တော့ဘူး။ စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြီးတော့ ပိုအတင့်ရဲလာတယ်” လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ ဖမ်းဆီးခံရတဲ့ လူငယ်လူရွယ်တွေမှာ အသက်ပြည့်ပြီးတဲ့ လူငယ်လူရွယ်တွေအပြင် အသက် မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ ပြု လုပ်နေတာကြောင့် ဒေသတွင်းမှာ စိုးရိမ်မှုမြင့်တက် နေပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီနဲ့ နီးစပ်သူတွေကတစ်ဆင့် ကျပ်သိန်းဆယ်နဲ့ချီ ပေးကာ ပြန်လည်ရွေးရ တာတွေရှိသလို တချို့တွေကိုတော့ စစ်သားစုဆောင်းရေးထဲ ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒေသတွင်းမှာတော့ အခုနောက်ပိုင်း လူငယ်အများစု ဖမ်းဆီးခံရတာတွေအပြင် အသက်မပြည့်သေးတဲ့ လူငယ်တချို့လည်း ပျောက်ဆုံးမှုတွေ ရှိနေတာပါ။ ပျောက်ဆုံးနေတဲ့ လူငယ်တစ်ဦးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပျောက်ဆုံးမှုတွေရှိလာပြီး လိုက်ရှာပေမယ့် ပြန်တွေ့တာမရှိဘူးလို့ ပြောပါတယ်။“ကလေးက အသက် ၁၆ နှစ်၊ မနက် ၆/၇နာရီလောက် ထွက်သွားတယ်။ ထင်တာက သူတစ်ချက်အပြင်ထွက် ပြီးတော့နောက်ကျသွားတယ်ပဲထင်တယ်။ စောင့်နေတာပါ။ ပြန်မရောက်လာဘူး။ ပြန်မရောက် လာတော့ လိုက်ရှာတယ်။ ကားဂိတ်မှာလည်း မတွေ့ဘူး”လို့ ဆိုပါတယ်။ အခုလို လူငယ်တွေပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ကို အကြောင်းကြား တိုင်ကြားပါကလည်း မှတ်တမ်းယူထားရုံလောက်သာရှိပြီး ဝိုင်းဝန်းကူညီ ရှာဖွေပေးတာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။ Read in Full
၁၉။ သီပေါမြို့တွင် စစ်လက်နက်အကြွင်းအကျန် လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံး
January 27, 2025
ရှမ်းပြည်နယ်မြောက်ပိုင်းတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)ထိန်းချုပ်ထားသည့် သီပေါမြို့တွင် စစ်လက် နက်အကြွင်းအကျန် လက်ပစ်ဗုံးကိုင်တွယ်မိသည့် အမျိုးသားနှစ်ဦးသည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါဖြစ်စဉ်သည် (ဇန်နဝါရီ ၂၅ ရက်)၊ နံနက် ကိုးနာရီခန့်တွင် သီပေါမြို့နယ်၊ ကုံးစုံကျေးရွာ၌ စစ်လက် အကြွင်းအကျန် လက်ပစ်ဗုံး၏ စနက်တံ ကို အမျိုးသားနှစ်ဦးက စွဲထုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။“သိသလောက်တော့ သူတို့နှစ်ယောက်က ဗုံးစနက်တံကို စွဲထုတ်လိုက်လို့ ပေါက် သွားတယ်လို့ပြောတယ်။ အဲ့ဒီနှစ်ယောက်က အသက်လဲကြီးပြီ၊ အဲ့ဒီဗုံးက မကောင်းဘူးထင်ပြီး ဆော့လိုက်တာလား၊ ဘာလားတော့ ကျတော်လဲသေချာမသိဘူး”ဟု ကုံးစုံကျေးရွာ ဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူနှစ်ဦးသည် အသက် ၃၀ အရွယ် ကိုကျော်ဇေယျဦး နှင့် အသက် ၃၂ နှစ်အရွယ် ကိုဖိုးသားတို့ဖြစ်ပြီး အလောင်းများကို သီပေါမြို့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်။
“ မြို့ပတ်ပတ်လည် နေရာအချို့မှာ တအာင်းတပ်က မိုင်းရှင်းလင်းရေးလုပ်ပေမဲ့ နေရာအစုံတော့ သူတို့မရှင်းနိုင်သေး ဘူး။ ကျေးရွာတွေဘက်မှာရှိတဲ့ တောင်ယာ၊ လယ်ယာတွေ၊ တောတောင်တွေထဲမှာ မိုင်းမရှင်းနိုင်သေးဘူး။ မိုင်းရှင်းရေးနဲ့ ပတ် သက်ပြီး လှုပ်ရှားတာနည်းသေးတယ်။ ဒေသခံတွေအနေနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို ဂရုစိုက်ဖို့လိုတယ်။ ကိုယ်ထင် ရာမလုပ်တာ အကောင်းဆုံးပေါ့လေ၊ စစ်လက်နက်ပစ္စည်းတွေတွေ့ရင်လဲ သက်ဆိုင်ရာကို အရင်ဆုံးအကြောင်းကြားသင့်တယ်”ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ သီပေါမြို့ဒေသခံများသည် စစ်လက်နက်အကြွင်းအကျန်များကြောင့် ၂၀ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။ သီပေါမြို့အတွင်းအုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်နေသည့် TNLA အနေဖြင့်စစ်လက် နက်အကြွင်းအကျန်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းမှုများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။ Read in Full
၂၀။ ကော့သောင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ
January 28, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဟတ်စဒင်ကျေးရွာနဲ့ ချန်ဖန်းကျေးရွာကြားမှာ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုအတွင်း ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါ တယ်။ ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီခန့်မှာ ချန်ဖန်းကျေးရွာဘက်ကနေ ဟတ်စဒင်ကျေးရွာဘက်ကို ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၅ နှစ်အရွယ် မြင့်ဆွေ ခေါ် ခေါင်းဖြူကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ဆိုင်ကယ်နဲ့ ပြန်လာချိန် ဆီအုန်းတောအဖြတ်မှာ ရှင်းလင်းလိုက်တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားကြောင်းနဲ့ လက်နက်သိမ်း ဆည်းရမိခြင်းမရှိကြောင်း ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
မြင့်ဆွေ ခေါ် ခေါင်းဖြူဟာ ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သလို ကျေးရွာ ရာအိမ်မှူးလည်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ကာ ကျေးရွာအတွင်း ပြည်သူတွေကို အနိုင်ကျင့်တာတွေရှိတာကြောင့် စာနဲ့သတိပေးထားပေမယ့် မလိုက် နာဘဲ ဆက်လုပ်နေလို့ ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။ သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် မြင့်ဆွေ ခေါ် ခေါင်းဖြူမှာ ဦးခေါင်းနောက်စေ့ ကျည်ထိဒဏ်ရာနဲ့ နေရာမှာပင်သေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်ပြီးနောက်မှာတော့ အဖွဲ့ဝင်တွေ ပြန်ဆုတ်လာချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အလောင်းကိုကောက်ယူကာ ကော့သောင်းဆေးရုံကို တင်ပို့ထား တယ်လို့ ဆိုပါတယ်။ Read in Full
၂၁။ ဖားအံမြို့ပေါ်တွင် စစ်မှုထမ်းအတွက် လစဉ်ထောက်ပံ့ကြေး တောင်းခံမှု ဆက်ရှိနေ
January 28, 2025
ဖားအံမြို့ပေါ် ရက်ကွက်အတွင်း နေထိုင်သူများထံမှ စစ်မှုထမ်းများအတွက် လစဉ်ထောက်ပံ့ကြေးကို စစ်ကောင်စီ၏ ရပ် ကွက်အုပ်ချုပ်ရေးမှူးများက တောင်းခံနေမှုများ ဆက်ရှိနေသေးသည်ဟု မြို့ခံများကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားအံမြို့ပေါ် အမှတ်-၆ ရပ်ကွက်၊ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ရပ်ကွက်အတွင်းနေထိုင်သူများကို စစ်မှုထမ်း ထောက်ပံ့ကြေး လစဉ်ကျပ် ၅,၀၀၀ ကောက်ခံနေသည်ဟု အခြေအနေမှန်ကိုသိရှိထားသူ မြို့ခံတစ်ဦးကယခုလိုပြောသည်။“အဓိကတောင်းခံနေတာကတော့ ဒီအမှတ်(၆)ရပ်ကွက်မှာ၊ အုပ်ချုပ်ရေးမှူးအပိုင်းကသူတွေလိုက်ပြီးတော့ စေတနာရှိသလောက် ပေးရမယ်။ ပြီးတော့အနည်းဆုံး ငါးထောင်အထိပေးရတယ်။ ငါးထောင်က အခုခေတ်အခြေအနေနဲ့ဆိုနည်းပေမဲ့ နေ့စားသမား တွေအတွက် တကယ်ကို ခက်ခဲတယ်။ ပြီးတော့ လတိုင်းပေးရမယ်လို့ လည်း ပြောသွားပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
အခြားမြို့နယ်များမှ စစ်ဘေးရှောင်များအိမ်ခန်းငှား လာရောက်ငှားရမ်းနေထိုင်မှုများရှိသည့် အဆိုပါ အမှတ်-၆ ရပ် ကွက်တွင် အများစုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး ယခုလို ပိုက်ဆံကောက်သည့်အတွက်ဝန်တစ်ခု သဖွယ်ဖြစ်နေသည်ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက် နေ့တွင်ထုတ်ပြန်ခဲ့ရာ ၎င်းဥပဒေအရ စစ်မှုထမ်းရန်အကျုံးဝင်သူ လူငယ်များကို အတင်းအကြပ်ခေါ်ယူမည့်အခြေအနေကိုလည်း စိုးရိမ်နေရသည် ဟုမြို့ခံတို့ကပြောသည်။ သို့သော်ဖားအံမြို့ပေါ်တွင်ထိုသို့ဆင့်ခေါ်စာပို့ ခေါ်ယူခြင်းမျိုးမရှိသေးကြောင်း ဖားအံမြို့ခံ သတင်းရင်းမြစ်များကပြောသည်။ မြို့ခံအမျိုးသမီးတစ်ဦးက “အိမ်အထိတော့စာတွေမရောက်လာသေးဘူး။ အမျိုးသမီး တွေ စစ်မှုထမ်းရမယ်လို့ ပြောသံတွေတော့ ကြားထားတာရှိတယ်။ တချို့သူငယ်ချင်းတွေက တခြားနိုင်ငံတွေကိုထွက်နေကြတာ ရှိတော့ နောက်ပိုင်းမှာ ဘယ်လိုရင်ဆိုင် ရမလည်းမသိသေးဘူး”ဟု ပြောသည်။ Read in Full
၂၂။ အင်းတော်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေသဖြင့် မြစ်ကြီးနား – မန္တလေးလမ်း ယာယီဖြတ်သန်းခွင့်ပိတ်
January 27, 2025
အင်းတော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ တိုက်ပွဲပြန် လည်ပြင်းထန်နေပြီး မြစ်ကြီးနား – မန္တလေးလမ်းကိုလည်း ယာယီဖြတ်သန်းခွင့်ပိတ်ထားကြောင်း သိရသည်။ မြို့အတွင်းရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် ဂျပန်လိုဏ်ဂူကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။“ဒီမနက် ၅ နာရီကနေတိုက်ပွဲပြန်စနေပြီဟုတ်တယ်။ အဲဒီလောက်ပဲသိရသေးတယ်။ ဒီမနက်ကနေလေယာဉ်နဲ့ လာ ပစ်တာ အခုချိန်ထိဆိုရင် ၁၈ ကြိမ်လောက်ရှိပြီ” ဟုဆိုသည်။ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှင့် Y – 12 လေယာဉ်များ အသုံးပြုကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ် ကြောင်းသိရသည်။ တိုက်ပွဲပြင်းထန်နေသောကြောင့် မြစ်ကြီးနား – မန္တလေးကားလမ်းများကိုလည်း ယနေ့ နံနက်မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်လိုက်ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
“အခုမနက်ယာယီပိတ်ထား။ ကားလမ်းပိတ်နေရင် အသွားအလာခက်မှာစိုးလို့ခဏပိတ်။ စစ်ရေးအသွားအလာရှုပ်လို့ လမ်းပွင့်နေအောင်ပေါ့။ ညနေပိုင်းမဟုတ်ရင် နက်ဖြန်ပြန်ဖွင့်မှာပေါ့”ဟု ဆိုသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့ သည့် ဩဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်း မြစ်ကြီးနား – မန္တလေးလမ်းကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်သဖြင့် ကွင်းရှောင်လမ်း များမှ သွားလာနေရခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က စတင်ကာထိုးစစ်ဆင် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအပါအဝင် မြို့အတွင်းရှိကာကင်းစခန်းများကို သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်က မြို့အတွင်းရှိ တပ် စခန်းများကို လက်လွတ်ခဲ့ရပြီးနောက် အင်းတော်မြို့အလယ် တောင်ကုန်းပေါ်တွင် တစ်တန်းတည်းရှိသည့် မြို့မကျောင်း၊ ရပ်တော်မူ၊ လျောင်းတော်မူဘုရားကုန်းနှင့် ဂျပန်လှိုဏ်ဂူကုန်းတို့တွင် ပြန်လည်စုဖွဲ့ကာခုခံနေခြင်းဖြစ်သည်။ အင်းတော်မြို့တွင် စစ်ကောင်စီတပ်မ ၇၇ တပ်ဖွဲ့ဝင်များအပြင် ရှမ်းနီ(SNA)နှင့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားခြင်းဖြစ်ကြောင်း တော် လှန် ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ Read in Full
၂၃။ သံတွဲ ငါးဖမ်းလုပ်ငန်းများ လည်ပတ်နိုင်ရန် ခက်ခဲနေဆဲ
January 27, 2025
ပင်လယ်ပြင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်က ငါးဖမ်းလုပ်ငန်းများမှာ လည်ပတ်နိုင် ရန် အခက်အခဲများရှိနေဆဲကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းငါးလုပ်ငန်းအများဆုံး လုပ်ကိုင်ကြသည့် ဆင်ခေါင်း၊ မြပြင်၊ ဂျိတ္တော၊ မှိုဟင်းပြင်၊ စပါးကြီး၊ လင်းသာ စသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးခြင်း၊ ပြန် ရောက်နေသူ အချို့မှာလည်း စစ်ကောင်စီ နေဗီများကိုကြောက်၍ ငါးဖမ်းလုပ်ငန်းများ မလည်ပတ်နိုင်သေးကြခြင်း ဖြစ်သည်။ “ငါးလုပ်ငန်းလုပ်တဲ့ ကမ်းခြေအနီးရွာတွေက စစ်ဘေးရှောင်နေတာ အများစုက ရွာတွေကို ပြန်မလာကြသေးဘူး။ ပြန်လာနေကြတဲ့ သူတွေလည်း နေဗီကြောက်လို့ အခုထိ ငါးဖမ်းထွက်ဖို့ ခက်ခဲနေကြတယ်”ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ တွင် သံတွဲမြို့နယ်ကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဒေသခံများ၏ ပုံမှန်လုပ်ငန်းများ မလည်ပတ်နိုင်သေးခြင်း ဖြစ်သည်။
သံတွဲမြို့ဒေသခံများသည် ရန်ကုန်၊ ဧရာဝတီတိုင်းနှင့်၊ ရခိုင်ပြည် မြောက်ပိုင်းဒေသတို့တွင် စစ်ဘေးရှောင်နေကြပြီး လေကြောင်းအန္တရာယ်စိုးရိမ်မှုများကြောင့် နေရပ်မပြန်နိုင်သေးသူများလည်း ရှိကြောင်းသိရသည်။ အချို့နေရပ်ပြန်လာကြသည့် ဒေသခံများမှာလည်း စစ်ကောင်စီ၏ နေဗီများ ပင်လယ်ပြင်တွင်ရှိ နေသောကြောင့် ငါးဖမ်းထွက်ရန် အခက်ကြုံရကြောင်းသိရ သည်။“အဓိကငါးလုပ်ငန်း လုပ်တဲ့နေရာ တော်တော်များများ လုပ်ငန်းတွေ မလည်ပတ်သေးဘူး။ နေရပ်ပြန်ဖို့က အခုထိ လေကြောင်းအန္တရာယ်ကို စိုးရိမ်ရသေးတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ငါးလုပ်ငန်း လုပ်တာ အခုထိ စစ်ဘေးရှောင်နေရတုန်းပါ ” ဟု ငပလီမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။ ရခိုင်ပြည်သည်အဓိက စီးပွားရေးလုပ်ငန်းအဖြစ်လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ် ငန်းများကို အများအပြားလုပ်ကိုင်ကြပြီး ယခုအခါ စီးပွားဖြစ်ရေလုပ်ငန်းမှာ မလည်ပတ်နိုင်ဘဲရှိသည်။
၂၄။ သထုံအမြောက်တပ်က တပ်သား သုံးဦး KNU ထံ အလင်းဝင်
January 27, 2025
မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြောက်တပ်က တပ်သား သုံးဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်သား သုံးဦးဟာ ဇန်နဝါရီ ၂၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံ ဆက်သွယ် အလင်းဝင်လာတာ ဖြစ်ပါတယ်။ အလင်း ဝင်တဲ့ စစ်ကောင်စီတပ်သား သုံးဦးမှာ တပ်သား ကောင်းထက်၊ တပ်သား နိုင်းနိုင်း၊ တပ်သား အောင်ပြည့်ထွန်းတို့ ဖြစ်ပြီး သူတို့ သုံးဦးဟာ စစ်ကောင်စီထံကနေ MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် ၃၀၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးပါ ယူဆောင် လာခဲ့တာပါ။
လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ တပ်သား သုံးဦးကို KNU သထုံခရိုင်ကတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ ပေးထားပြီး သူတို့ရဲ့ ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးမယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲဗျူဟာ ၂၇ ထံ စစ်ကောင်စီတပ်သား သုံးဦးလက်နက်တွေနဲ့အတူ အလင်းဝင်ထားပါတယ်။ KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းကာလအတွင်း KNU တပ်မဟာ ၁ ထံ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်းရှိနေပါတယ်။ Read in Full
၂၅။ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၇ ဦးအား CDF အရှို ထပ်မံ ဖမ်းမိ
January 27, 2025
ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၇ ဦးအား ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက သတင်းထုတ်ပြန်သည်။ ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့အခြေစိုက် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အမ်းမှ မကွေးတိုင်းအတွင်းသို့ ထွက် ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ချင်းဒေသကာကွယ်ရေးတပ် (CDF)-အရှို(Asho)က အကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ CDF အရှို သည် အမ်း – ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်များ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများအား ပိတ်ဆို့တား ဆီးတိုက်ခိုက်နေရာ ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်း ဆီးရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
” ၁၇ ယောက်လုံး ပြိုင်တူဖမ်းမိတာတော့မဟုတ်ဘူး။ ကျနော်တို့နဲ့အပြန်အလှန် တိုက်ပွဲဖြစ်တာမျိုးလည်းမဟုတ်ပါဘူး။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာရှိတဲ့ သူတို့ရဲ့ စစ်စခန်းတွေကနေ ကျနော်တို့ဆီကို ပြေးလာတာဖြစ်ပါတယ်။ မကွေးတိုင်းဘက်ကို ပြေးတဲ့အချိန်မှာ ကျနော်တို့ကလမ်းကြောင်းကနေပြီးတော့ ပိတ်ဆို့တားဆီးပြီး ဖမ်းဆီးတာမျိုးဖြစ်ပါတယ်”ဟု CDF အရှို သတင်း ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမရှိဘဲ အသာတကြည် လက်နက်ချ အဖမ်းခံခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ “ပြေးလာတဲ့သူတွေက ပုံစံမျိုးစုံပြေးလာတာဖြစ်လို့ အလင်းဝင်တယ်လို့ကလည်း ပြောလို့မရဘူး။ အလံဖြူထောင်တယ်လို့လည်း ပြောလို့မရဘူး အဲဒီလိုမျိုးတော့ရှိတယ်ဆိုတော့ ပုံစံမျိုးစုံမိ တာမို့လို့ အဲဒီရက်တွေမှာ ဖမ်းမိတဲ့အရေ အတွက်နဲ့ သေနတ်အရေအတွက်ပဲရေး (ထုတ်ပြန်ချက်မှာ ရေး)ထားတာပါ”ဟု ဆလိုင်းရိုးချင်းက ပြောသည်။ Read in Full
၂၆။ မိုးဗြဲမြို့တိုက်ပွဲ မကြာမီတန်ပြန်ထိုးစစ်ဆင်မည်ဟု မိုးဗြဲ PDF ပြော
January 28, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ ထိုးစစ်ခုခံရာတွင် အောင်မြင်မှုများစွာရှိနေပြီး မကြာမီ တန်ပြန် ထိုးစစ်ဆင်မည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်းမှ တာဝန်ရှိသူကပြောသည်။ စစ်ကောင်စီတပ်နှင့် နေ့စဥ်ရက် ဆက်တိုက်ပွဲများ ဖြစ်ပွားနေသည့် မိုးဗြဲဒေသသည် လက်ရှိတွင် မြို့ပျက်သဖွယ်ဖြစ်နေပြီး လက်နက်ကြီးဒဏ်နှင့် ဗုံးဒဏ်တွေ ကြား၌ အစွမ်းကုန်ခုခံတိုက်ခိုက်နေဆဲဟု ဆိုသည်။ “ဒီလိုမိုးဗြဲဒေသမှာ နေ့စဉ်ရက်ဆက်တွေကြားမှာ ပေးဆပ်မှုများလည်းရှိခဲ့ သလို အောင်ပွဲများလည်း များစွာရှိနေပါတယ်။ မကြာမီ ခံစစ်ကနေ တန်ပြန်တိုက်စစ်တွေကို ပြန်လည်ပြုလုပ်သွားမှာဖြစ်လို့ တပ်ရင်းတပ်ဖွဲ့တွေအသီးသီးမှ လိုအပ်နေတဲ့ နှုတ်ခမ်းနီနဲ့ စစ်ရိက္ခာများကို တတ်အားသ၍ပါဝင်ထောက်ပံ့ပေးကြဖို့ တောင်းဆိုပါ တယ်”ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။ ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာကစ၍ ထိုးစစ် ဆင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ရက်ကစ၍ လက်နက်ကြီး၊ လေယာဥ်တိုက်ခိုက်မှုအပြင် မြေပြင်အင်အား ၄၀၀ ခန့်ဖြင့် ထိုးစစ်အရှိန်မြှင့်လာခဲ့သည်။
ယခုရက်ပိုင်းအတွင်း မိုးဗြဲမြို့အနောက်ဘက်ခြမ်းနှင့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး ခုခံနေ သည့် ကရင်နီတပ်ပေါင်းစုဘက်က ရဲဘော် ၅ ဦးခန့်ကျဆုံးထားသည်။ “မိုးဗြဲတိုက်ပွဲက (ဇန်နဝါရီ ၂၇ ရက်)အထိ ဖြစ်နေတယ်။ လွိုင်ကော်၊ ဖယ်ခုံဘက်က စခ အခြေစိုက်တပ်တွေကနေ လက်နက်ကြီးအဆမတန် ပစ်ကူပေးနေတယ်။ ကျတဲ့ရဲဘော်တချို့ရှိ တယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက ပြောသည်။ မိုးဗြဲမြို့ရှိ စစ်ကောင်စီအခြေစိုက်ရာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်းနှင့် စည်ကား ၂ နှင့် စက်တော်ရာတောင်ကုန်း(ခ)ဗျူဟာကုန်းကို ၂၀၂၃ နိုဝင်ဘာတွင် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မိုးဗြဲမြို့နှင့် နှစ်မိုင်ကျော်အကွာအဝေးရှိ မြို့စောင့်တပ်ဖြစ် သော ခြေမြန်တပ်ရင်းအမှတ် (၄၂၂)တပ်ရင်းကိုမူ မသိမ်းပိုက်နိုင်ခဲ့ပေ။ Read in Full
၂၇။ ဧရာဝတီတွင် ရခိုင် ၅ ဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ်ချ
January 27, 2025
ရခိုင်ဒေသခံ ကုန်သည် ၅ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၁ (ဂ) ဖြင့် ဇန်နဝါရီ ၂၄ ရက် တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ထောင်ဒဏ်ချခံ ရသူများမှာ ၂၀၂၄ စက်တင်ဘာလအတွင်းက ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ပြည်သို့ ကုန်စည်များပို့ဆောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ တရားစွဲဆိုခဲခြင်းဖြစ်သည်။ ယင်းနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ်ကို ရောက်ရှိနေသည့် စစ်ဘေးရှောင် ရခိုင်အမျိုးသားတစ်ဦးကပြောသည်။“ရေကြည်တရားရုံးကနေ ရခိုင်ကုန်သည် ၅ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒ ပုဒ်မနဲ့ချလိုက်တာ။ သူတို့က စက်တင်ဘာလတုန်းက ငါးသိုင်းချောင်းကနေ ရခိုင်ကို ကုန်ကူးနေကြတဲ့သူတွေလို့သိရပြီး ငါးသိုင်း ချောင်းနယ်အတွင်းမှာဖမ်ဆီးခဲ့တာ။ နာမည်တွေကိုတော့ မသိရသေးဘူး”ဟု ရေကြည်မြို့ရောက် ရခိုင်တစ်ဦးကပြောသည်။ ယခု ထောင်ချခံရသည့် ရခိုင် ၅ ဦးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ဒုတိယအပတ်က ငါးသိုင်းချောင်းမြို့ ရွှေယဉ်အေးကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းတို့အား ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဟုလည်း သိရသည်။ ၂၀၂၄ စက်တင်ဘာလက အာရက္ခတပ်တော်အပါဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့အား စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းကြေညာခဲ့သည်။ ယင်းနောက် ဧရာဝတီတွင် ဖမ်းဆီးခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်ကလည်း ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ဂွမြို့နယ်ဒေသခံ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း စစ်ရှောင်များက ပြောသည်။ ကျုံပျော်မြို့နယ် ကိုရောက်ရှိနေသည့် ရခိုင်အမျိုးသမီးတစ်ဦးက “အခုတလော စစ်ရှောင်တွေကို ဟိုမှာဖမ်း၊ ဒီမှာဖမ်းတယ်ဆိုပြီး ကြားလာရတော့ စိုးရိမ်းစိတ် ရှိကြတယ်။ ကိုယ့်ပြည်ကိုယ့်ရွာမှာလို တစ်ယောက်မှ စိတ်ချလက်ချ နေထိုင်ကြရတာ မဟုတ်ဘူး။ ပြန်ဖို့ကလည်း စစ်ကောင်စီက လမ်းပိတ်ဆို့ထားတော့ တော်တော့်ကိုအကျပ်အတည်းဖြစ်နေကြတာ။ ဖြစ်နိုင်ရင်ကိုယ်ရပ်ရွာကိုပဲပြန်ချင်တော့ တယ်”ဟု ပြောသည်။ ဧရာဝတီတိုင်းတွင် ရခိုင်ပြည် ဂွမြို့နှင့် သံတွဲမြို့နယ်က စစ်ဘေးရှောင် သောင်းနှင့်ချီပြီး နေရပ်ပြန်နိုင်ရန် ခက်ခဲနေကြဆဲဖြစ်သည်။ Read in Full
၂၈။ နေပြည်တော်နှင့် ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား ၁၁ ဦး အလင်းဝင်လာ
January 27, 2025
နေပြည်တော်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်သား ၁၁ ဦး အလင်းဝင်လာကြောင်း အဆိုပါဒေသများရှိ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ အလင်းဝင်လာသူများသည် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းများအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး ရှေ့တန်းတိုက်ပွဲများသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြသည်။ “စစ်ကောင်စီဘက်က အတင်းအဓမ္မ စုဆောင်းထားတဲ့ တပ်သားတွေက အခုလိုမျိုး စစ်မြေပြင်ရောက်တဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဘက်ပြောင်းခိုလှုံတာများ လာတယ်။ မြေပြင်တိုက်ပွဲ ပိုပြင်းထန်လေလေ သူတို့ဘက်က ဘက်ပြောင်းတဲ့သူများလာလေပဲ။ နေ့စဥ်နဲ့အမျှ ဘက်ပြောင်းတဲ့ သူတွေ ရှိနေတယ်လို့ ပြောလို့ရတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။ (ဇန်နဝါရီ ၂၆ ရက်)တွင် KNDF ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သား (၇)ဦးမှာ KNDF တပ်ရင်းအသီးသီးထံသို့ ထွက်ပြေးခိုလှုံလာခဲ့ ကြောင်း အသိပေးထားသည်။ ၎င်းတို့ ခုနစ်ဦးသည် လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုမှ လက်နက်မဲ့ ထွက်ပြေးလာခဲ့သော ခမရ(၄၃၀) တပ်ရင်းမှ တပ်သား သုံးဦးနှင့် လွိုင်လင်လေးမြို့ပြင်ရှိ ထီးစဲခါးကင်းစခန်းတစ်ခုမှ ထွက်ပြေးလာခဲ့ခြင်းဟု သိရသည်။
လွိုင်လင်လေးစခန်းမှ ထွက်ပြေးလာသည့် ခလရ(၂၄၇)တပ်ရင်းမှ တပ်သားလေးဦးမှာ MA-3 သုံးလက်၊ MA-1 တစ်လက် တို့ ပါရှိကြောင်းဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ်စိပ်မှူးအပါ အဝင် တပ်သား(၇)ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရှေ့တန်းစခန်းမှတဆင့်ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသော တပ်သားများမှ ယူဆောင်လာသော လက်နက်များမှာ MA-3 နှစ်လက်၊ MA-1 လေးလက်၊ ကျည် ၅၉၃ တောင့်နှင့် ကျည်ဘောက် ၁၃ ဘောက်တို့ ပါရှိသည်ဟု ဆိုသည်။ စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသော တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူ လူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။ Read in Full
၂၉။ KNLA နှင့် ပူးပေါင်းတပ် သိမ်းပိုက်ခဲ့သည့် ခို့သစ်ကျိုး စခန်း၌ စစ်ကောင်စီ ပြန်နေရာယူ
January 28, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်တွင် KNLA နှင့်ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့သည့် ခို့သစ်ကျိုးစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များပြန်လည်ခြေကုပ်ယူထားသည်ဟု မြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။ အဆိုပါ ခို့သစ်ကျိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များကပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ သိမ်း ယူပြီး ၃ ရက်မြောက်နေ့တွင် စစ်ကောင်စီ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ခြေ ကုပ်နေရာယူမှုများ လုပ်ဆောင်နေသည်ဟု ကေအဲန်ယူ၊ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ယခုလို ပြောသည်။“စစ်ကောင်စီတပ်တွေက သူတို့ရဲ့ တပ်စခန်းမှာ ပြန်ပြီးတော့နေရာယူထားတာတွေရှိတယ်။ ပြီးတော့သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အနည်းငယ်ပြန်လည်လှုပ်ရှား လာတာကိုတွေ့ရတယ်။ သူတို့အခုပြန် လာခြေကုပ်နေရာ ယူထားတယ် ဆိုပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်ကလိုမျိုး ခိုင်ခိုင်မာမာနဲ့လာပြီး အခြေချတာမျိုးတော့မဟုတ်ဘူး”ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မူသယ်ဒေသအပေါ်ဘက်ရှိ ခို့သစ်ကျိုး တပ်စခန်းနှင့် ဗျူဟာကုန်းဟောင်း စသည့်နေရာများတွင်လည်းပြန်လည်နေရာယူတပ်စွဲထားကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။ စစ်ကောင်စီအနေဖြင့် ကျောက်ကြီး-မူသယ် ကားလမ်းပိုင်းကို ရိက္ခာပို့ ဆောင်ရေး အတွက် ဆက်အသုံးပြုနေပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟုသိရသည်။ ၎င်း အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်းများ ဖြင့် ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံများထံမှသိရသည်။ Read in Full
၃၀။ ကျစ်လစ်တဲ့ အခွန်ကောက်ခံမှုကိုသာ လိုလားတယ်လို့ ဒေသခံလူထုတွေပြော
January 27, 2025
ကရင်နီပြည်တွင်းက အခွန်ကောက်ခံမှုကို မြို့နယ်အုပ်ချုပ်ရေးကောင်စီတွေကစတင်ကောက်ခံနေပြီဖြစ်ပေမဲ့ ကျစ်လစ်တဲ့ အခွန်ကောက်ခံမှုကိုသာ လိုလားတယ်လို့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေသခံလူထုတွေက ပြောပါတယ်။ “တစ်လတစ်လ အခွန်နဲ့ အလှူငွေနဲ့ဆို တစ်သိန်းတော့ အေးဆေးပဲ။ တချို့ဆိုင်ဆို တစ်သောင်းနှစ်သောင်းနဲ့ တင်းတိမ်တာတော့ ရှိတယ်လေးနော။ ဒါပေမဲ့ ကျမအနေနဲ့ဆို တစ်လတစ်လ ဆိုတစ်သိန်းမအောက်ဘူး”လို့ အမည်မဖော်လိုတဲ့ အထည်ဆိုင်ရောင်းချသူတစ်ဦး ကပြောပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကကြားကာလအတွင်း ပြန်လည်ဖွဲ့စည်းထားတဲ့ ဒီးဘောင်း ခူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးကောင်စီက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစလို့ အခွန်ဖြတ်ပိုင်းနဲ့ စျေးဆိုင်အကြီး၊ အသေးပေါ် မူတည်ပြီး နှစ်သောင်းကျပ်ကနေ လေးသောင်းကျပ်အထိ အခွန်နှုန်းထား သတ်မှတ်ကာ လစဥ် စည်ပင်အခွန်ငွေ ကောက်ခံမှုကို စတင်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် စျေးအရောင်းဆိုင်တွေမှာ လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့တွေ ရဲ့ အလှူငွေကောက်ခံမှုက လစဥ်လတိုင်းရှိတယ်လို့ စျေးဆိုင်ဖွင့်ထားတဲ့ စစ်ဘေးရှောင်လူထုတွေက ပြောပါတယ်။ ကရင်နီပြည် သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO တို့ကို အလှူငွေ၊ ကံစမ်းမဲလက်မှတ် စသဖြင့် ပုံမှန်ဝယ်ယူ ပေးဆောင်နေရသလို တခြားတပ်ရင်းတပ်ဖွဲ့တွေကိုလည်း ပေး ဆောင်နေရတာရှိတယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ အထည်ဆိုင် အရောင်းသမားတစ်ဦးက ပြောပါတယ်။
အခုလို အကောက်ခွန်တွေ၊ မြေငှားရမ်းခတွေကို လစဉ်ပေးဆောင်နေကြရတာကြောင့်လည်း ကုန်စျေးနှုန်းမြင့်တက်လာ မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ချယ်ရီကုန်းစျေးတန်းက ဆိုင်ခန်းဖွင့်ထားသူတစ်ဦးက ပြောပါတယ်။“မြေငှားခက ကျမတို့ စရောက်တုန်းကဆို နှစ်သောင်းပဲ တောင်းတယ်။ အခုကျတော့ ကုန်စျေးနှုန်းမြင့်တက်လာလို့တဲ့ ၁၀ သိန်းတောင်းတယ်။ မပေးပဲ နေလို့မရဘူးလေး။ ဒီလို များများပေးရတော့ ကျမတို့အတွက်ကျန်အောင် ကုန်စျေးပေါ်မှာပဲ ပြန်ညှိရောင်းရတော့ စျေးနှုန်းတွေ လည်းပိုပိုကြီးလာပေါ့”လို့ ဆိုင်ခန်းဖွင့်လှစ်ထားသူ တစ်ဦးကပြောပါတယ်။ မြေငှားခ၊ တပ်ရင်းတပ်ဖွဲ့တွေကို ပေးဆောင်ရတဲ့ အလှူငွေ၊ မြို့နယ်က ကောက်ခံတဲ့ စည်ပင်ခွန်တွေကို ပေးဆောင်ရတဲ့အပြင် လက်ရှိရောက်ရှိနေထိုင်ကြတဲ့ ကျေးရွာ ကော်မတီ တွေကနေ ကောက်ခံတဲ့ အလှူငွေတွေကိုလည်း ပေးဆောင်နေကြရတာပါ။“ခက်ခဲတာပေါ့ တစ်ကယ်တမ်း ဒီဆိုင်ဖွင့်တယ်ဆို တာ ကိုယ့်ပိုက်ဆံရှိလို့ ဖွင့်တာမှ မဟုတ်တာ။ သူငယ်ချင်းတွေ အပေါင်းအဖော်တွေ ပိုက်ဆံချေးပြီးတော့မှ ဖွင့်တာလေးနော။ ဆိုင် ခန်းခကတစ်မျိုး၊ ရေဖိုး မီးဖိုးကတစ်မျိုး၊ အိမ်ကလည်းမရှိတော့ အိုး ကလည်းမရှိတော့ဆို စိတ်ဖိစီးတာပဲလေး။ အခုက တစ်ကယ့် ကိုယ် သူများလုပ်ကျွေးနေသလိုပဲ ဖြစ်နေတယ်လေ”လို့ အထည်ဆိုင်ဖွင့်လှစ်ထားတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ ကရင်နီ ပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC က လက်ရှိမှာ အခွန်ကောက်ခံမှု မူဝါဒတစ်ရပ်ကို အချောသတ်ရေးဆွဲနေပြီ ဖြစ်ပြီး မူဝါဒတစ်ရပ်ထွက်လာတဲ့အခါ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အတူတကွ လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့ IEC – စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန ဒု-ဌာနမှူး (၁) ခူးလေးရယ်က ပြောပါတယ်။ Read in Full
၃၁။ ထီရီးရွာတွင် စစ်ကောင်စီ အင်အားဖြည့်တင်းလာသည့်အတွက် တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်
January 28, 2025
ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု၊ ထီရီးရွာထဲတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် အင်အားဖြည့်တင်းလာ သည့်အတွက်ကြောင့် ဒေသခံများက တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။“ထီရီးရွာဘက်မှာက (၂၄/၂၅) ရက်နေ့ လောက် ဖြစ်မယ်ထင်တယ် ဗမာစစ်သား(စစ်ကောင်စီ)တွေအများကြီး ရောက်လာတယ် ကားကြီးနဲ့ (၅)စီးတောင် ကားပေါ်မှာလည်း စစ်သားတွေအပြည့်ပဲ တိုက်ပွဲထပ်ဖြစ်လာမှာကိုလည်းစိုးရိမ်ရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများသည် တိုက်ပွဲ ဖြစ်လာမည်ကိုစိုးရိမ်နေကြသဖြင့် အချို့သောလူများက တိမ်း ရှောင်ရန်ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်နေကြပြီဖြစ်ကြောင်းသိရသည်။
“ဟိုရက်ကဆို နမ်းဗွန်မှာရှိတဲ့ စစ်သားတွေက လက်နက်ကြီးနဲ့ထီခိုးဘက်ကိုပစ်သွားတာ ရွာသားတွေကလန့်တော့ ရှောင်မလို့လုပ်တာ သူတို့ကပေးမရှောင်ဘူး၊ ဒီလိုဖြစ်ရင်ကြိုရှောင်တာကဟုတ်တယ် ရွာစွန်မှာရှိတဲ့အိမ်တွေက သူများတွေဝင် နေမှာလည်း ကြောက်ရတယ်လေနော်”ဟု ၎င်းကဆက်ပြောသည်။ နောက်ထပ်ဒေသခံတစ်ဦးက “ဒီမှာကအခြေနေတော့ သိပ် မကောင်းဘူး စစ်သားတွေကအများကြီးရောက်လာတော့ တိုက်ပွဲကထပ်ဖြစ်မလားမသိ ရှောင်ရတော့မလိုလို ဆက်နေရအုန်း မလိုလိုပဲ” ဟုပြောသည်။ ထီရီးကျေးရွာတွင်ယခုချိန်ထိ စစ်ကောင်စီတပ်နှင့် PNO ပြည် သူ့စစ်များက တပ်စွဲနေရာယူထားဆဲပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် မေလအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဂိတ်ကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရကြောင်း သိရသည်။ Read in Full
၃၂။ မွန်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ၊ ပြည်နယ်ဝန်ကြီးရာထူးပင် လျာထားဟုဆို
January 28, 2025
မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များသည် မည်သည့်အချိန်၌ ပြုလုပ်မည်မသိရ သေးသည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး ပြည်နယ်အဆင့် ဝန်ကြီးရာထူးကိုပင် လျာထားပြီဖြစ် ကြောင်းသိရသည်။ လက်ရှိ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့တွင် မြေပြင်လူဦးရေစာရင်းများ ပြန်လည်အတည်ပြုခြင်းလုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တို့ ပူး ပေါင်းဆောင်ရွက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှသိရသည်။“ချောင်းဆုံမှာလူစာရင်းပြန်စစ်တာအခုလုပ်နေတယ်။ မော်လမြိုင်လည်းလုပ်တယ်။ လဝက နဲ့ရပ်ရွာအုပ်ချုပ်ရေးတွေ လုပ်တယ်ဆိုပေမဲ့ ရပ်ရွာအုပ်ကြီး၊ ရာအိမ်မှူးအကုန်လုံးက ကြံ့ဖွတ်(ပြည်ခိုင်ဖြိုး)တွေပဲ ရွေးခန့်ထားတာ၊ ပြီးတော့ ရပ်ရွာက ပါတီဝင်တွေရော လုပ်နေတာ”ဟု မော်လမြိုင်မြို့ရှိ စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။ ချောင်းဆုံမြို့နယ်အတွင်းရှိ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်၊ နတ်မှော်၊ ကွမ်သဲ၊ သက္ကော၊ အဘစ် နှင့် မုဒွန်းရွာတို့တွင် မြေပြင်လူဦးရေစာရင်းပြန်လည်အတည်ပြုခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ လုပ်ဆောင်နေ ကြောင်း စစ်ကောင်စီလော်ဘီ သတင်းဌာနတစ်ခုဖြစ်သည့် ရာမညတိုင်းမ်က ဖော်ပြထားသည်။
“ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြန်အတည်ပြုတာလို့ပြောတယ်။ ရွေးကောက်ပွဲဘယ်တော့လုပ်မှာလဲဆိုတော့ ဒီနှစ်ထဲလို့ပြောတယ်။ တော်လှန်ရေးဘက်က မြို့တွေ ဒီလောက်သိမ်းထားတာ ၁၀၀ပြည့်တော့မယ်။ သူတို့က ရွေးကောက်ပွဲလုပ်မယ်ဆိုတာချည်းပဲ။ ရူးနေတာ”ဟု ချောင်းဆုံမြို့နယ်၊ သက္ကောရွာသားတစ်ဦးကပြောသည်။ စစ်ကောင် စီက ၂၀၂၅ ခုနှစ် အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောကြားထားသော်လည်း ယနေ့ထိတိုင် မည်သည့်အချိန်၌ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ် ပြန်ခြင်းမရှိသေးပေ။“ကျတော်တို့ ချောင်းဆုံနဲ့ မော်လမြိုင်က ကြံ့ဖွတ်(ပြည်ခိုင်ဖြိုးပါတီ)တွေက မင်းအောင်လှိုင်ထက်တောင် ရွေးကောက်ပွဲ ပိုဖြစ်ချင်နေကြတယ်”ဟု စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူကဆိုသည်။ “တင်ချိုရော၊ မျိုးဝင်းရော က အောင်ကြည်သိန်း(စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်)ရဲ့ တပည့် အရင်းတွေ၊ သူတို့နှစ်ယောက်ကို ပြည်နယ်ဝန်ကြီး လျာထားတယ်ဆိုတာ ကျတော်တို့ မော်လမြိုင် ကြံ့ခိုင်ရေးအသိုင်းအဝိုင်းမှာ နံမည်ကြီးနေတယ်။ နှစ်ယောက်စလုံးက လာဘ်စား တာ ချန်ပီယံဆိုတော့ ဝန်ကြီးခန့်မှာထင်တယ်”ဟု ၎င်းက ပြောသည်။ မော်လမြိုင်နှင့်ချောင်းဆုံတို့သည် တော်လှန်ရေးတပ်များ အခြေစိုက်ရာနေရာများနှင့် အလှမ်းဝေးသဖြင့် စစ်ကောင်စီ ဗိုလ်ကျစိုးမိုးခြင်းခံနေရသော မြို့နယ်များဖြစ်သည်။ Read in Full
၃၃။ နောင်ချိုမြို့နယ် အုမ္မသီးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ တစ်လခန့်အတွင်း သုံးကြိမ် မီးရှို့ဟု TNLA အသိပေး
January 27, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က (ဇန်နဝါရီ ၂၆ ရက်)တွင် သတင်းထုတ်ပြန်သည်။ အုမ္မသီးကျေးရွာရှိ ဒေသခံ နေအိမ်များကို စစ်ကောင်စီက ၂၀၂၄ ဒီဇင်ဘာ၂၉ ရက်ကတစ်ကြိမ်၊ ယခု ဇန်နဝါရီ ၁၉ ရက်တွင် တစ်ကြိမ်နှင့် (ဇန်နဝါရီ ၂၆ ရက်) ညနေတွင်တစ်ကြိမ် သုံးကြိမ်လာရောက်မီးရှို့ခဲ့ရာ ဒေသခံများ၏နေအိမ် ၂၀ ခန့်ပျက်စီးခဲ့သည်ဟု အသိပေးသည်။ “အုမ္မသီး၊ အုမ္မခါးဘက်မှာက တိုက်ပွဲလည်းဖြစ်နေတယ်။ တော်လှန်ရေးတပ်တွေက အဲနေရာတွေမှာ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် အဲသဘောဖြစ်နေတယ် ထင်တယ်”ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ ရက်တွင်လည်း နောင်ချိုမြို့ရဲစခန်းနှင့်ပါရမီလက်ဖက်ရည်ဆိုင်အား တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ရှစ်ဦး သေဆုံးခဲ့သည်။ ထိုပြင် ဇန်နဝါရီ ၂၅ ရက်တွင် TNLA သိမ်းထားသည့် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ဆရာမနှစ်ဦးနှင့် လူနာတစ်ဦး သေဆုံးကာ လူနာများနှင့်အရပ်သားပြည်သူ ၂၀ ကျော်ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။