အတွေးအမြင်

နိုင်ငံရေးအန်တုမှု

နိုင်ငံရေးအန်တုမှု

နွေဦးတမန်တော်

နွေဦးတော်လှန်ရေးသည် အချိန်ကာလအားဖြင့် လပေါင်း ၄၀ နီးပါးကာလကို ရောက်ရှိလာပြီ ဖြစ်သည်။ ထိုကာလအတွင်း တော်လှန်ရေးအသီးအပွင့်များစွာကို ရရှိခဲ့သလို စစ်မီးကြား မလူးသာမလွန့်သာ ခံစားနေကြရသည့် စစ်ဘေးသင့်ပြည်သူ၏ ဒုက္ခကလည်း အလွန်ကြီးမားလှသည်။ လက်ရှိကာလကနေ ပြန်မျှော်ပြီး အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလကို ပြန်လည် သုံးသပ်ကြည့်မည်ဆိုလျှင် တော်လှန်ရေး၏ အဆုံးသတ်ပန်းတိုင်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်” တည်ဆောက်ရေးအတွက် တော်လှန်ရေး မီးတောက်ကို ကြံ့ကြံ့ခံပြီး အဆုံးအထိ ဆက်လက်သယ်ဆောင်သွားနိုင်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း ထင်ရှားပါသည်။

တော်လှန်ရေးတစ်ရပ်အောင်မြင်ခြင်းသည် ပြည်သူလူထုရဲ့အင်အားကို အခြေခံသလို၊ ပြည်သူလူထုအင်အားကို ဦးဆောင်စီမံနိုင်ခြင်းနှင့်လည်း တိုက်ရိုက်အချိုးကျသည်။ ပြည်သူလူထုအင်အားကို အပြည့်အဝအသုံးပြုနိုင်ရန်အတွက် လူထုတစ်ရပ်လုံးပါဝင်နိုင်သည့် တော်လှန်ရေးမဟာဗျူဟာကို ရေးဆွဲနိုင်ရန် လိုအပ်ပါသည်။ ထိုအတွက် ပြည်သူလူထုရဲ့ ကွဲပြားနေတဲ့အခြေအနေနဲ့ တော်လှန်ရေးမှာ ပါဝင်နိုင်မှုပုံစံကို အမြဲတစေ ဆန်းစစ်ရန် အလွန်အရေးကြီးသည်။

ပြည်သူလူထုအမျိုးအစားကို ပိုင်းခြားကြည့်မည်ဆိုရင် (၁) တော်လှန်ရေးထဲတွင် ဦးဆောင်ပါဝင်နေသောသူများ၊ (၂) တော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင်လှုပ်ရှားဆောင်ရွက်နေသူများ၊ (၃) တော်လှန်ရေးအား အားပေးထောက်ပံ့ပေးသူများ၊ (၄) ကြားနေသူများ၊ (၅) တော်လှန်ရေးကို ဆန့်ကျင်သူများ ဟူ၍ မြင်နိုင်ပါသည်။ တော်လှန်ရေးမှာ ပြည်သူ့အင်အားအပြည့်အဝရရှိနိုင်ဖို့အတွက် အမျိုးမျိုးသောပြည်သူတွေ ပုံစံမျိုးစုံနဲ့ အပြည့်အဝပါဝင်နိုင်တဲ့ တော်လှန်ရေးမဟာဗျူဟာ၊ စစ်ဆင်ရေးဗျူဟာနဲ့ နည်းဗျူဟာတွေကို ဖော်‌ဆောင်နိုင်ဖို့ အရေးကြီးပါသည်။ ထို့ပြင် တော်လှန်ရေးကို ဆန့်ကျင်နေသူများ၏ အားကိုလည်း သွယ်ဝိုက်သောနည်းဖြင့် အသုံံးပြုနိုင်သည့် နည်းနာကိုလည်း ကြံဆနိုင်ရန် လိုအပ်သည်။

တော်လှန်ရေးနည်းနာပေါင်းများစွာ ရှိသည့်အနက် ရေရှည်အသုံးပြုနိုင်သည့် နည်းနာတစ်ခုမှာ နိုင်ငံရေးအန်တုမှု ဖြစ်သည်။ နိုင်ငံရေးအန်တုမှုသည် တော်လှန်ရေးနယ်အတွင်းရှိပြည်သူများသာမက၊ ပြည်တွင်းရှိ ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်သည့် တော်လှန်ရေးနည်းနာတစ်ရပ်ဖြစ်သည်။ တော်လှန်ရေးကို ဦးဆောင်နေတဲ့ပြည်သူတစ်ဦးချင်း၊ တစ်ဖွဲ့ချင်းမှစပြီး တော်လှန်ရေးကို အိမ်တွင်းကနေ လက်သီးဆုပ်ပြီး အသံတိတ်တွန်းလှန်နေတဲ့ပြည်သူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ချင်းအထိ နစ္စဓူဝအတွင်းမှာ နိုင်ငံရေးအန်တုမှုကို ကျင့်သုံးသွားမည်ဆိုလျှင် အာဏာရှင်စနစ်ကို ဖြိုချနိုင်ဖို့အတွက် အခိုင်အခံ့ဆုံး နည်းနာဖြစ်သလို၊ အာဏာရှင်လက်သစ်တွေ သက်ဆိုးမရှည်နိုင်ဖို့အတွက် ဂျမ်းတုံးခုပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

နိုင်ငံရေးအန်တုမှုဆိုတာဘာလဲ။ နိုင်ငံရေးအန်တုမှု (Political Defiance) ဆိုသည့် စကားအသုံးအနှုံးကို Mr. Robert Halvey က စတင်တီထွင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအန်တုမှုဟူသည် အကြမ်းမဖက်ဘဲ အာဏာရှင်စနစ်ကို တိုက်ခိုက်သည့်နည်းကို ဆိုလိုခြင်း ဖြစ်သည်။ အာဏာရှင်စနစ်ကို နိုင်ငံရေးနည်းနာအရ ကန့်ကွက်၊ ဆန္ဒပြ၊ ပူးပေါင်း ကူညီဆောင်ရွက်ခြင်း မလုပ်ဘဲ အာဏာရှင်စနစ်ကို သေးကြုပ်ပိန်လှီသွားအောင် ပျက်စီးဖြိုကျသွားအောင် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ နိုင်ငံရေးအန်တုမှုဆိုသည်မှာ အာဏာရှင်စနစ်၏ နိုင်ငံရေးအာဏာကို ရည်ရွယ်ချက်ရှိစွာ၊ တမင်သက်သက် ဖီဆန်အန်တုခြင်းကို ဆိုလိုသည်။ အာဏာရှင်ရဲ့ ကြိုးဆွဲရာမသွားဘဲ၊ ခိုင်းတာမလုပ်၊ မကျိုးနွံဘဲနေခြင်း ဖြစ်သည်။ နိုင်ငံရေးအံတုမှု၏ အကောင်းဆုံးရလဒ်မှာ အာဏာရှင်စနစ်ကို ဖြိုချဆန့်ကျင်သည့် လူမှုအဝန်းအဝိုင်းတစ်ခု အခိုင်အမာတည်ဆောက်နိုင်ခြင်းပင် ဖြစ်သည်။

တော်လှန်ရေးကိုဆင်နွှဲနေချိန်ကာလအတွင်းနှင့် တော်လှန်ရေးအရှိန်လျော့သည့်ကာလအတွင်းမှာပင် ပြည်သူတစ်ရပ်လုံး အုံကြွကာ အာဏာရှင်စနစ်ကို တိတ်တိတ်တဖုံ၊ ကျယ်ကျယ်တဖုံ မပြတ်တမ်း တွန်းလှန်နေရန် လိုအပ်သည်။ လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ရရှိထားသော လွတ်မြောက်နယ်မြေများ ပိုမိုကျယ်ပြန့်လာသလို၊ စစ်အာဏာရှင်လက်တွင်းကျရောက်နေသော နယ်မြေတွေလည်း ရှိနေသေးသည်။ စစ်ရေးအရ အနိုင်ရရှိနေချိန်အတွင်းတွင် နိုင်ငံရေးအရလည်း အနိုင်ရရှိရန် အလွန်အရေးကြီးသည်။ တချိန်တည်းမှာ ရန်သူ၏ စစ်တပ်ကို တိုက်ခိုက်ရန် အရေးကြီးသလို၊ လူမှုရေး၊ စီးပွားရေးနှင့် စိတ်ဓာတ်ရေးရာကိုလည်း နေ့စဉ်နှင့်အမျှ အန်တုတိုက်ခိုက်ရန်လည်း လိုအပ်ပါသည်။

အာဏာရှင်စနစ်ကို ဖြိုချခြင်းသည် လွယ်ကူသည့် ရေးရာကိစ္စမဟုတ်ပေ။ တော်လှန်မှုအဆင့်ပေါင်းများစွာကို ခက်ခဲစွာ ကြိုးပမ်းဖြတ်သန်းကြရမည် ဖြစ်သည်။ တော်လှန်ရေးတခု အောင်မြင်ရန်အတွက် ပြန်လည်တည်ဆောက်မည့် နိုင်ငံရေးစနစ်သစ်ကို အဆင်သင့် ပြုစုပျိုးထောင် တည်ဆောက်ရမည် ဖြစ်သည်။ အာဏာရှင်စနစ်ရဲ့ ယန္တရားအဆောက်အအုံကို ဖြိုဖျက်နေစဉ်နဲ့ နိုင်ငံရေးစနစ်သစ်ကို တည်ဆောက်နေစဉ်ကာလတွင် နိုင်ငံရေးအန်တုနိုင်မှုနဲ့ ကျားကန်ထားရမည် ဖြစ်ပါသည်။

အာဏာရှင်စနစ်အား အကျအဆုံးနည်းနည်းနှင့် ထိထိရောက်ရောက် ချုပ်ငြိမ်းစေလိုလျှင် အောက်ပါအချက် လေးချက်အား တစိုက်မတ်မတ် ဆောင်ရွက်ရန် လိုသည်။

(၁) အဖိနှိပ်ခံနေရသူလူထုအား ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးတတ်သည့်စိတ်များ တိုးပွားလာအောင် အားပေးရမည်။ ဇွဲရှိအောင် တိုက်တွန်းရမည်။ ခုခံအာခံတိုက်ခိုက်ရေးတွင်လည်း ကျွမ်းကျင်လာအောင် သင်ကြားပေးရမည်။

(၂) အဖိနှိပ်ခံရသူများ စုပေါင်းဖွဲ့စည်းထားသည့် လွတ်လပ်သော လူမှုအဖွဲ့အစည်းများကို အင်အား ကောင်းလာအောင် ကြိုးစားဆောင်ရွက်ပေးရမည်။

(၃) အင်အားကြီးမားသည့် ပြည်တွင်းဆန့်ကျင်မှု အင်အားများ လှိုင်းလုံးတစ်လုံးပြီး တစ်လုံး ပေါ်လာအောင် ဖန်တီးပေးရမည်။

(၄) လွတ်လပ်ရေးအတွက် ဉာဏ်ပညာ အလိမ္မာနှင့်ယှဉ်သော အဂ္ဂဗျူဟာ တိုက်ပွဲစီမံကိန်းကြီးကို မူချရေးဆွဲပြီး ကျွမ်းကျွမ်းကျင်ကျင် အကောင်အထည်ဖော်နိုင်အောင် အသင့်ပြင်ဆင်ထားရမည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရာတွင် ကိုယ့်ကိုကိုယ် အားကိုးတတ်သည့် ပြည်တွင်းတော်လှန်ရေးအင်အားစု အုပ်စုရှိရမည်။ ၎င်းတို့အင်အားကောင်းလာအောင် ကြိုးစားရမည့်အချိန်လည်း ဖြစ်သည်။

တော်လှန်ရေးမအောင်မြင်မချင်း မလျော့သောဇွဲဖြင့် တော်လှန်အန်တုနိုင်မှသာ ခါးတပိုင်းကျိုးတော်လှန်ရေးအဖြစ် အဆုံးမသတ်သွားမှာ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင် ကိုယ့်ကိုကိုယ်အားကိုးတတ်သည့် စိတ်များလည်း တိုးပွားလာ၊ လူအင်အားလည်း တောင့်တင်း၊ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် ပါးနပ်သော စစ်ဆင်ရေးကိုလည်း နားလည်၊ စည်းကမ်းသေဝပ်၊ သတ္တိလည်း မနည်းသော စစ်မှန်သည့် အင်အားများ ရှိနေသည့်အခါတွင် အာဏာရှင်စနစ်ကို အပြီးသတ် အမြစ်လှန်နိုင်မှာ ဖြစ်သည်။

နွေဦးတော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးနှင့် နိုင်ငံရေးအန်တုမှုကို ဟန်ချက်ညီစွာ ပေါင်းစပ်လှုပ်ဆောင်ရမည့် အချိန်အခါကောင်း ဖြစ်ပါသည်။ စစ်အာဏာရှင်၏ ယုတ်မာရက်စက်မှုသည် ပြည်သူလူထုအကြား ဆက်လက်သည်းမခံနိုင်တော့သည့် ကာလကို ရောက်ရှိနေချိန်တွင် တော်လှန်ရေးကို တပေါင်းတစည်းတည်းနှင့် စနစ်ဆိုးကို ဖြိုချဖို့ လိုပါသည်။ ထိုအတွက် နိုင်ငံရေးအံတုမှုသည်လည်း အချိန်အခါကိုက် အသုံးပြုရမည့် တော်လှန်ရေးနည်းနာတစ်ခု ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Related Articles

Back to top button