
တပ်သား ၆၄၀၀၀ကျော်ရဲ့ လစာငွေထက် ပိုများနေတဲ့ စစ်ခေါင်းဆောင် ဇနီးရဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များ
- ဖိုးသား | သတင်းဆောင်းပါး
ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ဒုတိယပါတ်အတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ အကြောင်း လူပြောများနေပါတယ်။ သတင်းမီဒီယာ စာမျက်နှာတွေ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဒေါ်ကြူကြူလှနဲ့ သူရဲ့ လက်ကိုင်အိတ်ဓာတ်ပုံလေးတွေအကြောင်း အကျယ်တဝင့် ရေးသားဖော်ပြနေကြပါတယ်။
ပြည်ပအခြေစိုက်သတင်းဌာနကြီးတွေသာမက အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ ဒေသတွင်းအခြေစိုက် ကိုယ်ထူကိုယ်ထ မီဒီယာတွေပါ ဖော်ပြလာကြပါတယ်။ အလားတူပဲ တော်လှန်ရေးအသိုင်းအဝိုင်းမှာ လူသိများထင်ရှား နေကြသူလည်း အဲဒီလက်ကိုင်အိတ် (၁၅)လုံးအကြောင်း တန်ဖိုးတွက်ချက်ဖော်ပြတာတွေ၊ ဝေဖန်တာ ရှိသလို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းမှာလည်း ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။
စစ်အုပ်စုထောက်ခံသူတွေရဲ့ ဝေဖန်ထောက်ပြမှုတွေ ရှိလာတယ်ဆိုတာလည်း တကယ်တော့ သူတို့ကို အပြစ် သွားတင်လို့ မရပါဘူး။ အဲဒီလက်ကိုင်အိတ် (၁၅)လုံးရဲ့ စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၇၅,၀၀၀ ကျော်ရှိပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၅ရက် ငွေလဲနှုန်ူးအရ မြန်မာငွေနဲ့ တွက်ချက်ပါက လက်ကိုင်အိတ် (၁၅) လုံးရဲ့ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၃၀၀၀၀နီးပါး၊ ၁၂၉၀၀၀ကျော် (တစ်ဒေါ်လာကို ၄၇၀၀ကျပ်နှုန်းနဲ့ တွက်ချက်ထားတာ ဖြစ်ပါတယ်) ဖြစ်ပါတယ်။ ဒီပမာဏဟာ စစ်ကောင်စီ အောက်ခြေ တပ်သား ၆၄၀၀၀ရဲ့ လစာငွေ ပမာဏထက်ကို ကျော်လွန်နေတာပါ။
“ဒေါ်ကြူကြလှ ကိုင် တဲ့ ဒီဇိုင်နာလက်ကိုင်အိတ်တွေဆိုတာ အောက်ခြေတပ်သားတွေရဲ့ အသွေးအသားတွေ၊ အသက်တွေ၊ ဘဝတွေနဲ့ လဲလှယ်ထားတာလို့ ပြောရင် ငြင်းလို့မရဘူး။ သူ့ယောင်္ကျားရဲ့ လစာနဲ့ ဘယ်လိုမှ မဝယ်နိုင်မယ့် စျေးနှုန်းတွေ၊ ဒါပေမယ့် သူဝယ်နိုင်တယ်။ မျက်နှာပြောင်တိုက်ပြီး အရှက်မဲ့စွာနဲ့ ကိုင်တယ်။ ဒါပေမယ့် အဲဒီလောက် တန်ဖိုးကြီးတာတွေ ကိုင်တာတွေတောင် ထောက်ခံအားပေးသူ မရှိတာကလည်း သူတို့သိက္ခာကို ဖော်ပြနေတာပဲလေ”လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အောက်ခြေတပ်သားတစ်ဦးရဲ့ လစာငွေဟာ ၂သိန်းကျပ်ဝန်းကျင်ကနေ စတင်ရရှိတာဖြစ်ပြီး ရိက္ခာ ထောက်ပံ့ငွေ၊ ရိက္ခာစိုထောက်ပံ့ငွေ၊ စစ်ဆင်ရေးနေ့ထွက်စရိတ်တွက်ငွေအပါအဝင် တခြား ထောက်ပံ့ငွေ တွေလည်း ရှိပေမယ့် ဒီပမာဏအားလုံးပေါင်းလိုက်ပါက စစ်ကောင်စီ အောက်ခြေတပ်သားရဲ့ လစာငွေဟာ ၂သိန်းခွဲဝန်းကျင်သာ ရရှိနေတာ ဖြစ်တယ်လို့ တပ် CDM အသိုင်းအဝိုင်းက ပြောပါတယ်။
ဒေါ်ကြူကြူလှ ကိုင်ဆောင်တဲ့ လက်ကိုင်အိတ် ၁၅လုံးရဲ့ နှိုင်းယှဉ်ပါက အဲဒီအိတ်တွေရဲ့ တန်ဖိုးဟာ အောက်ခြေတပ်သား ၅၀၀၀၀ကျော်ရဲ့ လစာငွေပမာထက် ကျော်လွန်နေပါတယ်။ အဲဒီအိတ်တွေမှာ သတင်း မီဒီယာတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာတဲ့၊ ဖော်ပြထားတဲ့ အိတ်တွေရဲ့ တန်ဖိုးကိုပဲ တွက်ချက်ထား တာ ဖြစ်ပါတယ်။ အဲဒီအိတ်တွေအပြင် မီဒီယာတွေနဲ့ လူမှုကွန်ယက်ပေါ်မှာ မဖော်ပြထားတဲ့ တန်ဖိုးကြီး တန်ဖိုးနည်း လက်နက်အိတ်များစွာလည်း ရှိနေမှာ အသေအချာပဲ ဖြစ်ပါတယ်။
“တာချီလိတ်လာတုန်းကဆိုရင် ရိုးသားကြိုးစားကြဖို့၊ လာဘ်ပေးလာဘ်ယူမှုတွေကနေ အတတ်နိုင်ဆုံး ကင်းအောင် နေကြဖို့ ဩဝါဒခြွေတယ်။ အဓိကကတော့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့၊ သစ္စာရှိကြဖို့ မိန့်ခွန်းပြောတယ်။ သူ့မိန်းမကြတော့ အမေရိကန်ဒေါ်လာ ၇၇,၅၀၀ကျော်၊ ဒီနေ့ငွေပေါက်ဈေးနဲ့ မြန်မာငွေ သိန်း ၃၆၀၀ကျော် တန်တဲ့ Hermes အိတ်ကြီးနဲ့။ လက်ဆောင်ရတာလို့ပြောရင်လည်း ဒီလောက် တန်ကြေးရှိတဲ့ အိတ်ကို ဘယ်သူက လေးစားလို့ပါဆိုပြီး ပေးမှာလဲ။ ဂွင်ရှာချင်လို့ ပေးတာပေါ့။ နယ်စပ်က မူးယစ်၊ လက်နက်နဲ့ ကျားဖြန့် လက်ကြီးသမားတွေအတွက် ဒီပမာဏဆိုတာ တစ်ပါတ်ရှာလို့ရတဲ့ ပမာဏ တောင် မရှိဘူးလေ”လို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။
အဲဒီလက်ကိုင်အိတ်ကို မိချောင်း သားရေနဲ့ ပြုလုပ်ထားပြီး ရွှေအစစ်တွေ ထည့်သွင်း အသုံးပြုထားသလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်က မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်မှာ ပျံလွန်တော်မူသွားတဲ့ ပဓာနနာယက ဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ အချိန်မှာ ကိုင်ခဲ့သည့် လက်ကိုင်အိတ်ဖြစ်ကြောင်း သတင်းမီဒီယာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကနန္ဒာ စေတီတော်ကြီးနဲ့ သံဃာတော်တွေ ဝါဆိုသင်္ကန်း ကပ်လှူတဲ့ပွဲမှာ ဒေါ်ကြူကြူလှကိုင်ခဲ့တဲ့ လက်ကိုင်အိတ်ဟာ Hermes အမျိုးအစား အပြာရောင်ဖြစ်ပြီး အိတ်တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၃၄,၂၀၀ တန်ကြေးရှိကာ ဇန်နဝါရီလ ၁၅ရက်နေ့ မြန်မာငွေပေါက်ဈေးနဲ့ တွက်ချက်ပါက ကျပ်သိန်း ၁၆၀၀ကျော် တန်ဖိုးရှိပါတယ်။ အဲဒီအိတ်ကို သားရေအနုစား Togo Leather နဲ့ ပြုလုပ်ထားပြီး ရွှေသားအစစ် အချို့ပါ ထည့်သွင်း အလှဆင်ထားတယ်လို့ လက်ကိုင်အိတ်တွေအကြောင်း လေ့လာဆန်းစစ်ထားတဲ့ သုတေသီတွေက ဆိုပါတယ်။
“Hermes ကိုတော့ အတော်ကြိုက်တယ်ထင်တယ်၊ အခုနာမည်ကြီးနေတဲ့ အိတ် ၁၅လုံးထဲမှာ Hermesက ၈လုံးအထိတောင် ပါတယ်။ အမေရိကမှာ ချမ်းသာပါတယ်ဆိုတဲ့ စမိုင်းလ်တောင် Hermes ၈လုံးကိုင်တာ မတွေ့ဖူးဘူး။ ဒေါ်ကြူကြူလှကိုယ်တိုင်ဝယ်တာတော့ မဖြစ်နိုင်ဘူး။ လက်ဆောင်ရတာ၊ တနည်း လာဘ်ပေးထားတာပေါ့ဗျာ။ ကျနော်ဆို အရင်က ရှမ်းပြည်က ပြည်သူ့စစ်အဖွဲ့မှာ စီးပွားရေးတာဝန်ခံရဲ့ အနီးကပ် လူတစ်ယောက်အဖြစ် အလုပ်လုပ်ဖူးတယ်။ ဒုတိုင်းမှူးအဆင့်ကိုတောင် ကားအထိ ပေးရတယ်။ သူ့မိသားစု ခရီးသွားမယ်ဆိုလည်း အကုန်အကျခံပေးရတယ်။ ပိုက်ဆံပေးရတာကတော့ ပြောမနေနဲ့။ တစ်လတစ်လကို သိန်း ရာချီပေးရတယ်။ ပြည်သူ့စစ်ဆိုတာကလည်း မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပဲ အဓိက ရပ်တည်ရတာလေ။ အဲဒီဒေသက ဘိန်းစိုက်တွေဆိုလည်း တခြားဘယ်သူ့ကိုရောင်းလို့မရဘူး၊ ပြည်သူ့စစ်ကိုပဲ ရောင်းရတာ။ အခုတော့ အချင်းချင်း အဝေအစားမတည့်လို့ ၂ယောက်စလုံးပြုတ်သွားပြီ”လို့ ပြည်သူ့စစ်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဒေါ်ကြူကြူလှ ကိုင်ဆောင်တဲ့ အထက်ပါ ဒေါ်လာ ၇၇,၅၀၀ကျော်နဲ့ ၃၄,၂၀၀ တန်ဖိုးရှိ Hermes လက်နက်ကိုင်အိတ် (၂)လုံးအပြင် ဒေါ်လာ ၃၇၇၃၇၊ ၃၆၀၀၀၊ ၃၃၀၀၀၊ ၃၂၅၀၀၊ ၂၃၈၉၅၊ ၅၅၀၀၊ ၄၉၉၉ တန်ဖိုးရှိတဲ့ Hermes တံဆိပ် လက်ကိုင်အိတ် ၆လုံးကိုလည်း လူမြင်ကွင်းမှာ ကိုင်ဆောင်ခဲ့ဖူးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့တဲ့ Hermes အမှတ်တံဆိပ် တန်ဖိုးကြီး လက်ကိုင်အိတ် ၈လုံးဟာ အရောင်မတူကြပါဘူး။ ကိုင်ဆောင်ခဲ့တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကလည်း မတူညီကြပါဘူး။
အဲဒီ Hermes လက်ကိုင်အိတ် ရှစ်လုံးအနက် ဈေးအနည်းဆုံး လက်ကိုင်အိတ်ရဲ့ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄,၉၉၉ တန်ကြေးရှိပြီး ဒီကနေ့ ဇန်နဝါရီလ ၁၅ရက်နေ့ ငွေပေါက်ဈေးနဲ့ တွက်ချက်ပါက မြန်မာငွေ ကျပ်သိန်း ၂၃၅သိန်းနီးပါးရှိပါတယ်။ စစ်ကောင်စီအောက်ခြေတပ်သား ၁၁၇ဦးရဲ့ တစ်လစာ လစာငွေနဲ့ ညီမျှတဲ့ အဲဒီလက်ကိုင်အိတ်ကို ပဲခူးမြို့၊ ဥဿာမြို့သစ် ကျိုက်ပညာယျ စေတီတော်ကြီး အနေကဇာတင်တဲ့ အခမ်းအနားကို ဒေါ်ကြူကြူလှ ကိုင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ကြူကြူလှမှာ တန်ဖိုးကြီး Hermes လက်နက်ကိုင်အိတ် (၈)လုံးအပြင် အမေရိကန်ဒေါ်လာ ၅၆၅၀၊ ၄၂၀၀၊ ၃၃၈၅တဲ့ ၃၇၇၇ တန် LVအမျိုးအစား လက်ကိုင်အိတ် ၄လုံး၊ ဒေါ်လာ ၄၂၅၀ တန်ဖိုးရှိ PRADAအမျိုးအစား လက်ကိုင်အိတ် ၁လုံး၊ ဒေါ်လာ ၂၁၀၀တန်ဖိုးရှိ YSL Brandအိတ် ၁လုံး၊ ဒေါ်လာ တန်ဖိုးရှိ ၁၀၉၆ Salvatore Ferragamo အမျိုးအစား လက်ကိုင်အိတ် ၁လုံးတို့ကိုလည်း လူမြင်ကွင်းရှေ့မှာ ကိုင်ဆောင်ပြဖူးပါတယ်။
ဒီလက်ကိုင်အိတ်တွေရဲ့ အမျိုးအစားနဲ့ အမေရိကန်ဒေါ်လာတန်ဖိုးတွေကို လက်လွတ်စပယ် ရေးသားထားတာ မဟုတ်ဘဲ သုတေသီတွေ လေ့လာထားတဲ့ ဆန်းစစ်ချက်တွေကို ကျပ်ငွေကာလပေါက်ဈေးတန်ဖိုးနဲ့ ပြန်လည် တွက်ချက်ထားတာ ဖြစ်ပါတယ်။
“ဒီလောက်တန်ဖိုးကြီး လက်ကိုင်အိတ်တွေ ကိုင်နေတာတောင် ဒေါ်အောင်ဆန်းစုကြည်လို ပြည်တွင်းဖြစ် ချည်သားအိတ်တွေပဲ ကိုင်တဲ့ သူနဲ့ ဘယ်နားက ယှဉ်ယှဉ် ဘယ်လိုမှ ရုပ်မထွက်ဘူး။ အဓိကက ဘယ်လောက် တန်ဖိုးကြီးတဲ့ ရတနာတွေဝတ်ဝတ်၊ တန်ဖိုးကြီးကားတွေစီးစီး၊ အသုံးအဆောင်တွေပဲ ကိုင်ကိုင် ပြည်သူတွေက မလေးစား၊ တန်ဖိုးမထားရင် အရှိန်အဝါက ပေါ်ကိုပေါ်မလာဘူး။ ရုပ်မထွက်ဘူးပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုနဲ့ ဒေါ်ကြူကြူလှ မယှဉ်နဲ့။ စမိုင်းလို သရုပ်ဆောင်နဲ့ ချစ်သူဝေကိုပဲ ကြည့်လေ။ နီတာစိမ်းတာ၊ တော်လှန်ရေးလုပ်တာ၊ စစ်တပ်ထောက်ခံတာကို ပြောတာ မဟုတ်ဘူး၊ လူထုရဲ့ ယုံကြည် လေးစားမှုကို ယှဉ်ပြတာ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တပ် CDM ဗိုလ်ကြီးသူရိန်ကလည်း “ဒီလင်မယားက အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုတာလို့ တပ်တွင်းမှာ ပြောကြတယ်။ လူထုကြား ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပေါ်လွင်ချင်တာ ပေါ့လေ။ ဘုရားတရားလည်း အရမ်းလုပ်တာ၊ မင်းအောင်လှိုင်ဆို အရက်လည်း လုံးဝ မသောက်ဘူး။ အဓိကဘာပြောချင်လဲဆို ဒီလိုတန်ဖိုးကြီး လက်ကိုင်အိတ်တွေကိုင်ပြီး ပွဲတက်နေတဲ့ စစ်ခေါင်းဆောင်မိသားစု၊ ကိုယ်ကျိုးအတွက် တစ်နိုင်ငံလုံးကို ရရာလုပ်မယ့် စစ်အုပ်စုအတွက် နိုင်ငံအနှံ့မှာ သောက်စရာရေတောင် မရှိဘဲ ဘာလို့ အောက်ခြေတပ်သားတွေက အသက်ပေးနေကြလဲပေါ့။ အကြံပေးချင်တာကတော့ အမြန်လုံး လက်နက်ချ အလင်းဝင်ကြပါ။ ပြည်သူ့ရင့်ခွင်ကို ခိုလှုံကြပါ၊ အနည်းဆုံးတော့ စားဝတ် နေရေးအတွက် အဆင်ပြေမယ်၊ ကိုယ်အပါအဝင် ကိုယ့်မိသားစုဝင်တွေ လိပ်ပြာ သန့်သန့်နဲ့ ရှေ့ဆက်လို့ ရမယ်ပေါ့ဗျာ”လို့ ပြောပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီ ရှမ်းမြောက်နဲ့ ရခိုင်မှာ စစ်တိုင်းဌာနချုပ်ကို လက်လွှတ်ထားရတဲ့ အပြင် နိုင်ငံအနှံ့အပြားမှာ မြို့ပေါင်း ၈၀ကျော် လက်လွှတ်ထားရတဲ့အပြင် စစ်စခန်းပေါင်း ရာချီကို ဆုံးရှုံးထားရတဲ့ ပေမယ့် တန်ဖိုးကြီးကား၊ စိန်ရွှေရတနာနဲ့ အသုံးအဆောင်တွေ အသုံးပြုပြီး ပွဲပေါင်းများစွာ လက်လွတ်မခံ တက်ရောက်နေကြတဲ့ စစ်တပ်ထောက်ခံသူတွေကလည်း ၂၀၂၄နှစ်ကုန်ပိုင်းမှာ ဝေဖန်မှုတွေ ကျယ်ကျယ် လောင်လောင်ပြောဆိုလာကြပါတယ်။
တဖက်မှာလည်း အစာရေစာပြတ်လပ်မှု၊ လက်နက်ခဲယမ်းမလုံလောက်မှု၊ အထက်အရာရှိတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးမှုတွေကြောင့် ၂၀၂၄ခုနှစ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီအောက်ခြေတပ်သား ထောင်ချီရှိနေပြီး ၎င်းတို့ကို သက်ဆိုင်ရာအင်အားစုတွေက စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတာကိုလည်း တွေ့မြင်လာရတဲ့ အတွက် စစ်ကောင်စီ အောက်ခြေတပ်သားတွေအနေနဲ့ အာဏာနဲ့ ငွေကြေးစည်းစိမ် ယစ်မူးနေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေအတွက် အသက်နဲ့ မိသားစုအနာဂါတ်ကို အလဟဿ မဖြစ်မခံဘဲ ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံး လက်နက်ချ အလင်းဝင်ကြစေလိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ဖိုးသား