တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 64, August 9, 2024)

 

၁။ လိုင်ဇာမြို့အနီးက ကျေးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
 August 8, 2024
 ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့အနီးရှိ ကျေးရွာကို ယနေ့နံနက် တစ်နာရီခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  လိုင်ဇာမြို့၊ မိုင်ဆပ်ပါကျေးရွာရှိ ဘုရားကျောင်းဝင်းနှင့် လူနေအိမ်တို့တွင် သုံးကြိမ်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု လိုင်ဇာ မြို့နေ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။“မနေ့ည တရုတ်နာရီ ၂ နာရီခွဲလောက်မှာ လိုင်ဇာကိုလာပြီး လေယာဉ်နဲ့ ဗုံးလာ ကြဲတယ်။ မိုင်ဆပ်ပါက မိန်းကလေးတစ်ယောက်တော့ ခြေထောက်မှာထိတယ်၊ မိုင်ဆပ်ပါ ဘုရားကျောင်းလည်း ထိတယ်၊ ဘုရားကျောင်းဝင်းထဲမှာ သုံးကြိမ်လာကျတယ်” ဟု ပြောသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သောအမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဖြစ် ကြောင်းသိရသည်။ တရုတ်ကင်းထောက်လေယာဉ်ပျံဝဲခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ စစ်ကောင်စီတပ်က Y-12 လေယာဉ်အမျိုးအစားတစ်စီးနှင့် တိုက်လေယာဉ်နှစ်စီး ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု လိုင်ဇာမြို့နေ KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အသံကိုနားထောင်ကြည့်ရတာတော့ Y12 နဲ့ ဂျက်ဖိုက်တာနှစ်မျိုးထင်တယ်။ ဖိုက်တာကနှစ်စီး၊ Y12က တစ်စီးအဲ့လို့ တော့သိရတယ်။ အဲ့နားမှာတွေသူတို့မိနစ် ၂၀ လောက်တော့ပတ်နေကြတယ်။ လာတဲ့အချိန်တော့လိုင်းအခက်ခဲကြောင့် ဘယ် ချိန်တွေလာလဲဆိုတာမသိရဘူး။ ဒါပေမဲ့ ဒီမှာတော့ သုံးစီးစလုံးလာဆုံတာ ဟုတ်တယ်” ဟုပြောသည်။ KIO ထိန်းချုပ်နယ်မြေ ဖြစ်သော တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် ဩဂုတ်လဆန်းပိုင်းကစပြီး တရုတ်ကင်း ထောက် လေယာဉ်များနေ့စဉ်ကင်း လှည့်ပျံဝဲနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာချိန်တိုင်း စစ်ကောင်စီတပ် က လိုင်ဇာမြို့နှင့်အနီးတစ်ဝိုက်ကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် သားအမိနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ Read in Full

၂။  ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူ ဒေသ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိ
 August 8, 2024
 ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူဒေသ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၉ ဦးသေဆုံး ပြီး ၈ ဦးအရှင်ဖမ်းမိကာ သေနတ် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင် ရပ်စောက်မြို့နယ်အတွင်း ဓနုပြည် သူ့လွတ် မြောက်ရေးတပ်တော် (DPLF/DPLA) လှုပ်ရှားရာ ကျောက်ဂူဒေသတွင် (DPLF/DPLA) ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး ၉ ဦးသေဆုံးကာ တိုက်ပွဲအတွင်း လက်နက် ၁၉ လက် သိမ်းဆီးရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “တိုက် ပွဲမှာတော့ စစ်ခွေး ၉ ကောင်သေတယ်။ ၈ ကောင် အရှင်မိပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိတယ်။ ဓမ္မနဲ့ အဓမ္မအကြားမှာ အဓမ္မကတော့ရှုံးစမြဲပါပဲ”ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/ DPLA)မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော် (DPLF/ DPLA) တပ်များရှိရာကို ထိုးစစ်ဆင်လာ စဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင်  အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။ Read in Full

၃။ စစ်အာဏာရှင်ချုပ်ငြိမ်းရေး တပ်မဟာအားလုံး တိုက်ခိုက်မယ်လို့ KNU တုံ့ပြန်
 August 8, 2024
 ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် မိမိတို့ရဲ့ တပ်မ ဟာ အားလုံးအပါအဝင် တိုင်းရင်းသားလူမျိုးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစော ကလယ်စေးက ပြောပါတယ်။ KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅  သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်အသစ် ဖော်ဆောင်နိုင်ဖို့ NU ဥက္ကဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိနေတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ဩဂုတ် ၅ ရက် နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက် နဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက KNU တပ်မဟာအားလုံးအနေနဲ့ စစ်တောင်း မြစ်ဝှမ်းကို အဓိကထားတာမ ဟုတ်ပဲ စစ်အာဏာရှင်တို့ရဲ့ စစ်တပ်အားလုံးကို အဓိကထားတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ “ကျွန်တော်တို့ တပ်မဟာတွေအားလုံးပေ့ါနော်။ စစ်တောင်းမြစ်ဝှမ်းကိုတော့ ကျွန်တော်တို့အဓိကထားတာတော့ မဟုတ်ဘူး။ အဓိကထားတာက စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်အာဏာရှင်တွေရဲ့ စစ်တပ်အားလုံးကို ကျွန် တော်တို့အဓိကထားတာပါ။ အဲဒါ ကြောင့်မို့ ကျွန်တော်တို့ တပ်မဟာ ၁ ၂ ၃ မကဘူး။ တပ်မဟာအားလုံး ကျန်တဲ့တိုင်းရင်းသားလူမျိုးအားလုံး ကျန်တဲ့တော်လှန်ရေး အားလုံးစုပေါင်းပြီးတော့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ပဲ အဓိကဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
 ကရင်အမျိုးသားအစည်းအရုံး KNU မှာ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာ၊ ဘားအံ စုစုပေါင်း ခရိုင် ၇ ခုနဲ့ တပ်မဟာ ၇ ခုတို့ရှိပြီး စစ်ခေါင်းဆောင် ပြောကြားသွားခဲ့တဲ့ တပ်မဟာ ၁ ၃ ၅ တို့ဟာ နေပြည်တော်နဲ့ အနီးစပ်ဆုံးနေရာမှာတည်ရှိကြတဲ့ တပ်မဟာတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်က သူ့ရဲ့မိန့်ခွန်းထဲမှာ ကရင်အမျိုး သားအစည်းအရုံး KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပေမယ့် သဘောတူချက်တွေကို ဖောက်ဖျက်လာတာကို တွေ့ရှိရတယ်လို့လည်း ဆိုထားပါသေးတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ပတ်သက်ပြီး NCA ပျက်ပြယ်သွားပြီးဆိုတာ KNU အနေနဲ့ ကြေညာချက် ထုတ်ပြန်ထားရှိပြီဖြစ်သလို NCA ဟာ စစ်ကောင်စီကြောင့် ဘာမှလုပ်လို့မရတော့ဘူး ဆိုတာကိုလည်း KNU ခေါင်းဆောင်ပိုင်း တွေက ပြောဆိုခဲ့ပြီးသားဖြစ်လို့ ထွေထွေ ထူးထူးတော့ မတုံ့ပြန်ချင်ဘူး လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။ ကရင်အမျိုး သားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာအတွင်း KNLA KNDO တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ဘက်က ၂၀၀၀ နီးပါး သေ ဆုံးခဲ့ပြီး ၁၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ Read in Full

၄။ ဘောလခဲ ရေ‌ကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့
 August 8, 2024
ကရင်နီပြည်၊ ဘောလခဲ ခရိုင်အတွင်းက ရေကျော် တပ်စခန်းကို  ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ဩဂုတ် လ ၈ ရက်နေ့မှာ သိမ်းပိုက်ချေမှုန်း နိုင်ခဲ့တယ်လို့ သိရပါတယ်။  အဆိုပါ ရေကျော်တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ မယ့်စလောင်းတောင် စခန်း သိမ်းပိုက်နိုင်ခဲ့ပြီးကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်လို့   ကရင်နီတပ်မတော် (KA) တပ်ရင်း(၅) ရဲ့ တပ်ရင်းမှူး ခွန်းပလော်ရီ က ပြောပါတယ်။“ဒီမယ့်စလောင်းနဲ့ ဘောလခဲအကြား ရေကျော်မှာနော်။  ဒီရေကျော်မှာ ဒီမနက် ၇ နာရီ ၅၀ မှာ စဖြစ်တယ်။ ကျနော်တို့ ဒီမယ့်စလောင်းမှာ သိမ်းပြီးတော့မှ ဒီရေကျော်မှာ ပြန်နားနေတယ်လေ။ ဒီရေကျော်မှာ သူတို့ စခန်းချဖို့ အဲ့တာ စီစဥ်တာပေါ့နော် ပြန်နေတယ် အဲ့တာ ဒီမနက် ကျနော်တို့ သွားချေမှုန်းလိုက်တယ်။” လို့ ခွန်းပလော်ရီကဆိုပါတယ်။
 ဘောလခဲ ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရေးပါတဲ့ မယ့်စလောင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ မှာ ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် မယ့်စလောင်းတောင်စခန်းက စစ်ကောင်စီတပ်အင်အားတွေ ရေကျော်တပ်စခန်းမှာ အခြေချပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။ အဆိုပါ စခန်းမှာ စစ်ကောင်စီရဲ့ စကခ ၂ လက်အောက်ခံ တပ်ရင်း ခမရ ၅၀၅ရှိနေတာဖြစ်ပါတယ်။  တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်သား အလောင်း(၅) လောင်းအပြင် လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ခွန်းပလော်ရီက ဆိုပါတယ်။ လက်ကျန်တပ်သားတွေကတော့ ဘောလခဲဘက်ကို တပ်ဆုတ်သွားပြီး လူအင်အားစုက စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့ ခွန်းပလော်ရီက ပြောပါတယ်။ 

၅။ ဗန်းမော်မှာ လက်နက်ကြီးကြောင့် ငါးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရ
 August 8, 2024
 ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ ဗန်းမော်တက္ကသိုလ် အနီးတစ်၀ိုက်နဲ့ မိုးမောက်မြို့နယ် ခမရ (၄၃၇) တပ်ရင်း နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။  တိုက်ပွဲဖြစ်ရာ အနီးတစ်၀ိုက်က ရွာတွေနဲ့ KIA တပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ ယူဆတဲ့ရွာတွေကို ဗန်းမော်မြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးရတာလို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
 “အရင်အပတ် ကြာသာပတေးနေ့ကလည်း သုံးမိုင်မှာကျတယ်၊ လေးယောက် ဆေးရုံတင်ထားရတယ်။ ပြီးတော့ သိမ်တော်ကြီးမှာလည်း ကျတယ်။ အဲဒီက စစ်ရှောင်တွေ ထိတယ်။ နောင်ခို၊ နမ့်ဖားရပ်ကွက်တို့မှာလည်း ကျတယ်။ မိုလေဝသ ရုံးဘက်လည်း ကျတယ်။ ရွှေကျီးနားရပ်ကွက်ဘက်တွေလည်း ကျတယ်။ ရိုးကြီးရွာဘက်လည်းကျတယ်။ လူသေ တာက ငါးယောက်ရှိပြီ။ ဒဏ်ရာရပြီး ဆေးရုံရောက်တာက ၁၀ ယောက်ကျော်ရှိပြီ” သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေး စိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့နဲ့ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် မြို့ပေါ်မှာ နေထိုင်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးမောက်မြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၃၇) တပ်ရင်းကို ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး KIA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီ တပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး ပြန်လည်ခုခံနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ဟာ ခုနစ်မိုင်ခန့်သာ ဝေးတာကြောင့် တိုက်ပွဲတွေဟော ဗန်းမော်မြို့နယ်ထဲ ကိုပါ ကူးစက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။  Read in Full

၆။ တိုက်ပွဲမရှိသည့် ဂွဒေသကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ
 August 8, 2024
 ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကျေးရွာနှစ်ရွာကို (ဩဂုတ် ၈)နံနက် ၂ နာရီခန့်အချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသတင်းရရှိသည်။ ဂွဒေသတွင် ပထမဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး သံတွဲ – ကျိန္တလီ – ဂွကားလမ်းပေါ်ရှိ ကျောက်ခေါင်းကွင်းရွာမှ အမျိုးသမီး ၁ ဦးသေဆုံး ပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိကာ စေတီကွင်းကျေးရွာမှ အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။“လူတွေ အိပ်မောကျနေချိန် ဂျက်ဖိုက်တာတစ်စီးနဲ့ လာပြီးဗုံးကြဲသွားတာပါ။ စေတီကွင်းရွာမှာ ဘုန်းကြီးကျောင်းကို ကျတယ်။ ကျောက်ခေါင်းမှာတော့ ရွာအလယ်မှာ ကျတာပါ။ အဲဒါကြောင့် ထိခိုက်မှုများတာ” ဒေသခံ ၏သတင်းရင်းမြစ်က ပြောသည်။ ထိခိုက်ဒဏ်ရာရသူများမှာ နီးစပ်ဆေးခန်းများတွင် ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း သိရသည်။ ဂွမြို့နယ်တွင် AA က တိုက်ပွဲများ မဖော်ဆောင်သေးသော်လည်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ဒေသအနှံ့ တွင် မိုင်းထောင်ခြင်း၊ လက်နက်အင်အား၊ လူအင်အားတိုးချဲ့ပြီး လုံခြုံရေးတင်းကြပ်ကာ ဒေသခံများအား စစ်ဆေး၊ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။  
 “ဒေသခံတွေ အကုန်လုံးက စိုးရိမ်နေကြပြီ။ ရွာတွေမှာ မနေရဲတော့ဘူး။ တိမ်းရှောင်နေသူလည်း အများကြီးရှိတယ်။ အခုလို ဗုံးကြဲလာတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေနေရပါတယ်” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။ ဩဂုတ် ၃ ရက် ကလည်း ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားရာ ချင်းကွင်း၊ ကသိုင်းကွင်း၊ ကျိန္တလီ၊ ကုလားပြင် စသည့်နေရာများမှ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံသတင်းရင်းမြစ်က “အရင်လကလည်း စစ်ကောင်စီစခန်းတွေကနေ သေနတ်သံတစ်ချို့ ကြားခဲ့ရတယ်။ နှစ်ဘက်တိုက်ပွဲတော့ မဟုတ်ဘူး။ အခုလည်း ဗုံးကြဲခဲ့တော့ နှစ်ဖက်တိုက်ပွဲက ဘယ်နေ့ဘယ်အချိန် ဖြစ်လာမလဲ စောင့်ကြည့်ရတော့မယ်။ ဒီနေ့ညည့်အချိန် ဗုံးကြဲခဲ့တဲ့နေရာတော့ သံတွဲဘက်နဲ့နီးတယ်”ဟု ပြောသည်။ Read in Full

၇။ စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ်လမ်းပိုင်း ညဘက်မသွားလာရန်ကန့်သတ်
 August 8, 2024
 မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့ကြား တိုက်ပွဲနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းမသွားလာကြရန် တော်လှန်ရေးအင်အားတို့က ကန့်သတ်ထား သည်။ ကန့်သတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာသည့် မည်သည့်ယာဉ်ကိုမဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံလက်မှတ်ထိုးထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်သည်။ အရေးပေါ်သွားလာရမည့် လူနာတင်ယာဉ်များအနေဖြင့် ၈၀ ကီလိုမီတာထက် ပိုမမောင်းနှင်ရန်၊ မှန်ပြ တင်းချပြီး မောင်းရန်၊ ယာဉ်ကိုယ်ထည်အတွင်း မီးဖွင့်မောင်းရန်နှင့် ဥဩအသံဖွင့်မောင်းရန် ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၅ ရက် ည ၇ နာရီခန့်က သံဖြူဇရပ်ဘက်မှ ရေး ဘက်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ် ငါးစီး ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဝ မရောက်မီ သံဖြူဇရပ်-ရေးလမ်းပိုင်း တွင် ပစ်ခတ်ခံရသည်။ “ရေး-သံဖြူဇရပ်လမ်းပိုင်းကတော့ ညပိုင်းမပြောနဲ့ နေ့ခင်းပိုင်းတောင် အန္တရာယ်များတယ်။ စစ်တပ်က လည်း စစ်ကြောင်းထိုး နေတယ်။ အဲဒီမှာက တော်လှန်ရေးတပ်တွေကလည်း ရှိနေတယ်။ တိုက်ပွဲဆိုရင်လည်း နေ့တိုင်းနီးပါးကို ဖြစ်နေတာ။ အခြေအနေကတော့ အရေးမကြီးရင် မသွားတာက အကောင်းဆုံးပါ။ သွားတာလာတာ သတိရှိဖို့လိုတယ်”ဟု ရေး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 ရေးမြို့နယ်ထဲကို စစ်ကောင်စီက ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမတစ်လျှောက် ကင်းပုန်းချထားသည့်အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် ဝင် ရောက် တပ်စွဲကာ ဒေသတွင်း စစ်ရေးလှုပ်ရှားနေကြောင်းဒေသခံတို့က ပြောသည်။ တစ်ဖက်တွင်လည်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်က စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စွဲထားသည့် နေရာကို ဝင်ရောက်တိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒေသတွင်း တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေသည်။“စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးချဲ့လာနေတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့က တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေ တာရှိတယ်။ သူတို့ဘက်က သေဆုံးတာတွေလည်း ရှိနေတယ်။ တိုက်ပွဲတွေကတော့ ဆက်ရှိလာနိုင်တယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ Read in Full

၈။ မောင်တောမှာ ရိုဟင်ဂျာတွေ အစုလိုက်သေဆုံးတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ AA ပြော
 August 8, 2024
 မောင်တောမြို့ထဲကနေ ထွက်ပြေးလာတဲ့ရိုဟင်ဂျာ(မူရင်းမူဆလင်)တွေ အများအပြားသေဆုံးခဲ့ရတဲ့အပေါ် စိတ်မ ကောင်းဖြစ်ရပြီး ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေတယ်လို့  အာရက္ခတပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ ရက္ခိုင်အ မျိုးသားအဖွဲ့ ချုပ် (ULA) က ထုတ်ပြန်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မောင်တောမြို့ထဲက ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုကူးကာ တဖက်ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံထွက်ပြေးဖို့ ကြိုးစားစဉ်မှာ လက်နက်ကြီး၊ ဒရုန်းဗုန်းတွေ ကျရောက် ပေါက်ကွဲလို့ လူနှစ်ရာကျော် သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ပြည်ပရောက်ရိုဟင်ဂျာအရေးတက်ကြွသူတွေက အွန်လိုင်းပေါ် ရေးသားနေ ကြချိန် အဲဒီလို ထုတ်ပြန်လာတာပါ။ အဲဒီ အစုလိုက်သေဆုံးမှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးကြရတာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောဆိုနေကြတာဖြစ်ပါ တယ်။ AA ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီ‌ဖြစ် စဉ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တာ မဟုတ်ဘူးလို့ ဖော် ပြထားပါတယ်။ အဲ့ဒီလိုအစုလိုက်သေဆုံးမှုဟာ လက်နက်ငယ် ပစ်ခတ်ခံရတာ၊ လက်နက်ကြီး ပစ်ခတ်ခံရတာ၊ဗုံးထိတာ၊ ရေနစ် တာ၊ လေကြောင်းတိုက်ခိုက်မှု ဒါမှမဟုတ်ကြီးမားတဲ့ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်းဆိုရှယ်မီဒီယာတွေကနေသိရတာလို့ AA က ဆိုပါတယ်။
 မောင်တောဒေသခံ ရိုဟင်ဂျာနှစ်ဦးနဲ့ ဒေသခံရခိုင်တချို့ကတော့ ရိုဟင်ဂျာအများအပြား သေဆုံးစေခဲ့တဲ့ လက်နက် ကြီးဟာ ရိုဟင်ဂျာ‌တွေအပါအ၀င် အရပ်သားတွေကို မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်၊ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းစေနေတဲ့ စစ်ကောင်စီတပ်ကပစ်ခတ်တာလို့ ပြောကြပါတယ်။“စကစက မြို့ပြင်ထွက်ခွင့် လုံး၀မပေးဘူး၊ ရိုဟင်ဂျာတွေအတွက် တော် တော်စိုးရိမ်ဖို့ကောင်းပါတယ်၊ ထွက်ပြေးရင်လည်းပစ်သတ်တယ်၊ အဲလိုပစ်သတ်လိုက်တာ”လို့ ဘင်္ဂလားဒေ့ရှ်ရောက် မောင်တော ဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။ ဒါပေမယ့် အဲဒီသေဆုံးမှုဖြစ်စဉ်ဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ သီးသန့်အတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာ မောင်တောမြို့တွင်း တိုက်ပွဲကြားထဲ ပိတ်မိနေသူ ထောင်ချီရှိနေသေးပြီး အများ စုဟာ ရိုဟင်ဂျာတွေ ဖြစ်ကြတယ်လို့ မောင်တောမြို့ခံစစ်ရှောင်တွေက ပြောကြပါတယ်။ မောင်တောမြို့တွင်းမှ အရပ်သားပြည် သူ‌‌ တွေအနေနဲ့ မြို့ပြင်ထွက်တဲ့အခါမှာ အန္တရယ်ရှိတဲ့ နေရာတွေဆီ စွန့်စားထွက်ခွာခြင်းထက် AA ထိန်းချုပ်နေရာတွေဆီသာ ထွက်ခွာကြဖို့၊ ထွက်ခွာဖို့ အခွင့်မသာဘဲ မြို့ထဲ ပိတ်မိနေပြီဖြစ်တဲ့သူတွေအနေနဲ့လည်း ကျည်လွတ်မြေတွေကို အကာအကွယ်ယူ နေထိုင်ကြဖို့၊အလံဖြူအမှတ်အသား ပြုလုပ်ထားကြဖို့ တိုက်ပွဲနဲ့ ဝေးရာနေရာကို အတတ်နိုင်ဆုံး ရွေးချယ်ကြဖို့လည်း AA က ထုတ်ပြန်သတိပေးထားပါတယ်။ Read in Full

၉။ ကေအဲန်ယူ တနင်္သာရီမြို့နယ်ရုံးကို စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲ 
 August 8, 2024
 ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) တနင်္သာရီမြို့နယ်ရုံးနှင့် အနီးဝန်း ကျင်ကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ဩဂုတ် ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ကြိမ်တိုင် ဗုံး ၇ လုံးကြဲချ တိုက် ခိုက်ခဲ့သည်ဟု မြို့ နယ်တာဝန်ရှိသူ ပဒိုစောထီးဝါး ကအတည်ပြုပြောသည်။“လေယာဉ် နှစ်စင်းနဲ့ရုံးကိုလာပစ်သွားတယ်။ ထိခိုက်မှုတော့မရှိ ဘူး။ တစ်ယောက်က လက်နည်းနည်းထိသွားတယ် စိုးရိမ်စရာမရှိပါဘူး။ ပြီးတော့ တကယ်ပလောသောကျေးရွာ ဘောလုံးကွင်းကို သွားပစ်တာက ကရင့်အာဇာနည် နေ့အတွက် ဘော်လုံးပွဲကျင်းပတာရှိတယ်။ အဲဒါသူတို့ သတင်းရထားလို့ လာပစ်တယ်လို့ ပြော လို့ရတယ်”ဟု ပဒိုစောထီးဝါးက ပြောသည်။
 ယခုလို ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် ဘောလုံးပွဲကျင်းပမည့်နေရာကို ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ဘောလုံး ကစားသည့် လူငယ်များလည်း ပြောင်းရွှေ့တိမ်းရှောင်နေရပြီး ဘောလုံးပွဲအစီအစဉ်ကို မြို့နယ်တာဝန် ရှိသူတို့က ဖျက်သိမ်းလိုက် သည်။ ယခုဖြစ်စဉ်တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကျန်ရှိပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် မြို့နယ်ရုံးအဆောက်အဦး အနည်းငယ်ထိခိုက်ပျက်စီးသွားသော်လည်း များများစားစားမထိခိုက်ဟု မြို့နယ်တာဝန်ရှိသူက ပြောသည်။ ဘိတ်-ထားဝယ်ခရိုင် အတွင်း စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများမကြာခဏ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေဆဲ အခြေအနေရှိသည့်အတွက် ကျေးရွာအများအပြားမှ ဒေသခံတို့ တိမ်းရှောင် နေရပြီး လက်ရှိ စစ်ရှောင်ဦးရေ တစ်သိန်းကျော်ရှိသည်ဟု ခရိုင်က ထုတ်ပြန်ထားသည်။ Read in Full

၁၀။ ရေဖြူ ဇာဒီရွာက လူငယ်တစ်ဦးဖမ်းဆီးခံရပြီး လေးရက်ကြာအထိ ပြန်မလွတ်သေး
 August 8, 2024
 ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၄ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးသွားပြီး လေးရက်ကြာအထိပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူသည် ဇာဒီရွာ၊ ရွာမရပ်ကွက်က အသက် ၂ဝကျော်အရွယ် ကိုသန်းထိုက်ဆိုသူဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ ဇာဒီနှင့် ခေါင်ပြန်ရွာ လမ်းပိုင်းရှိ တံတားအနီး တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ “ဖားချောင်း အင်းရွာဘက်မှာ လူနှစ်ယောက်ကို သွားကြိုဖို့ သွားတဲ့အချိန် အဖမ်းခံရတယ်။ သူ့ကို မဖမ်းခင် သေနတ် မိုးပေါ်ထောင်ပစ်လိုက် သေးတယ်။ အချက်ရေတော်တော်များတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

အဖမ်းခံရပြီးနောက် ၎င်း၏လက်ကိုင်ဖုန်းအား စစ်ကောင်စီတပ်သားများက စစ်ဆေးပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အဆက်အစပ်ရှိသည်ဟုစွပ်စွဲ၍ မောရဝတီရေတပ်သို့ခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစု ကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ကိုသန်းထိုက်သည် ဩဂုတ်လ ၈ ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ် မြောက်လာခြင်းမရှိသေးကြောင်း ရွာသားများထံမှ သိရသည်။ ဇွန်လနှောင်းပိုင်းတွင် ထိတွေ့ပစ်ခတ်မှုအချို့ဖြစ်ပြီး စစ်ကြောင်း ထိုးခံခဲ့ရသည့် ဇာဒီရွာတွင် ဒေသခံအနည်းစုသာ နေရပ်ပြန်နိုင်ကြသေးကြောင်း ရွာသားများထံမှ သိရသည်။ 

၁၁။ သံတွဲမြို့နယ် ရေတပ်စခန်းအနီးရှိ မြာဝရွာ တစ်ရွာလုံးကို AA ပြောင်းရွှေ့ပေးထားရ
 August 8, 2024
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တစ်ခုတည်းသောကျန်ရှိတော့သည့် မောင်ရွှေလေးရေတပ် စခန်း အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး ရေတပ်စခန်းအနီးရှိရွာများကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေတပ်တို့မှ ပစ်ခတ် တိုက်ခိုက်နေသည်ဟု သိရသည်။ စစ်ကောင်စီတပ်၏ မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင် နေ ရာ ရေတပ်စခန်းနှင့် (၂)မိုင်ဝန်းကျင်ဝေးသည့် မြာဝကျေးရွာကို စစ်ကောင်စီတပ်၏ နေဗီက ပင်လယ်ကမ်းစပ်ရှိ ဝက်ထီးတောင် အနီးမှ လက်နက်ကြီးနှင့်ပစ်နေသည်ဟု သိရသည်။“ဝက်ထီးတောင်ကနေ မြာဝကို နေဗီကနေဆက်တိုက် လက်နက်ကြီးနဲ့ ပစ်နေတယ်။ မြာဝကလူတွေကို တပ်တော်က မနေ့ကပဲ ရှောင်ခိုင်းထားလို့ အထိအခိုက်တော့မရှိဘူး။ အပြန်အလှန်ပဲပစ်နေကြ တာက။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့်လည်း ညနေ(၆)နာရီခွဲဝန်းကျင် တွင် မြာဝရွာကို ပျံဝဲပစ်ခတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများပြုလုပ်နေ သည်ဟု ဆိုသည်။
 “မြာဝဆိုတာ ကျီးကန်းရဲရွာနဲ့ ရေတပ်စခန်းနားလို့ပြောလို့ရတယ်။ ရေတပ်မှာတိုက်ပွဲပြင်ထန်နေတာ။ အခုအချိန်ထိ လည်း လေယာဉ်နဲ့ဆက်တိုက်ပဲ ပစ်ခတ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။ သံတွဲ-ကျိန္တလီမြို့နယ်အစပ် ကျောက်ခေါင်း ကွင်းကိုလည်း ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က Y 12 လေယာဉ်ဖြင့် (၂)ကြိမ် ဗုံးလာကြဲရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၆)ဦးထက်မနည်းဒဏ်ရာရကာ စေတီကွင်းဘုန်းကြီးကျောင်းလည်း ပျက်စီးသွားသည်ဟု သိရသည်။ သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)တပ်ကို ဇွန်လ(၂၇)ရက်နေ့နှင့် ခလရ(၅၅) တပ်ကို ဇူလိုင်လ(၉)ရက်နေ့တွင် AA က သိမ်းပိုက် ထားပြီး ငပလီနှင့် မြို့တွင်းကိုလည်း ထိန်းချုပ်ထားပြီဖြစ်သည်။ Read in Full

၁၂။ စစ်အာဏာရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ် AD ပြော
 August 9, 2024
 မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD က စစ်အာဏာ ရှင်စနစ်ကို ဦးစားပေးတိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။ မွန်ပြည်သစ် AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အာဏာ သိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး ပြန်တိုက်သွားမယ်လို့ စစ်ကြေညာထားတာပါ။ ဒါကြောင့် စစ်အာဏာ ရှင်စနစ် တိုက်ဖျက်ရေးမှာ မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တော် လှန်ရေးအင်အားစုတွေနဲ့ လက်တွဲသွားမှာဖြစ် တယ်လို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။“ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းမှာ မွန်ပြည်နယ်မှာရှိတဲ့ အင်အားစုတွေအားလုံးနဲ့ လက်တွဲပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အင်အားစုတွေ အားလုံးနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးကို ကျွန်တော်တို့အရင်ဦးစားပေးပြီး တိုက်ဖျက်သွားမယ်”လို့ ပြောပါ တယ်။ အဲဒီနောက် ဖက်ဒရယ်တည်ဆောက်ရေးအတွက် မွန်ပြည်နယ်မှာရှိတဲ့ အင်အားစုတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီး မွန်ပြည်ဖက်ဒရယ်တည်ဆောင်ရေးကို ထုတ်ပြန်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တဆင့်ပြီးတဆင့် ဆက်လုပ်သွားမယ်လို့ သူကဆက်ပြောပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးလမ်းပြမြေပုံမှာတော့ မွန်တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက် ခိုက်သွား မယ်လို့ ပါရှိပါတယ်။ အဲဒီအချက်ကို မွန်ပြည်သစ်ပါတီ AD က မွန်နဲ့ကရင်အစပ် ကော့ဘိန်းရဲစခန်းသိမ်း တိုက်ပွဲမှာ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA၊ ကရင်လက်နက်ကိုင်အဖွဲ့တွေအပြင် PDF အဖွဲ့တွေနဲ့အတူ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်သစ်ပါတီ AD တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဖို့ အခုနှစ် ဧပြီအတွင်း ပထမအကြိမ်တွေ့ဆုံမှုကနေ ကနဦးသဘောတူညီချက်တချို့ ရရှိ ထားကြတာပါ။ မွန်နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ မွန်ပြည်သစ် AD ရဲ့ နိုင်ငံရေးလမ်းပြမြေပုံဟာ တော်လှန်ရေးလှိုင်းကို တက်စီးတဲ့ သဘောထက်မပိုတဲ့အတွက် မွန်အမျိုး သားလွတ်မြောက်ရေးကို မဟာဗျူဟာကျကျ ဖောက်ထွက်ဖို့ ကြိုးပမ်းနေတာ မမြင်ဘူးလို့ သုံးသပ်ပါတယ်။ လက်ရှိမှာတော့ မွန်ပြည်သစ်ပါတီ AD ဟာ ကရင်ကဒေသတချို့အပါအဝင် မွန်က ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးဒေသတွေမှာ NUG လက်အောက်ခံ PDF အဖွဲ့တွေအပါအဝင် အခြားတော်လှန် ရေးအဖွဲ့တချို့နဲ့ စစ်ရေးလှုပ်ရှားမှုတွေ  ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ Read in Full

၁၃။ စစ်ကောင်စီ ဖမ်းဆီးခံရသူ KNLA သင်တန်းဆင်း အမျိုးသမီးငယ်တစ်ဦး မိသားစုက ဆက်သွယ်မရဖြစ်နေ
 August 8, 2024
 ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA သင်တန်းဆင်း အမျိုးသမီးငယ်တစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ (၁၂)ရက်နေ့က စစ်ကောင်စီ ခလရ(၁၀၆)၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရတော့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ KNLA တပ်မဟာ (၆)၏ တပ်ရင်း(၂၇) အပတ်စဥ်(၂၀)တွင် စစ်သင်တန်းဆင်းလာသည့် အသက်(၁၈)နှစ်အရွယ်ရှိ မချစ်စံပ္ပါယ် မှာ အစ်ကိုဖြစ်သူနှင့် သူမရွာရှိ နေအိမ်မှ မော့ကနင်ရွာကို ဖြတ်သွားချိန်စဥ် မော့ကနင်ရွာအဝင်ရှိ ကျေးရွာအခြေစိုက် စစ်ကောင်စီ ၏ခြေလျင်တပ်ရင်း (ခလရ-၁၀၆)တပ်ဂိတ်က စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ် သည်။ စစ်ကောင်စီတပ်သည် သူမ ကိုင်ဆောင်လာသော လက်ကိုင် ဖုန်းအတွင်း သင်တန်းနှင့်ပတ်သက်သော ဓာတ်ပုံ များကို တွေ့ရှိကာ မောင်နှမနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ (၁၃)ရက်နေ့တွင် သူမ၏အစ်ကိုဖြစ်သူကို ပြန်လည်လွှတ် ပေးခဲ့ သည်ဟု KNLA တပ်ရင်း(၂၇) တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းက “သူ့မိဘ တွေက သင်တန်းဆင်းလာလို့ အပြင်ပေးမလွှတ်တာကို ဆံပင်ဖြောင့်ချင်လို့ဆိုပြီး သူ့အစ်ကိုနဲ့ ခိုးထွက်ကြတာ။ မော့ကနင်ရွာ အဝင်ဂိတ်မှာ ဖုန်းစစ်ခံရတော့ သင်တန်းတက်တုန်းကပုံတွေ တွေ့မှာပေါ့။ နှစ်ယောက်စလုံး ဖမ်း ခံလိုက်ရတယ်။ သူ့အစ်ကိုကတော့ ပြန်လွတ်လာပြီး သူပဲ ကျန်တယ်။ အဲဒီတုန်းက နှစ်ရက် သုံးရက်လောက်အထိ အဆက်အသွယ်ရသေးတယ်။ နောက်ပိုင်း အဆက်အသွယ်မရတော့ဘူး။”ဟု ပြောသည်။
အဆိုပါမော့ကနင်ရွာသည် စစ်ကောင်စီသတ်မှတ်ချက်အရ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိပြီး ယခင် လက်နက် ကိုင်ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင် စစ်တပ်က ဖြတ်သန်းသွားလာသူများအား စစ်ဆေးရေးတင်းကြပ်စွာလုပ် ဆောင်နေ သော နယ်မြေလည်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ KNLA ဘက်မှ စုံစမ်းထားချက်အရ ခလရ (၁၀၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မချစ်စံပ္ပါယ် အား မော့ကနင်ရွာမှ ရေးမြို့ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ယူသွားကြောင်း သိရသော်လည်း လက်ရှိတွင်မူ သတင်းတစ်စုံတစ်ရာ မရရှိတော့ကြောင်း တပ်ရင်း(၂၇)၏ ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောဆို သည်။ အလားတူ ဩဂုတ်လဆန်းပိုင်းကလည်း ရေးမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံများအား အကြောင်းပြချက်မရှိ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက အောင်သပြေရွာနေ သူနာပြု ဆရာမတစ်ဦးနှင့် ဒေသခံရွာသားနှစ်ဦး ဖမ်းဆီးခံလိုက်ရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ရေးမြို့နယ်နှစ်ခုပေါင်း သတ်မှတ်ထားသော KNU ၏ ဝင်းရေးမြို့နယ်သည် KNLA တပ်ဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် မွန်လက်နက်ကိုင်အဖွဲ့အချို့ စစ်ရေးလှုပ်ရှားသောနယ်မြေဖြစ်သည်။ Read in Full

၁၄။ မောင်မယ်ရှောင်ရွာတွင် မီးရှို့ခံရသည့်နေအိမ် ၂၀ အထိရှိလာ၊ စစ်ကြောင်းရွာထဲရှိနေဆဲ
 August 8, 2024
 ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် မီးရှို့ခံရသည့် နေအိမ် ၂၀ အထိရှိလာကြောင်း ဒေသခံများကပြော သည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဇူလိုင်လ နောက်ဆုံးအပတ်က နေအိမ် လေးဆောင်နှင့် ဩဂုတ် လ ၅ ရက်က နေအိမ် ၁၆ ဆောင်တို့ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။ မောင်မယ်ရှောင်ကျေးရွာရှိ လူနေအိမ်များတွင် ဝင် ရောက်နေထိုင်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဩဂုတ်လ၄ ရက်တွင် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ပစ္စည်းယူနေတုန်း ဝင်တိုက်တယ်ပြောတယ်။ စစ်သားသေတာ များတယ်လို့လည်း ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ထိုသို့တိုက်ခိုက်ခံရပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ် ၅ ရက် နံနက် ပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာသို့ အင်းအားထပ်ဖြည့်ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။  တိုက်ခိုက်ခံရနေရာအနီးဝန်းကျင်ရှိ နေအိမ်များကို ဩဂုတ်လ ၅ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်တဲ့နေရာ အနားတစ်ဝိုက်ပဲ၊ အိမ်တွေမီးရှို့ခံရတာ ၁၆ ဆောင်ရှိတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် တပ်ခွဲ (၁)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ‌ဩဂုတ်လ ၇ ရက်က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရကြောင်း ဖော်ပြထားသည်။  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်သား နှစ်ဦး လမ်းပေါ်တွင် လဲကျနေ သည်ကိုတွေ့ရသည်။ စစ်ကောင်စီတပ်သည့် ဩဂုတ်လ ၈ ရက် နေ့လယ်ပိုင်းအထိ မောင်မယ်ရှောင်ရွာတွင် ရှိနေသေးကြောင်း ဒေသခံများကပြောဆိုသည်။ “လက်ထွန်စက်၊ ဆိုင်ကယ်အဟောင်း၊ စက်ဘီးအဟောင်းတွေ အိမ်ရှေ့လမ်းပေါ် ပုံထားကြတယ် ပြောတယ်။ လောင်စာ လုပ်မလို့လားမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။  Read in Full

၁၅။ ဆီဆိုင်မြို့ စစ်ဘေးရှောင်များ ထွက်ပြေးရန် နေရာမရှိ ဖြစ်နေ
 August 8, 2024
 သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အပါအဝင် ဒေသခံများသည် သြဂုတ် ၃ ရက်စတင်ကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆီဆိုင်မြို့ဒေသခံများက ပြောသည်။ တစ်လကျော်ကြာ တိုက်ပွဲများငြိမ် သက်နေသည့် ဆီဆိုင်မြို့တွင် ပြီးခဲ့သည် သြဂုတ် ၃ ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာကြဲပြီးသည့်နောက် ဆီဆိုင်မြို့အရှေ့ဘက် ကျေးရွာတကြော တိုက်ပွဲပြန်လည် ဖြစ်ပွား လာခဲ့ကြောင်း သိရသည်။  ထိုတိုက်ပွဲကြောင့် ဆီဆိုင်မြို့အရှေ့ဘက်ရှိ ကျေးရွာပေါင်း ၁၀ ရွာနှင့် လူဦးရေ  ၃,၀၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် PNLA ကထုတ်ပြန်ထားသည်။“အခုတိုက်ပွဲ ပြန်ဖြစ်တော့ ကြောက်ပြီးပြေးကြတယ်။ ဒါပေမဲ့ ပြေးတဲ့နေရာတွေလည်းမရှိတော့ဘူး။ ဘယ်နားပြေးပြေး အဆင်မပြေတော့ဘူး။ မြို့တွေပေါ်မှာ စစ်ဘေးရှောင်တွေ သိပ်လက်မခံကျတော့ဘူး။ ကျမတို့လည်း မပြေးတော့ဘူး”ဟု ဆီဆိုင်မြို့ စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်  လွယ်ထွဲကျေးရွာသည် ဆီဆိုင်မြို့နှင့် ၆ မိုင်သာ ကွာဝေးသည်။ ထို့အပြင် စစ်ဘေးရှောင် များသည် ထွက်ပြေးရန် အလုပ်မရှိသောကြောင့် ဝင်ငွေမရှိကာ ကားဆိုင်ကယ် ငှားစီးပြီးမပြေးနိုင်ကြကြောင်း၊ ကား၊ ဆိုင်ကယ်ရှိ သူအချို့လည်းဆီဈေးမတတ်နိုင်ကြောင်း၊ အိမ်ငှားပြီးမနေနိုင်ကြကြောင်း စစ်ဘေးရှောင်များကဆို သည်။“အခုကပြေးရင် တော ထဲမှာပြေးလို့ အဆင်မပြေတော့ဘူး။ မြို့ပေါ်ကိုပြေးရင်လည်း အိမ်ငှားခမတတ်နိုင်ဘူး။ တချို့ကကားလည်းမရှိ၊ဆိုင်ကယ် လည်း မရှိဘူး။ ဓာတ်ဆီတွေလည်း ဘာညာသယ်ရသေးတယ်၊ မသယ်ချင်တော့ဘူး။ သယ်လိုက်ပြန်လိုက်သွားလိုက်လာလိုက်နဲ့ မပြေး ချင်တော့ဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိ ဆီဆိုင်မြို့နယ်တွင် စက်သုံးဆီ တစ်လီတာကို ကျပ် ၁ သောင်းခန့်ရှိသည့်အပြင် လိုချင်သလောက်ဝယ်ယူ၍မရနိုင်ကြောင်း၊ အိမ်ဌားခလည်းတစ်လလျှင် ၅ သောင်းရှိကြောင်းသိရသည်။ Read in Full

၁၆။ မောင်​တောတွင် စစ်​ကောင်စီစခန်း ၂ခုသာကျန်ရှိ​တော့ပြီး AA က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်​နေ
 August 9, 2024
 ရခိုင်ပြည်နယ်၊ ​မောင်​တောမြို့နယ်တွင် စစ်​ကောင်စီ၏ စစ်စခန်းနှစ်ခုသာ ကျန်ရှိ​တော့ပြီး အဆိုပါကျန်ရှိ​နေသည့် စစ် စခန်းများကို အာရက္ခတပ်​တော်AA က ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်း သိရသည်။ သြဂုတ် ၇ ရက်​နေ့တွင် အာရက္ခတပ်​တော် AA က ​မောင်​တောတွင် နယ်ခြား​စောင့်စခန်း အမှတ် ၅နှင့် ခံစစ်အထပ်ထပ်ဖြင့် ခုခံ​နေ​သော ​မောင်​တောမြို့တွင်းစခန်းဟူ၍ စစ်စခန်းနှစ်ခုသာ ကျန်ရှိ​တော့​ကြောင်း ထုတ်ပြန်သည်။ စစ်​ကောင်စီတပ်များက မြို့အတွင်းရှိ ​ဒေသခံများကို​ပေးမထွက်ဘဲ လူသားဒိုင်းကာအဖြစ်ပြုလုပ်ထားပြီး မြို့တွင်းရှိလူ​နေအိမ်များကို အခိုင်အမာခံစစ်စခန်းများအဖြစ် ပြုလုပ်၍ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်နေကြောင်း သိရသည်။ “​မောင်​တောမှာ လူ​ထောင်နဲ့ချီပိတ်မိ​နေ​သေးတယ်။ ၅ရက်​နေ့က နယ်စပ်ဘက်က​နေ ဘင်္ဂလား​​ဒေ့ရှ်ကူးမယ့်သူ​တွေ ပုစွန်ကန်​ဘောင်မှာ လက်နက်ကြီးထိလို့ ​သေကြတယ်။ မြို့ထဲလည်း စစ်သား​တွေဝင်​ပြေးလာကြတယ်။ လက်နက်ကိုင်မွတ်ဆလင်​တွေက ​ဒေသခံမွတ်ဆလင်​တွေကို အကာအကွယ်လုပ်​နေ​တော့ တအား စိုးရိမ်ရတဲ့အ​ခြေအ​နေပါ။ ​ရေ​ကြောင်းက​ပြေးသူ​တွေလည်း ​နေဗီက ပစ်လို့ ​လှေ​မှောက်ပြီး ​သေကြတယ်။ အ​ခြေအ​နေကတအားရှုပ်​ထွေး​နေတယ်” ဟု ​မောင်​တော​ဒေသမှ စစ်​ရှောင်လာသူအမျိုးသမီးတစ်ဦးက ​ပြောသည်။
 ပြီးခဲ့သည့် သြဂုတ် ၃ ရက်​နေ့တွင် AA က ​ရွှေဇား တံတားကိုထိန်းချုပ်လိုက်ပြီး ​ရွှေဇားရွာအတွင်း ထွက်​ပြေးသည့် စစ်ကောင်စီတပ်များကို လိုက်လံတိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့​ကြောင်းသိရသည်။ ထို့အပြင် ပြီးခဲ့သည့် သြဂုတ် ၅ ရက်​နေ့က ​မောင်နီရွာ၊ နတ်မြစ်ဝရှိ ​မောင်နီစခန်းကို AA က သိမ်းပိုက်လိုက်ပြီး စခန်းမှထွက်​ပြေးသည့် စစ်​ကောင်စီ တပ်သားများနှင့် ​မောင်နီရွာ၊ ရပ်ကွက် ၂​စျေးအနီးတို့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်သားများနှင့် လက်နက်ကိုင် မွတ်ဆလင်အဖွဲ့များသည် ​မောင်​တောမြို့အတွင်း ဝင်​ပြေးကြ​ကြောင်း သိရသည်။ စစ်​ကောင်စီအ​နေဖြင့် ရခိုင်​ဒေသအတွင်း လူမျိုး​ရေး၊ ဘာသာ​ရေး ပဋိပက္ခဖြစ်​အောင် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်လုပ်​ဆောင်​နေခြင်း ဖြစ်​ကြောင်း AA က ထုတ်ပြန်​ပြောဆို ထားသည်။ Read in Full

၁၇။ သထုံခရိုင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ထွက်စာတင်၊ စစ်ကောင်စီက လက်မခံသဖြင့် တိမ်းရှောင်နေကြ
 August 8, 2024
 မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု ထွက်စာ‌တင်‌ထားပေမဲ့ စစ်ကောင်စီက လက်မခံ‌တာကြောင့် တိမ်းရှောင်နေတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေကပြောပါတယ်။ သထုံ ခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တော်လှန်ရေးအင်အားစု ဘက်က မကြာခဏ ပစ်ခတ်ရှင်းလင်းနေတာနဲ့ စစ်ကောင်စီဘက်က စစ်သားစုဆောင်းရေးအတွက် အတင်းအကျပ်ဖိအားပေးနေ တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုဟာ နုတ်ထွက်စာတင်ထားကြပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်‌ စာတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံက ဒီနေ့အချိန်ထိ လက်ခံတာမျိုး မရှိတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီခိုင်းတဲ့ တာဝန်တွေကို မထမ်းဆောင်ဘဲ ‌ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတဦးက‌ ပြောပါတယ်။

“အုပ်ချုပ်ရေးမှူး တော်တော်များများက နုတ်ထွက်စာတင်ထားကြတယ်။ စစ်ကောင်စီဘက်ကတော့ ခုထိလက်မခံ ဘူး။ အခု အုပ်ချုပ်ရေးမှူးတွေက တခြားမြို့ ပြောင်းတာတို့၊ ရပ်ကွက်ပြောင်းနေတာတို့၊ အိမ်ပြောင်းအိပ်တာတို့ လုပ်နေကြတာရှိ တယ်။ နုတ်ထွက်စာမတင်လို့လည်း မရဘူးလေ၊ စစ်တပ်ကလည်း စစ်သား အတင်းစုဆောင်းခိုင်းတယ်။ တော်လှန်ရေးအဖွဲ့ ကလည်း စစ်သားစုဆောင်းတာနဲ့ ပစ်ခတ်ရှင်းလင်းတာတွေ လုပ်တယ်။ လက်နက်ကိုင်နှစ်ဖွဲ့ကြားထဲမှာ ညပ်နေတော့ နုတ်ထွက် ကြတာပေါ့။” သထုံခရိုင်အတွင်း ရပ်ကွက် ၁၃ ရက်ကွက်နဲ့ ကျေးရွာ ၃၀ လောက်က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထား ကြပြီး တိမ်းရှောင်နေကြတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ ပိတ်ထားရတယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့ခံတဦးက “အုပ်ချုပ်ရေးမှူးတွေလည်း အသတ်ခံ‌ရမှာကြောက်ပြီး ရုံးကိစ္စ ဘာမှမလုပ်တော့ဘဲ အကုန်ထွက်ပြေးကြတာ။ တချို့ဆို မိသားစု လိုက် မြို့ကနေ ထွက်ပြေးသွားကြတာ။ အခု ထောက်ခံစာယူရင် တော်တော်ကို အခက်အခဲဖြစ်တာ။ သော့ကိုင်ရုံးစာရေးကို လိုက်ရှာ၊ အတင်းတောင်းပန်ပြီး ပြီးတာနဲ့ ရုံးသော့ဖွင့်ပြီး တံဆိပ်တုံး ရိုက်ခိုင်းရတယ်။ သူတို့ကလည်း အရေးမကြီးရင် မလုပ်ပေး ဘူး။ နာမည်ထွက်ရင် လာသတ်မှာစိုးလို့တဲ့” လို့ ပြောပါတယ်။ Read in Full

၁၈။ ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့  တပ်သားသစ် အပြင်းထန်စုဆောင်းနေ
 August 8, 2024
 ကချင်ပြည်၊ ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချီဖွေ၊ ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့ လုပ်ငန်း ခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။“ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေအပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တု ဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတစ်နေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့စစ်တပ်ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်။ လမ်းမှာပိတ်ပြီးစုဆောင်းတယ်။ ပန်ဝါထဲမှာက အိမ်တိုင်ရာ တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းတယ်ပြော တယ်။ လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင်အကွာမှာရှိတဲ့ မြေရှားသတ္တု ဆိုက်တစ်ခုမှ လူငယ် ၆ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားစုဆောင်းခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ အဲဒီနေ့ တစ်ရက် တည်းမှာပဲ ချီဖွေကနေ ၄ မိုင်အကွာ ဖီမှော်နဲ့ ပန်ဝါသွားလမ်းဆုံဂိတ်မှာလည်း လူငယ် ၄ ဦးထပ်မံဖမ်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၅ ရက်နေ့ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တွေမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ် သား သစ်လိုက်လံစုဆောင်းရာ လူငယ် ၂၀ ဦးထက်ဖမ်းခံသွားရတယ်လို့ ဆက်လက်သိရပါတယ်။ အဖက်ဖက်ကနေ စစ်အင်အားကျ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချိဖွေဒေသကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူငယ် တွေကို ဖမ်းဆီးကာ စစ်အင်အားဖြည့်နေတာလို့သိရပြီး ကချင်လူငယ်တွေကိုသာ အဓိကဖမ်းခေါ်တပ်သားစုဆောင်းနေတာလို့ ဒေသခံတွေဘက်က ပြောပါတယ်။ ဖမ်းဆီးစုထားတဲ့လူငယ်တွေကို မြစ်ကြီးနားဘက်ကို လိုင်းကားနဲ့ ဆက် တိုက်ပို့ဆောင်နေတယ်လို့ ချီဖွေဒေသခံ က ဆက်ပြောပါတယ်။ “စစ်ကောင်စီတပ်တွေ အရမ်းကျရှုံးလာလို့ သူတို့ဘက်ကို အင်အားဖြည့်ပေးဖို့အတွက်နဲ့ ရှေ့တန်းပို့ဖို့အတွက် ပဲ လို့မြင်တယ်။ ပြီးတော့ ချီဖွေကနေ စုဆောင်းရထားတဲ့ လူငယ်တွေကို မြစ်ကြီးနားဘက်ကို ပို့နေတယ်။ လိုင်းကားကနေ ၁ ရက် ခြား ၂ ခြား နဲ့ တစ်စုစီပို့နေတယ်။ ဆိုတော့ စစ်ကောင်စီကို အင်အားဖြည့်ပေးနေတာကိုတွေ့ရတယ်။”လို့ ဆိုပါတယ်။ ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော် တစ်ခုလုံးကို ထိန်းချူပ်ထားချိန် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စုဆောင်းနေတာလည်းဖြစ်ပါတယ်။ Read in Full

၁၉။ ပျောက်ဆုံးနေတဲ့ ဖရူဆိုလူငယ် ၂ ဦး ၁ လကြာတဲ့အထိ မတွေ့သေး၊ ကူညီရှာဖွေပေးဖို့ မိသားစုဝင်တွေ အကူအညီတောင်း
 August 9, 2024
 ကရင်နီပြည်၊ ဖရူဆိုမြိုနယ်၊ ထီးဗျားညေ ကျေးရွာက ပျောက်ဆုံးနေတဲ့ ၁၉ နှစ် အရွယ် လူငယ်နှစ်ဦးကို တလကြာတဲ့ အထိ အဆက်အသွယ်ပြန်မရသေးတာကြောင့် ကူညီရှာဖွေပေးဖို့ မိသားစုဝင်တစ်ဦးက တောင်းဆိုလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ မော်ချီးကနေ အလုပ်လုပ်ပြီးပြန်လာကြတာဖြစ်ပြီး ယနေ့အထိ အဆက်အသွယ်တစ်စုံတရာ မရရှိသေးဘူးလို့ ဆို ထားပါတယ်။“အကူအညီတောင်းချင်သေးတယ်၊ ထပ်မံရှာကူပေးဖိုပေါ့နော၊ ဒါပေမယ့်တချိုကလည်း ပျင်းလာပြီဆိုတော့ အား လည်းနာတယ်၊ တချို့က သွားရှာခိုင်းကြည့်မယ်ဆိုတော့လည်း ခရီးကဝေးနေတော့ မပျော်ဘူးဖြစ်နေတယ်၊ အကူအညီတောင်း ချင်တယ်၊ တောင်းလည်းတောင်းနေတာပေါ့နော” လို့ ပျောက်ဆုံးနေသူ လူငယ်နှစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

ပျောက်ဆုံးသူတွေကို နန်းဖဲကျေးရွာအနီးမှာ နောက်ဆုံးတွေ့ရှိထားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပြပါတယ်။ ပျောက်ဆုံးနေသူတွေဟာ အသက် ၁၉ နှစ် အရွယ် ခူးဘျားရယ်နဲ့ ခူးမီရယ်တို့ဖြစ်ပြီး ဖရူဆိုမြိုနယ် ထီးဘျားညေ ကျေးရွာမှာ နေထိုင်တယ်လို သိရပါတယ်။ လက်ရှိမှာတော့ သူတို့ မိသားစုဝင်တွေ အပြင် ကျေးရွာဒေသခံတွေနဲ့. တော်လှန်ရေးတပ်ဖွဲ့တွေ ကလည်း လိုက်လံစုံစမ်းနေပေမယ့် တစ်စုံတစ်ရာ ကြားသိရတာ မရှိသေးဘူးလို့ ဆိုပါတယ်။ Read in Full

၂၀။ ကျိုက်ထိုမြို့ပေါ်တွင် စစ်မှုထမ်းရန် နာမည်နှင့်တကွ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေ
 August 8, 2024
 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စစ်မှုထမ်းရန် နာမည်စာရင်း နှင့်တကွ လိုက်လံရှာဖွေစစ်ဆေးမှုများ ဩဂုတ် ၇ ရက်နေ့မှစတင် လုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြော သည်။ စစ်မှုထမ်း လူသစ်စုရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသင့်ပါလာသော နာမည်စာရင်းများနှင့်တကွ ကျိုက်ထိုမြို့ရှိ တောင်ပိုင်း၊ မြောက် ပိုင်း၊ ကော့စံနိုင်၊ တောင်သူစု၊ ကံ့ကော်နှင့် ဇေယျာမွန် စသည့် ရပ်ကွက် ၆ ခုလုံးတွင် လိုက်လံ စစ်ဆေးမေးမြန်းရှာဖွေနေသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။“စစ်တပ်ရောရဲရော နာမည်စာရင်းတွေနဲ့ ရပ်ကွက်တွေထဲဝင်ပြီး ဘယ်သူ့သား၊ နာမည် ဘယ်သူရဲ့ အိမ်ကဘယ်နားမှာလဲ။ လူရှိလားဆိုပြီး လိုက်မေးနေတာ။ နာမည်စာရင်းမှာပါတဲ့သူတွေက အများကြီးဆိုတော့ ဖမ်း လို့မရသေးဘူး၊ ဒီနေ့အထိ လိုက်ရှာနေတုန်းပဲ။ ထွက် ပြေးတဲ့သူလည်း ပြေးကုန်ပြီး”ဟု ၎င်းက ပြောသည်။ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ အုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းရန် လူသစ်စုဆောင်းခြင်းများ စတင်ပြုလုပ်လာသည့်အတွက် လူငယ်၊ လူရွယ်အများအပြား နေအိမ်မှခေတ္တရှောင်တိမ်းခဲ့ကြပြီးနောက် ယခုလိုထပ်မံလုပ် ဆောင်ကြခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

မွန်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ဗဟို)က သတ်မှတ်ထားသော စစ်မှုထမ်းလူဦးရေ မပြည့်မှီသဖြင့် သတ်မှတ် အသက်အရွယ်အတွင်း အကျုံးဝင်လူငယ်များကို နေအိမ်တွင်းထိ ဝင်ရောက်ဖမ်းဆီးရန် စစ်ကောင်စီက စီစဥ်နေကြောင်း ဒေသတွင်း မီဒီယာများက ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ဖော်ပြခဲ့ဖူးသည်။ ထို့အပြင် မွန်ပြည်နယ်ရှိ စစ်မှုထမ်း စုဆောင်းခံရသူများအား စစ်ကောင်စီက အများအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေ စိုက် အမှတ်-၄ တပ်မတော်တန်းမြှင့် သင်တန်း ကျောင်း၌ သင်တန်းပေးနေခြင်း ဖြစ်ပြီး အပတ်စဥ် ၁ နှင့်၂ အထိ၊ လူငယ် ၄၀၀ ဦးဝန်းကျင် စစ်မှုထမ်းရန် စုဆောင်းခံခဲ့ရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS)က ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။ Read in Full

၂၁။  မင်းတပ် လေကြောင်းတိုက်ခိုက်မှု နှစ်နှစ်အတွင်း နှစ်ဆယ်ကျော်သေဆုံး
 August 9, 2024
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ၂၀၂၂ ဇူလိုင်ကနေ ၂၀၂၄ ဇူလိုင်အထိ နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၂ ဦး သေဆုံးပြီး ၇၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သြဂုတ် ၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီ့အပြင် မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊စာသင်ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင် လူနေအိမ်နဲ့ အဆောက်အအုံ စုစုပေါင်း ၁၃၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ် ၇ ရက်နေ့ မနက်တစ်နာရီမှာ မင်းတပ်မြို့နယ် ချပ်ကျေးရွာအနီး စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက် ခိုက်လို့ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်က ပြောပါတယ်။

“အဲဒီနေ့က တိုက်ခိုက်မှုမှာ ဒေသခံနှစ်ဦး ဒဏ်ရာရတယ်၊ နေအိမ်တစ်လုံး ပျက်စီးတယ်။ စစ်ကောင်စီရဲ့ လေကြောင်း ရန်ကိုတော့ အတတ်နိုင်ဆုံးကာကွယ်ဖို့ ကြိုးစားနေပါတယ်။ ဗုံးခိုကျင်းတွေလည်း တူးထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက လူတွေအိပ်နေတဲ့အချိန် ညပိုင်းတွေ၊ ညသန်းခေါင်မှာ လာလာကြဲတော့ ထိခိုက်မှုတွေ ရှိတာပါ” ချင်းလူ့အခွင့်အရေးဖွဲ့ (CHRO) ကတော့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ CHRO က ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က နိုင်ငံအနှံ့ကို လေကြောင်းတိုက် ခိုက်အမှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ ရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က သြဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ Read in Full

၂၂။ ပိတ်ဆို့ခံထားရတဲ့ ဖာပွန်ဗျူဟာမကျရေး စစ်ကောင်စီ လေကြောင်းကို အဓိကအသုံးပြုနေရ
 August 9, 2024
 KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထားတဲ့ ဖာပွန်မြို့အနီးရှိ ဗျူဟာနဲ့တပ် ရင်းစခန်းတွေထံ စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူပို့လို့မရတဲ့အတွက် လေကြောင်းအသုံး ပြုတိုက်ခိုက်တာနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ လာချပေးနေတယ်လို့ KNU တပ်မဟာ ၅ ဆီကနေ သိရပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့အနီး တောင်ဘက်ခြမ်း ဝှေနောင်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာနဲ့ ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ် မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝိုင်းရံပိတ်ဆို့ထားတာပါ။ ဖာပွန်မြို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တည်းက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် မြို့တောင်ဘက် ခြမ်း ဝှေနောင်၊ တံခွန်တိုင်၊ မဲသလွတ်ဘက်မှာရှိတဲ့ ဖာပွန်အခြေချ စစ်ဗျူဟာနဲ့ ခမရ ၄၃၄၊ ခမရ ၃၄၀၊ ခမရ ၃၄၁၊ စစန ၆၄၂၊ ခလရ ၁၉ တပ်ရင်းတို့ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခလရ ၁၉၊ ခမရ ၄၃၄၊ စစန ၆၄၂ တပ်ရင်းတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခမရ ၃၄၁၊ ခမရ ၃၄၀ တပ်ရင်းတို့ကို KNLA တပ်မဟာ ၅ တော်လှန် ရေးပူးပေါင်းအဖွဲ့က ဆက်လက်ဝိုင်းဝန်းပိတ်ဆို့ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဗျူဟာတပ်စခန်း မကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက် ခိုက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ်နဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် စစ်ကောင်စီတပ်က ပြည်သူနေထိုင်ရာ ကျေးရွာ လယ်ယာ ကိုင်းတွေထဲကို လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်လျှက် ရှိ တယ်လို့လည်း တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။ Read in Full

၂၃။  မူဆယ်မြို့တွင်းတိုက်ပွဲ မဖြစ်ရေး ရမခ တိုင်းမှူး လက်နက်ချရန် ညီနောင်မဟာမိတ်တပ် ကမ်းလှမ်း
 August 9, 2024
 သျှမ်းမြောက်၊ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ တိုက်ပွဲဖြစ်ပွားမှု ရှောင်ရှားနိုင်ရေးအတွက် လားရှိုး ရပခ တိုင်းမှူး လက်နက်ချ အလင်းဝင်ရန် ညီနောင်မဟာမိတ်တပ်က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကမ်းလှမ်းထားကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ တည်ရှိရာ လားရှိုးမြို့ကို ကိုးကန့် ပူးပေါင်းတပ် တိုက်ခိုက် နေစဥ် ယင်းကာလ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးတင့် ဖြုတ်ချခံခဲ့ရပြီး မူဆယ်၌ အထိုင်ချထားသည့် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူး ချုပ် စိုးလှိုင် (DSA- 42) ကို အစားထိုး ခန့်အပ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်တွင် လားရှိုး ရမခ ကျဆုံးချိန်အထိ တိုင်းမှူးသစ်ဖြစ်သူ ဗိုလ်မှူးချုပ်စိုးလှိုင် လားရှိုးသို့ ရောက်မလာဘဲ မူဆယ်တွင် သောင်တင်နေခြင်း ဖြစ်သည်။

“တိုင်းမှူးကတော့ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ အခုရက်ပိုင်းအတွင်း အဖြေပေါ်မှာပါ”ဟု ညီနောင် မဟာမိတ်တပ်ဖွဲ့၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။ ယမန်နေ့ည ၈ နာရီကျော်က မူဆယ်မြို့ နယ်၊ နမ့်ခွန်ရွာဘက်တွင် လက်နက်ကြီး ပေါက်ကွဲသံများ ကြားခဲ့ရပြီးနောက် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ် ကြောင်း မြို့ခံများက ဆိုသည်။“မနေ့ညက ပစ်တာက စစ်တပ်ဘက်က ပစ်တာပါ။ ဘာကြောင့်ပစ်လဲတော့ မသိဘူး။ မြေပြင် တိုက်ပွဲ ဖြစ်တာတော့ မကြားမိဘူး။ ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ ဖြစ်လာရင်ပြေးစရာမြေ မရှိဘူးလေ”ဟု မူဆယ်မြို့နယ် အခြေအနေကို သိရှိသူ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ကာလ မူဆယ်မြို့ ပတ်ပတ်လည်ရှိ ဒေသ အားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် KIA က သိမ်းပိုက်ထားသဖြင့် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်ကို မဟာ မိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်ရန်လွယ်ကူသည့် အနေအထားဖြစ်သည်။ Read in Full

၂၄။ ထန်တလန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်အပြည့်အစုံဖြင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ထံ အလင်းဝင်
 August 8, 2024
 ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဟာ ဩဂုတ်လ  ၇ ရက်နေ့ မှာ ချင်းလဲန်း ကောင်စီတပ်ဖွဲ့ဝင်များထံ လက်နက်အပြည့်အစုံဖြင့်အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။“မနေ့ဩဂုတ်လ ၇ ရက်နေ့မှာ ထန်တလန်မြို့၊ ရဲစခန်းမှာခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲကနေ တစ်ဦးက လက်နက်များယူ ဆောင်လာပြီး တော့ အလင်းဝင်တာပါ။” လို့မြေပြင်နဲ့ အဆက်အသွယ်ရထားသူ တစ်ဦးက ပြောပြပါတယ်။ အဆိုပါအလင်းဝင်သူဟာ တပ်သား အဆင့် ရှိသူ ကိုသက်ပိုင်စိုး လို့သိရပြီး ၎င်းနဲ့ အတူ MA2 သေနတ် တစ်လက်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး တစ်လုံး နဲ့ ကျည်ဆံ ၁၄၅ ထောင့်တို့ကို ယူဆောင်လာတာကြောင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များက ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံ တဲ့နေရာ ကို ပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

လက်ရှိမှာ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ခလရ ၂၆၉ စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များ က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မြို့ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ကူပေးနေသလို လေကြောင်းကနေလည်း အပြင်းအထန်ခုခံနေတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ Read in Full

၂၅။ လွိုင်လင်မြို့နယ်၊ပင်လုံမြို့အနီးရှိ SSPP/SSA တပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ
 August 8, 2024
 ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီး စနင်းတောင်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ် မတော် SSPP/SSA တပ်စခန်းကို စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချကြောင်း SSPP/ SSA မှ တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။ ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် ပင်လုံမြို့၊ စနင်းတောင်၊ နားစင်းကျေးရွာအနီးရှိ  ရှမ်း ပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ပျံဝဲပြီး ဗုံးများကျဲချသွားကြောင်းသိရှိရသည်။
 “ရှမ်းတောင် ပင်လုံမြို့ စနင်းတောင်မှာရှိတဲ့ SSPP/SSA တပ်စခန်းကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးလာကျဲတာ။ ထိခိုက်မှုမရှိပါဘူး။  တိုက်ပွဲမဖြစ်ဘဲနဲ့ တမင်ကိုလာပြီး ဗုံးကျဲချတာပါ။ လေယာဉ်နဲ့ ၃ ခေါက် ပျံဝဲပြီးတော့ ဗုံးကျဲတာ။ ဒါက ရန်စမှု လို့လည်း ပြောလို့ရပါတယ်” ဟု  SSPP/SSA မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။  လတ်တလော ရှမ်းပြည်တောင် ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားပြီး ယင်းတိုက်ပွဲများတွင် PNLA နှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်က အထိနာနေသဖြင့် PNLA ၏ မဟာမိတ် SSPP/SSA တပ်များကို ဦးတည် တိုက်ခိုက်လာသည့် အခြေအနေဖြစ် ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။ Read in Full

၂၆။ တိုက်ပွဲများကြောင့် လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးနှင့် ဆက်စပ်လမ်းပိုင်းများ အသုံးမပြုရန် KNDF တားမြစ်
 August 8, 2024
ထိတွေ့တိုက်ပွဲများကြောင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်စပ်သည့်လမ်းပိုင်းများ အသုံးမပြု ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က အသိပေးထုတ်ပြန်သည်။ ဇူလိုင်မှစ၍ ယနေ့ထိ တော်လှန် ရေးတပ်များ နှင့် စစ်ကောင်စီစစ်ကြောင်းများအကြား လွိုင်ကော် – ဒီးမော့ဆိုလမ်းပိုင်းများ၌ ထိတွေ့တိုက်ပွဲများ ရက် ဆက်ဖြစ်ပွားနေကြောင်း အသိပေးသည်။ ထို့အတူ လွိုင်ကော်မြို့၏တောင်ဘက် ဒီးမော့ဆိုမြို့နှင့်ဆက်စပ်ရာ မိုင်းလုံး၊ ရွာတန်းရှည်၊နမ့်ဘော်ဝမ်၊ ထူဒူငံသ၊ စိုက်ကွင်း(၃)၊ ဒေါဆန်းဘွန်း နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက် ထိတွေ့တိုက်ပွဲများ ယနေ့အထိ နေ့စဉ်ဖြစ်ပွားနေ ကြောင်း KNDF က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးများဘေးနှင့် ရပ်ကွက်များအတွင်း ကင်း ပုန်းများဝပ်၍ ဖြတ်သန်းသွားလာသော အရပ် သားပြည်သူများအား တားဆီးစစ်ဆေးခြင်းများမရှိသလို အမေးမြန်းမရှိ ပစ်ခတ်မှု များပြုလုပ်နေသည်။ “လွိုင်ကော်က စကစတပ်နဲ့ ဒီးမော့ဆိုအခြေစိုက် စကစတပ်တွေ မြေပြင်ချိတ်နိုင်ဖို့လုပ်နေတာလို့ပြောလို့ရ တယ်။ အဲဒီလမ်း ကြောင်းကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်နေတယ်။စကစ ဘက်ကတော့ လွိုင်ကော်က တပ်ရင်း နှစ်ခု စာလောက်သုံးပြီး တိုးနေတယ်”ဟု ကရင်နီ ပူးပေါင်းတပ်မှ တာဝန်ရှိသူက ပြောသည်။

ယခုရက်ပိုင်အတွင်း အကြောင်းမဲ့သေဆုံးနေရသော အရပ်သားလူထုများရှိနေသည့်အတွက် အထက်ပါရပ်ကွက်၊ ကျေးရွာများသို့ ဝင်ထွက်သွားလာခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်လည်ဝင်ရောက် သယ်ယူခြင်းများကို မပြုလုပ်ကြရန် နှင့် လတ်တလော မြေပြင်စစ်ရေးအခြေနေများအရ လွိုင်ကော်- ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးအပါအဝင် လမ်းမကြီးနှင့် ဆက်စပ်နေသည့် လမ်းသွယ်များ (ဥပမာ-ဟိုဖိတ်- (၆)မိုင် -ပန်ကန်း လမ်း) ကိုပါ အသုံး ပြုသွားလာခြင်းများ မပြုလုပ်ရန်လည်း KNDF က မေတ္တာရပ်ခံသည်။ ဒီးမော့ဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ်(၄၂၇)တပ်ဖက်မှ စစ်ကြောင်းတစ်ခုမှာ ဒီးမော့ဆို – (၆)မိုင်လမ်းမကြီးပေါ်ရှိ ဒေါခလိုက်လင်းကျေးရွာဖက်သို့ ဇူလိုင် ၂၂ ရက်တွင် ရောက်ရှိလာခဲ့၍ တန်ပြန်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း ယခုလဆန်းပိုင်းတွင် ကနဦး ထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့ နယ်တွင် စစ်ကောင်စီ ၏  ခမရ (၄၂၇)နှင့် ခလရ(၁၀၂)တပ်ရင်းတို့ အခြေစိုက်ထားသည်။ Read in Full

၂၇။ လှိုင်းဘွဲ့တွင် ရေဘေးဒုက္ခသည်များအတွက် ရိက္ခာများကို အုပ်ချုပ်ရေးမှူးက မပေးဝေ
 August 9, 2024
 ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ရေဘေးဒုက္ခသည်တွေအတွက် စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ပေးသွားတဲ့ ရိက္ခာ တွေကို လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို ပေးဝေတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ် မှာ ဇူလိုင် ၂၄ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်ရောက်တဲ့အတွက် အိမ်ထောင်စု ၁၉၀ ကျော်က ရေဘေးရှောင် ၈၀၀ ကျော်ဟာ အောင်ဆန်းခန်းမ၊ ဂျာမေဗလီ၊ အစိုးရမှုလ တန်းကျောင်း၊ ရွှေဂွန်းကျေးရွာနဲ့ ကမော့ကချူးကျေးရွာစခန်းတို့မှာ ရေဘေးတိမ်းရှောင်ခဲ့ရပါတယ်။ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ အဖွဲ့ဟာ ဇူလိုင် ၃၀ ရက်နေ့က‌ ရေဘေးရှောင်တွေကို အောင်ဆန်းခန်းမနဲ့ ကမော့က‌ချူးယာယီရေဘေးရှောင်စခန်းတခုမှာတွေ့ပြီး ဆန်၊ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနဲ့ ဆန်ရိက္ခာဖိုးငွေ ၁၃ သိန်းကျော်ကို ပေးအပ်ခဲ့ပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ဒီနေ့အချိန် အထိ ပေးအပ်ခဲ့တာမရှိသေဘူးလို့ ရေဘေးရှောင်တဦးက ပြောပါတယ်။
 “ဇူလိုင် ၃၀ ရက်နေ့ကတည်းက ရေဘေးရှောင်တွေကိုခေါ်ပြီး ဝန်ကြီးချုပ်က ဆန်ထောက်ပံ့ကြေးငွေနဲ့ ရိက္ခာတွေကို ပေးတယ်။ ပြီးတော့ဓာတ်ပုံတွေဘာတွေရိုက်ကြပြီး ဝန်ကြီးချုပ်ပြန်သွားတာနဲ့ဝေမယ်လို့ပြောတယ်။ ပြီးတော့မဝေပေး တော့ ဘဲ ထမင်းထုတ်ပဲပေးပြီးပြန်ခိုင်းတယ်။ ပြီးတော့ရိက္ခာတွေဟာ လူကြီးတွေလာလို့ ပုံထားတာ အကုန်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း ပစ္စည်းနဲ့ ပိုက်ဆံတွေပေါ့။ ပြည်နယ်ဝန်ကြီးက ရေဘေးရှောင်တွေအတွက် မားမားပဲပေးသွားတယ်လို့ ပြောတယ်။ အခုထိ အဲ့မားမားတောင်မရသေးဘူး။” စစ်ကောင်စီပိုင်မီဒီယာနဲ့ သတင်းစာတွေမှာလည်း ကရင်ပြည် နယ်ဝန်ကြီးချုပ် စောမြင့်ဦးနဲ့ အဖွဲ့ က လှိုင်းဘွဲ့ရေဘေးရှောင်တွေအတွက် ထောက်ပံ့တယ်ဆိုပြီး ရိက္ခာတွေနဲ့ ပိုက်ဆံပေးအပ်တဲ့ ဓာတ်ပုံတွေနဲ့ စာတွေကို ထုတ်ပြန် ခဲ့ပေမဲ့ ရေဘေးရှောင်တွေနဲ့ ထမင်းထုတ်ကလွဲပြီး ဘာပစ္စည်းမှမရခဲ့ဘူးလို့ ‌ရေဘေးရှောင်တွေက ပြောပါတယ်။ လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝန်းသန်းဟာ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးတွေနဲ့ လကုန်အစည်းအဝေးပွဲ‌မှာ ရေဘေးရှောင်တွေကို ရိက္ခာ ထောက်ပံ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေး ရာမှာလည်း ပြည်နယ်က မာမာတမျိုးတည်းသာ ထောက်ပံ့ခဲ့တာဖြစ်ပြီး ကျန်တာ သူ့ပိုင်တဲ့ပစ္စည်းတွေလို့ ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်ရောက်တဲ့ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ကရင် ပြည်နယ်အတွင်း ရေကြီး၊ရေလျှံမှုတွေကြောင့် အိမ်ထောင်စုပေါင်း ၇၃၅၀ ကျော်မှ လူဦးရေ ၂၈၀၀၀ ကျော်က ယာယီကယ်ဆယ် ရေးစခန်းပေါင်း ၆၀ ကျော်နဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ Read in Full

၂၈။ နွေဦးတော်လှန်ရေး အားအကောင်းဆုံးအချိန်ကို ရောက်ပြီလို့ NUG ပြော
 August 8, 2024
နွေဦးတော်လှန်ရေးဟာ အားအကောင်းဆုံး အခြေအနေကိုရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ ၈ ရက်နေ့ ကျရောက်တဲ့ ရှစ်လုံးလေးအရေးတော်ပုံ အခမ်းအနားမှာ ပြောပါတယ်။ သမိုင်းတစ်လျှောက်မကြုံဖူးတဲ့ တော်လှန်ရေးအားကောင်းမှုနဲ့ မဟာမိတ်စုဖွဲ့မှု စည်းလုံးညီညွတ်မှု အရှိဆုံးအချိန်ဖြစ်တယ်လို့ လည်း ဝန်ကြီးချုပ်က ပြောပါတယ်။“နွေဦးတော်လှန်ရေးဟာ သမိုင်းတစ်လျှောက်မှာ တော်လှန် ရေး အားအကောင်းဆုံး အချိန် ကို ရောက်နေပြီဖြစ်သလို မဟာမိတ်စုဖွဲ့မှုမှာလည်း သမိုင်းတစ်လျှောက် စည်းလုံးညီညွတ်မှု အရှိဆုံးအချိန်ကိုလည်း ရောက်ရှိနေ တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်” ဒါ့အပြင် ပြည်သူလူထုကလည်း အာဏာသိမ်းကာလ သုံးနှစ်ခွဲကျော်ကြာလာပေမဲ့ ထောက်ခံ မှုနဲ့ တော်လှန်ရေးစိတ်ဓာတ်က ကျဆင်းမသွားဘူးလို့ ဆိုပါတယ်။
 ခေတ်အဆက်ဆက် လူထုလှုပ်ရှားမှုတွေမှာလည်း စစ်အာဏာရှင်အမြစ်ဖြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထွန်းကား ရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးဆိုတဲ့ရည်မှန်းချက်တွေနဲ့ တိုက်ပွဲဝင်လာခဲ့ကြတာကြောင့် ဘုံရန်သူစစ်အာဏာရှင်စနစ်ကျဆုံးတဲ့ အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ် မတော်ဟာလက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဒေသတချို့မှာ စစ်ဆင်ရေးတွေ လုပ်နေပါတယ်။ အဲဒီ စစ်ဆင်ရေးတွေ အတွင်း မန္တလေးတိုင်း မိုးကုတ်နဲ့ စဥ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ လက်ရှိနိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို တုံ့ပြန်မယ်လို့ သြဂုတ်လ ၅ ရက်နေ့ က မိန့်ခွန်းမှာထည့်ပြောထားပါတယ်။ Read in Full

၂၉။ လားရှိုးက တပ်မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေး
 August 8, 2024
 ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လမ်းခရီးစရိတ် ငွေကျပ် ၅ သောင်းပေး၍ ကိုးကန့်တပ် MNDAA က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ စစ်သုံ့ပန်းအချို့နှင့် တပ်မိသားစု ဝင် ၃၈၀ ကျော် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သောင်းစီ ပေးအပ်ပြီး ဩဂုတ်လ ၆ ရက်နေ့က နေရပ်ပြန် ဘေးကင်းစေရန် ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လားရှိုးက စစ်ဆေးရုံကို MNDAA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသော် လည်း စစ်ဆေးရုံဆရာဝန်များက MNDAA က ပစ်ခတ်ခြင်းမဟုတ်ကြောင်းနှင့် စစ်ကောင်စီ လေကြောင်းကသာ ပစ်ခတ်ခြင်းဖြစ်ပြီး MNDAA က စစ်ဆေးရုံရှိ လူနာများနှင့် စစ်ရှောင် တပ်မိသားစုဝင်များကို လာရောက်ကယ်ထုတ်ပေးခဲ့ကြောင်း ပြောဆိုထားကြသည်။ Read in Full

 
၃၀။  ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့မည်
 August 8, 2024
 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးမှုကို လာမဲ့သြဂုတ် ၂၁ ရက် နဲ့ ၂၂ ရက်နေ့ နှစ်ရက်ကြာ နေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ နိုင်ငံရေးပါတီတွေက အတည်ပြုပြောပါတယ်။ အဲဒီဆွေးနွေးပွဲ မှာ နိုင်ငံရေးပါတီတွေ၊ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ပါတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC)တို့ တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲတက်မဲ့ ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကတော့ တိုင်းရင်းသားတွေ အတွက် ဖက်ဒရယ်ကိစ္စကိုပဲအဓိကထားဆွေးနွေးမယ်လို့ပြောပါတယ်။ “ပါတီအသီးသီးရဲ့ အမြင်တွေတင်ပြကြမယ်၊ ကျွန်တော် တို့ပါတီကတော့ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်ပုံစံဖြစ်လာဖို့ကိစ္စပဲ အဓိကထား တင်ပြဆွေနွေးသွားမှာပါ၊ တိုင်းရင်းသား တွေရဲ့အသံအများဆုံးပါပါလိမ့်မယ်” ဒီတွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးထက် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးသွားကြဖို့ ဖြစ်နိုင်တယ်လို့ ပြည်သူ့ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီအားလုံး တက်ရောက်ခွင့်ရမှာမဟုတ်ဘဲ ပါတီလေးဆယ်ကျော်ထဲက စုပေါင်းရွေးချယ်ထားတဲ့ အလုပ်အဖွဲ့ ၁၆ ပါတီ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် စုဖွဲ့ထားတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့က လေးပါတီ၊ စစ်ကောင်စီအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ထဲ က အလုပ်အဖွဲ့ပါတီတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပါအဝင် အာဏာသိမ်းမှုဆန့်ကျင်တဲ့ တိုင်းရင်းသား လက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပျက်ပယ်ပြီဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြောထားပါ တယ်။ Read in Full

၃၁။ သံတွဲထောင်က နိုင်ငံရေးအကျဉ်းသားလေးဆယ်ကျော် AA ပြန်လွှတ်
 August 8, 2024
 ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်ကနေ ကယ်ထုတ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၄၁ ဦးကို ဩဂုတ်လ ၆ ရက်နေ့ကစပြီး  မိသားစုတွေဆီ ပြန်ပို့ပေးနေတယ်လို့ အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ AA က သံတွဲထောင်ကို ဇူလိုင်လ ၁၆ ရက်နေ့က သိမ်းယူပြီးနောက် ထောင်ကျနေတဲ့ အကျဉ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာ ကယ် ထုတ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ အကျဉ်းသားတွေကို ကယ်ထုတ်ချိန်မှာ စစ်ကောင်စီ က ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် အကျဉ်းသား ခုနစ်ဦးသေဆုံးသွားပြီး နိုင်ငံရေးအကျဉ်းသား နှစ်ဦးလည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထဲက ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူတွေနဲ့ ဒဏ်ရာရသူ ၁၇ ဦး ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ကျန်ရှိတဲ့ ရာဇဝတ်မှုကျူးလွန်ထားတဲ့ အကျဉ်းသား တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားပြီး သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို ပြန်လည်စစ်ဆေးပြီး တရားနည်းလမ်းကျကျကိုင် တွယ်သွားမယ်လို့ ရေးသားထားပါတယ်။ Read in Full

၃၂။ ကရင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချို ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ရရှိ
 August 9, 2024
 ကရင်လူငယ်အရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုကို ၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ကြောင်း ဖန်းဖောင်ဒေးရှင်းက ဩဂုတ် ၈ ရက်မှာ ကြေညာပါတယ်။ စောအဲလ်ဘတ်ချိုဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်ပြီး မြန်မာအာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှု၊ မညီမျှမှုနှင့် နှိပ်စက် ညှဉ်းပန်းမှုတွေကို ကြုံတွေ့ခဲ့ရသူဖြစ်တယ်လို့ ဖန်ဖောင်ဒေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ နောက်ပိုင်းမှာ သူဟာ ကရင် သမိုင်းကိုစတင်ဖတ်ရှုခဲ့ပြီး ကရင်လူမျိုးတွေရဲ့အခွင့်အရေးကိုအလေးထားသော ကျောင်းသားလှုပ်ရှားမှုအဖြစ်လူမှုရေးနဲ့နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာခံပါတယ်။ တက္ကသိုလ်တက်နေစဉ် ကရင်လူငယ်ကွန်ရက်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၁၉ ခုက ရန်ကုန် မှာ ပြုလုပ်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့မှုကြောင့် တခြား လုပ်ဖော်ကိုင်ဖက် ၂ ဦးနဲ့အတူ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ စောအဲလ်ဘတ်ချိုဟာ  နိုင်ငံရေး ပါတီဖြစ်တခုဖြစ်တဲ့  ညီညွတ်သော တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (UNDP) မှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၂၁ ခု အာဏာသိမ်းပြီးတဲ့နောက်မှာ‌တော့  မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လူမျိုးတွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးမဟာမိတ်အဖွဲ့ဖြစ်သော General Strike Committee (GSCN) မှာ ပါဝင်ခဲ့ပါတယ်။
 လက်နက်ကိုင်တော်လှန်ရေးတွေ စတင်ချိန်မှာ စောအဲလ်ဘတ်ချိုဟာ KNU ထိန်းချုပ်နယ်မြေကို ရောက်ရှိလာခဲ့ပြီး ကရင်လူငယ်အစည်းအရုံးမှာ  ကရင်လူငယ်သုတေသနအဖွဲ့မှာ ပါဝင်သလို ကရင်လူငယ်အရေးတွေနဲ့ပတ်သက်ပြီး တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ စောအဲဘတ်ချိုက “ဒီ ၂၀၂၁ခု အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျတော့ ဒီကော်သူးလေဘက်မှာပဲ လာပြီးတော့အခြေချတယ်။ အထူးသဖြင့်တော့ လူငယ်ပိုင်းမှာ KYO ကရင်လူငယ်အဖွဲစည်းနဲ့ပဲ ကျနော်အဓိက လက်တွဲတာပေါ့ နော်။ KYO အောက်မှာရှိတဲ့ ကရင်လူငယ် သုသေတန အဖွဲ့မှာပဲ ကျနော်ပိုလုပ်ဖြစ်တယ်။ နောက်တခုက KYC မှာ အတွင်းရေးမှူး အနေနဲ့ လုပ်ပါတယ်။ အဓိကတော့ ကျနော့်ရဲ့လှုပ်ရှားမှု တော်တော်များများကို KYO နဲ့ပဲ တွဲဖက်လုပ်ဖြစ်တာများပါတယ်”  လို့ ပြောပါတယ်။ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိတဲ့အပေါ်မှာလည်း သူက“အရင်ဦးဆုံးပြောချင်တာကတော့ ဖန်းဖောင် ဒေးရှင်းကိုလည်းကျေးဇူးတယ်။ ကျနော့်ကို norminate လုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ ကျနော့်ကို recommendation ပေးတဲ KYO ဥက္ကဋ္ဌ၊ KNU အတွင်းရေးမှူး ၂ ကိုလည်း ကျေးဇူးတယ်။ ပျော်လည်း ပျော်တယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ တာဝန်လည်း ပိုကြီးတယ်ပေါ့နော်။  ပြီးတော့ ဒီလို ဆုပေးတဲ့အတွက် အသိအမှတ်ပြုတယ်လို့ခံယူမိတယ်။ အထူးသဖြင့် ကိုယ်တတ်နိုင်တဲ့အပိုင်း လူငယ်တယောက်အနေနဲ့ ကိုယ်လုပ်နိုင်တဲ့အပိုင်းမှာ လုပ်တယ်။ အဲလိုမမျှော်လင့်ဘဲ မထင်မှတ်ထားတဲ့အချိန်မှာ ဆုရသွားတဲ့အတွက် တွန်းအားတခုဖြစ်တယ်၊ ခွန်အားဖြစ်စေတယ်ပေါ့နော်” လို့ ပြောပါတယ်။ https://burmese.dvb.no/post/664068

၃၃။ မိုင်းလားတပ်ဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံတွင် ကွယ်လွန်
 August 9, 2024
 သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ NDAA ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းသည် ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း စုံစမ်းသိရသည်။ (ဩဂုတ်လ ၈ ရက်) ညပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) ရှိအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(ခေါ် )မိုင်းလားတပ်ဖွဲ့ NDAA/ESS ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ကင်ဆာရောဂါ ဖြင့် တရုတ်နိုင်ငံ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း ဦးစိုင်းလင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။“ဥက္ကဋ္ဌကြီး က တရုတ်ပြည်ထဲက ဆေးရုံတစ်ခုမှာ ပုံမှန်ဖြစ်နေကျ ကင်ဆာရောဂါနဲ့ မနေ့ညကဆုံးသွားပါတယ်။ အခု မိုင်းလားကိုပြန်သယ်ဖို့ လုပ်ဆောင်နေပါတယ်”ဟု ဦးစိုင်းလင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကဆိုသည်။ လက်ရှိတွင် သေဆုံးသူ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ၏ ရုပ်ကလာပ်ကို မိုင်းလားမြို့သို့ ပြန်လည်သယ်ဆောင်ရန် လုပ်ဆောင်နေပြီး ဈာပနအစီအစဉ်ကို မသိနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းလားတပ်ဖွဲ့ NDAA ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ကိုးကန့်တပ်ဖွဲ့ MNDAA  တည်ထောင်သူ ဖုန်ကြားရှင်၏ သမီးဖြစ်သူ ဒေါ်နန်းရင်နှင့် လက်ထပ်ထားပြီး သားမက် တော်စပ်သည်။ ဦးစိုင်းလင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသ ၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၉ ရက်တွင် ဗကပမှ ခွဲထွက်ကာ NDAA ကို တည်ထောင်ခဲ့သည်။ NDAA ၏ ဒုတိယ ဥက္ကဋ္ဌတစ်ဦး ဖြစ်သည့် ဦးထိန်လင်းသည် ဦးစိုင်းလင်း၏ သားဖြစ်ပြီး မိုင်းလားတပ်ဖွဲ့ အနေဖြင့် သျှမ်းပြည်အရှေ့ပိုင်း မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများကို အထူးဒေသ(၄) အဖြစ် ထိန်းချုပ်ထားသည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button