သတင်းဆောင်းပါး

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို PNLO နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လာနိုင်မလား

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို PNLO နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လာနိုင်မလား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

သတင်းဆောင်းပါး | သူရိန်ကျော်

.

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံနဲ့ မိုးဗြဲဒေသကလွဲပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ် အနေနဲ့ အာဏာသိမ်းကာလအတွင်း အင်အားအများအပြားအသုံးပြုပြီး စစ်မျက်နှာဖွင့်ခဲ့ရတာမရှိခဲ့သလို တော်လှန်ရေး လှုပ်ရှားမှုူ ကြီးကြီးမားမားမရှိခဲ့ပါဘူး။ တောင်ကြီး၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယ စတဲ့ ဒေသတွေမှာ မိုင်းခွဲခံရတာ၊ ရွာငံဒေသမှာ ထိတွေ့တိုက်ပွဲသေးတွေ ဖြစ်ပွားတာရှိခဲ့ပေမဲ့ ကာလတိုသာ ဖြစ်သလို စစ်ကောင်စီတပ်ရဲ့ ဖိနှိပ် နှိမ်နင်းမှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ ဖယ်ခုံနဲ့ မိုးဗြဲဒေသကလွဲပြီး တော်လှန်ရေးလှုပ်ရှားမှု၊ စကစ တပ်ကို ခုခံတိုက်ခိုက်မှုတွေမရှိခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။

.

ယခုအခါမှာတော့ စစ်ကောင်စီတပ်အနေနဲ့ စစ်မျက်နှာအသစ်ဖွင့်နေရပြီဖြစ်ပါတယ်။ ဒီစစ်မျက်နှာကတော့ အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်ပြီး ခုခံတွန်းလှန် တိုက်ခိုက်တာ လုံးဝမရှိခဲ့ဖူးတဲ့ ပအိုဝ်းဒေသမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၂၃ ရက်က စတင်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်၊ ပအိုဝ်းဌာနေပြည်သူ့စစ် (PNO/PNA) ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

.

ဆီဆိုင်မြို့နယ်ဟာ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ တောင်ဘက် ၅၃ မိုင်အကွာ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးအဖွဲ့ အခြေစိုက်ရာ ဟိုပုံးမြို့ရဲ့ အနောက်တောင်ဘက် ၄၈ မိုင်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

.

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ PNLO/PNLA တပ် တွေကို ကရင်နီကိုပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ အကြောင်းပြချက်နဲ့ ဟိုပုံးမြို့နယ်၊ စံဖူး ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပါတယ်။ နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်မှာ တောင်ကြီးမြို့က PNLO/PNLA ဆက်ဆံရေးရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ PNLA အရာရှိအချို့ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဇန်နဝါရီလ ၂၂ ရက်၊ နေ့ခင်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။ အဲဒီအရာရှိတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ကာလမှာပဲ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့က ဟိုပုံး၊ ကျောက်တလုံးကြီး၊ ဆိုက်ခေါင်၊ ဆီဆိုင် စတဲ့ဒေသတွေမှာ စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်ရေးပြမှုတွေ ဆက်တိုက် လုပ်လာခဲ့သလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လိုက်ပါတယ်။

.

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုပြီးတဲ့ နောက်တစ်ရက် ဖြစ်တဲ့ ဇန်နဝါရီလ ၂၃ ရက်မှာတော့ နောင်ထောဝ် ကျေးရွာရဲ့ အရှေ့ဘက်က စစ်ကောင်စီ တပ်စခန်း၊ တောင်ဘက်မှာရှိတဲ့ စကစတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်း တပ်စခန်း ၄ ခုကို PNLA နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေက သိမ်းယူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဇန်နဝါရီလ ၂၄ ရက်စတင်ပြီး ဆီဆိုင်မြို့နယ်မှာ စစ်ရေးတင်းမာမှုက အမြင့်ဆုံး အခြေအနေထိရောက်ရှိလာပြီး တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားလာခဲ့ကာ ဆီဆိုင်မြို့မရဲစခန်း၊ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ဆေးရေး ဂိတ်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဆီဆိုင်မြို့မရဲစခန်း၊ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ရုံးတွေကို PNLA နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဆီဆိုင်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

.

ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စကခ ၇ လက်အောက်ခံ ခမရ ၄၂၃ နဲ့ ၄၂၄ တို့အခြေစိုက်ပြီး ဆီဆိုင်မြို့သိမ်း တိုက်ပွဲကို PNLA နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ဆင်နွှဲနေတဲ့ကာလမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ ရဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်မှု တွေကြောင့်လည်း ဘာသာရေးအဆောက်အဦတွေ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆီဆိုင် မြို့မဈေးရှိ ဆိုင်ခန်းအချို့ မီးလောက်ပျက်စီးတာ၊ ပြိုကျပျက်စီးတာတွေ ဖြစ်ပွားခဲ့သလို အရပ်သားတွေ ထိခိုက် သေဆုံးတာတွေ ဖြစ်ပွားခဲ့ပါတယ်။

.

အဲဒီနောက်မှာတော့ ဆီဆိုင်မြို့ပေါ်ရပ်ကွက်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေရှိ ပြည်သူ ၆၀၀၀ နီးပါးဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောင်ကြီး၊ ဟိုပုံးမြို့နယ်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရသလို ငွေကြေးမတတ်နိုင်သူတွေ ကတော့ လယ်ယာမြေတွေနဲ့ တော၊ တောင်တွေမှာ ယာယီတဲဆောက်လုပ်ကာ စစ်ဘေးရှောင်နေကြရပါတယ်။

.

စစ်ကောင်စီရဲ့ ခမရ ၄၂၃ နဲ့ ၄၂၄ တပ်တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းပြည်မြောက်ပိုင်း၊ မန်ဝိန်းကြီးမှာ ကချင်လွတ်မြောက်‌ရေး တပ်မ‌တော်(KIA)ရဲ့ တိုက်ခိုက်မှု စတာတွေကြောင့် တပ်ရင်းမှူး ဒါမှမဟုတ် ဒု-တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် အများအပြား ချေမှုန်းခံထားရသလို သုံ့ပန်းအဖြစ်လည်း အများအပြား ဖမ်းဆီးခံထားရ တာကြောင့် နောက်တန်းဌာနချုပ်တွေမှာ တပ်လုံခြုံရေး အင်အားသာသာပဲ ကျန်ရှိနေတာကြောင့် မြေပြင်ထိတွေ့တိုက်ပွဲတွေ ရင်မဆိုင်ရဲဘဲ တပ်တွင်းကနေ လက်နက်ကြီးပစ်ကူသာ ပေးနေခဲ့ရတာ ဖြစ်ပါတယ်။

.

ထူးခြားမှုအနေနဲ့ကတော့ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်တဲ့ PNLA ဟာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဒေသအရေး စောင့်ကြည့်လေ့လာသူ တွေနဲ့ ဒေသခံ တွေက ထင်ထင်ရှားရှားတွေ့နေမြင်နေရပေမဲ့ တရားဝင် အသိပေးကြေညာထားတာ မရှိသလို နယ်မြေအတွင်း ခိုးဆိုးလုနှိုက်မှုတွေကို ကာကွယ်ဖို့ အတွက် နယ်မြေကင်းလှည့်ခြင်းတွေ လုပ်နေရတာဖြစ်တယ်လို့ PNLA က အသိပေးထုတ်ပြန်ထားပြီး ပအိုဝ်း အချင်းချင်းတိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း ထပ်မံအသိပေးထားပါတယ်။

.

ဒါပေမဲ့ ဆီဆိုင်မြို့နဲ့ မြို့နယ်တွင်းရှိ နေရာအချို့ကို ထိန်းချုပ်နိုင်ပြီးနောက်မှာတော့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း PNLA က အသိပေးလာသလို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှုရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း ရုပ်သံ၊ ဓါတ်ပုံတွေနဲ့ အသိပေးထုတ်ပြန်လာပါတယ်။

.

သို့ပေမဲ့ နယ်မြေအနေအထားအရ မြို့တော်၊ တောင်ကြီးနဲ့ နီးကပ်စွာတည်ရှိနေတာ၊ PNO ခေါင်းကိုင်ဖခင်ကြီး ဦးအောင်ခမ်းထီနေထိုင်ရာ ကျောက်တလုံးကြီးမြို့နဲ့ နယ်မြေဆက်စပ်နေတာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ မှာ ၃ မြို့နယ်ရှိတဲ့အနက် ဟိုပုံးနဲ့ ဆီဆိုင်ဒေသက နယ်မြေဆက်စပ်နေပေမဲ့ ပင်လောင်းဒေသနဲ့ နယ်မြေ ဆက်စပ် မှု မရှိတာ၊ လမ်းပန်းဆက်သွယ်ရေးတိုက်ရိုက်သွားဖို့ မလွယ်ကူ နေတာတွေက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးကို PNLO နဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်လာနိုင်သလားဆိုတဲ့ မေးခွန်းတွေအပေါ် ဒေသ အရေးစောင့်ကြည့် လေ့လာသူတွေ၊ ဒေသခံတွေအကြား ဆီဆိုင်ဒေသတိုက်ပွဲဟာ ဝေခွဲရခက်ခဲနေကြပါတယ်။

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို PNLO နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လာနိုင် သလားဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရှမ်းပြည်နယ်အရေး စောင့်ကြည့် လေ့လာနေသူတစ်ဦးကတော့ “လတ်တလောအခြေအနေမှာတော့ ဆီဆိုင်မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင်က အတိအလင်းဘာမှတော့ အသိမပေးလာ သေးဘူးပေါ့လေ။ ဒါပေမဲ့လည်း မြေပြင် အခြေအနေနဲ့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေ၊ စစ်မျက်နှာ အနေအထားတွေကို ကြည့်လိုက်မယ်ဆိုရင် တော်လှန် ရေး အင်အားစု ၇ ခုထက်မနည်း ပါဝင်နေတာကိုတော့ တွေ့ရပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ သူတို့ တိုက်ခိုက်ခဲ့တဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်တွေတိုင်းမှာ ဆုတ်ခွာခဲ့ရတာ၊ ပြန်ဖယ်ပေးခဲ့ရတာမရှိတာကလည်း ဒီတော်လှန်ရေးအင်အားစုတွေရဲ့ အားသာချက်ပေါ့” လို့ သူ့ရဲ့ထင်မြင်ယူဆချက်ကို ဖယ်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

.

လက်ရှိကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖယ်ခုံ၊ မိုးဗြဲဒေသအပြင် ဆီဆိုင်ဒေသမှာလည်း တော်လှန်ရေး အင်အားစုတွေ အားကောင်းလာနေပြီး ဟိုပုံးမြို့နယ်၊ မိုင်းပွန်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားလာနိုင်ပေမယ့် ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့နယ်နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တို့ကိုတော့ ထိန်းချုပ်နိုင်ဖို့ မလွယ်ကူသေးပါဘူးလို့ သူကဆက်ပြောပါတယ်။

.

“မိုင်းပွန်ဒေသကို စစ်မီးမကူးစက်ဖို့တော့ RCSS ပြင်ဆင်နေတာတွေ့ရသလို ဟိုပုံးနဲ့ မိုင်းပွန်ကြားမှာ လည်း PNO က စစ်ဆေးရေးဂိတ်အသစ်တွေဖွင့်ထားပေမဲ့ အင်အားကတော့ ၂၀ ထက်မပိုဘူး။ တကယ်လို့ PNLO နဲ့ မဟာမိတ် တပ်ဖွဲ့တွေကသာ မိုင်းပွန်ကိုတိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင် ဆီဆိုင် လောက်တောင် မခက်ခဲနိုင်ပါဘူး။ ဟိုပုံး ကိုတော့ သေချာလေးပြင်ဆင်ပြီးမှ စနစ်တကျနဲ့ ဝင်ရောက် တိုက်ခိုက်မှသာ အောင်မြင်ချေများပါလိမ့်မယ်။ ဟိုပုံးမှာက အခုကတည်း စကစဝန်ထမ်းမိသားစုတွေ ပြောင်းရွေ့နေကြပြီ။ ဟိုပုံးနဲ့ ကျောက်တလုံးကြီးက PNO ရဲ့ နောက်ဆုံး ခံတပ်ဖြစ်သလို တောင်ကြီးကလည်း ရှမ်းတောင်မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်နေတာပါ”လို့ သူက FJMM ကို ပြောပါတယ်။

.

ရှမ်တောင်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း ၃ မြို့နယ်ကို စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီမြို့နယ် ၃ ခု ကို ကြည့်ရင်ပဲ ဆီဆိုင်ကို PNLA က ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ ကျန်တဲ့ ဟိုပုံးဆိုတာကလည်း စစ်ကောင်စီရဲ့ တောင်ကြီးအတွက် ခံစစ်နေရာ ဖြစ်သလို သူတို့ရဲ့ ပအိုဝ်း ကအဒ ရုံးစိုက်ရာဒေသ ဖြစ်နေတဲ့အတွက် လွယ်လွယ်နဲ့တော့ အလျှော့ပေးမဲ့ အနေအထား မရှိပါဘူး။

.

အဓိကအားဖြင့် ရှမ်းအစိုးရ ရုံးစိုက်ရာ တောင်ကြီးမြို့ကို ကာကွယ်ရေးအတွက် စကစ အနေနဲ့ ဟိုပုံးဟာ အရေးပါ သလို PNLO/PNLA အနေနဲ့လည်း ဟိုပုံးဟာ အရေးပါတာကြောင့် ဒီတိုက်ပွဲကို ဆက်လက် စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပါတယ်။

.

တိုက်ပွဲနဲ့ ဆက်စပ်လို့ ဟိုပုံး၊ တောင်ကြီးး ဒေသခံတွေကလည်း စိုးရိမ်နေကြသလို PNLO/PNLA အနေနဲ့လည်း ဘယ်လိုဆက်ပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်ပြီး ပအိုဝ်း ဒေသကို ထိန်းချုပ်မယ်ဆိုတာကို ဒေသခံတွေအနေနဲ့ မျှော်လင့်နေပါကြောင်း။   ။

Related Articles

Back to top button