ကဗျာ

ကျေးဇူးရှင်အမြည်း

ကျွန်ကွဲ

FJMM ကဗျာ | ကျေးဇူးရှင်အမြည်း

ခွေးတစ်ကောင်ရဲ့ နတ်ပြည်ဟာအရိုး တွေဆို
လောက်တစ်ကာင်ရဲ့ နတ်ပြည်ဟာ ချီးပုံကြီးလား
တကယ်သဘာဝကျကျတွေးကြည့်ကြည့်
ဘယ်မျှော်လင့်ချက်မှ မနက်စာလောက်အရေးမကြီဘူး
လူတိုင်းဟာ နေ့တိုင်းဗိုက်ဆာတယ်မလား ။

ဗိုက်နာနေတဲ့ကောင်အတွက်
ဈေးထဲက အများသုံးအိမ်သာဟာလည်း နိဗ္ဗာန်ပဲ
ဒါဆို ဝမ်းလျောနေတဲ့ ကောင်ဟာ
ဝမ်းချုပ်ဆေးအပေါ် ကျေးဇူးကြွေးမရှိဘူး
လူတိုင်းဟာ နေ့တိုင်းဗိုက်နာလို့လား…။

ငါတို့တိုက်(တိုင်း)ပြည်ကိုက မီးပူပြန်တိုက်ရမယ့်
ခေါက်ရိုးကျွတ်ကျွတ်ကျိုးတို့ မနည်းဘူး
ဗိုက်ဆာနေတဲ့ ကျားကိုသနားပြီး
ပတ်ပြေးနေတဲ့သမင်ကို ထိုင်ရယ်ကြ
ခေတ်တိုင်းမှီနိုင်လွန်းသူတွေ
ဘယ်တရားနဲ့ ချွတ်ရမလဲ…။

အသက်ရှင်ဖို့ စားရတယ်၊
အသက်ရှင်ဖို့ ပြေးရတယ်၊
ဟဲဟဲ အ သင် ရှက် ဖို့ မလိုတဲ့အခါ
ကျားတရားလား၊ သမင်သနားသလား ။

ကျေးဇူးရှင် သိပ်ဖြစ်ချင်တဲ့ကောင်တွေက
ကျွဲစိမ်းဖောက်လို့ “သင့်ခရူ”ဆိုတော့
လ-လုံးကြီးတင်ပြီး အသံပြတ်ပြတ်ထွက်ကြတယ်
ဘုရား က‌နေစပြီး ဘယ်ကောင်တွေထိ
ငါတို့ကျေးဇူးရှင်လဲ….။

အာဏာရှင်တွေ၊ နာနာကျင်ကျင်တွေ
နောက် အာပလာ ရှင် တွေ…
မြင်ခဲ့ကြပြန်၊ သင်ခဲ့ကြရပြန်
အသိတရားဟာ ဖိထားလို့မရဘူးဆိုတာ
ဟိုရှေ့က ပစ္စတိုလေးသိရင်သိပ်ကောင်းမယ်…။

ကဗျာရှုပ်ရှုပ်တွေ မဖတ်ချင်တော့ဘူး
ကိုယ့်အချင်းချင်းစာ တရားတွေမနာချင်တော့ဘူး
နောက်စေ့မကျိန်းရတဲ့ ခေတ်ထိလည်း မစောင့်နိုင်တာမို့
သည်ကဗျာနဲ့သာ ထေ့ပါရစေ
မနေ့က အရက်ဝိုင်း ဘာအမြည်းရခဲ့လဲ
ငါတော့ တော်လှန်ရေးနဲ့ပဲ လျက်မြည်းခဲ့တယ် …။

ကျွန်ကွဲ

Related Articles

Back to top button