သတင်းဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီလက်ထက် ဆိုးရွားလာသည့် လာဘ်ပေးလာဘ်ယူမှုများ

အာဏာသိမ်းစစ်ကောင်စီလက်ထက် ဆိုးရွားလာသည့် လာဘ်ပေးလာဘ်ယူမှုများ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သတင်းဆောင်းပါး | မင်းကျော်ဖေ
ဧပြီ ၃၊ ၂၀၂၄

 

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲလိမ် မဲခိုးသည်ဟု အကြောင်းပြပြီး အာဏာသိမ်းယူခဲ့သည်။

ထိုသို့ အာဏာသိမ်းယူပြီးနောက် စစ်တပ်က ဖွဲ့စည်းသည့် စစ်ကောင်စီလက်ထက်တွင် ဌာနဆိုင်ရာရုံးများ အပါအဝင် အခြားလုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူမှုများ ပိုမိုအားကောင်းလာခဲ့သည်။

ယခင်အာဏာသိမ်းစစ်အစိုးရ (အာဏာရှင်ဟောင်း ဦးသန်းရွှေ) လက်ထက် နှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့စဉ်ကတည်းက အရိုးစွဲလာခဲ့သည့် လာဘ်ပေးလာဘ်ယူခြင်းများသည် ၂၀၁၀ ခုနှစ် စစ်တပ်တစ်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရ (သမ္မတဟောင်း ဦးသိန်းစိန်) လက်ထက်တွင် ရာခိုင်နှုန်းအနည်းငယ်ခန့် ကျဆင်းခဲ့သေးသည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ခံ ဒီမိုကရေစီအရပ်သားအစိုးရ (သမ္မတဟောင်း ဦးထင်ကျော်၊ သမ္မတဦးဝင်းမြင့်) တို့ လက်ထက်တွင် ဌာနဆိုင်ရာများနှင့် အခြားသော လုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူမှု သိသိသာသာ ကျဆင်း လာခဲ့သော်လည်း မသိမသာ လာဘ်ယူမှုလာဘ်စားမှုတွေရှိခဲ့သည်။

“၂၀၁၆ ခုနှစ်တုန်းက မန္တလေးကမြို့နယ် တစ်ခုမှာ မှတ်ပုံတင် အရောင်မွဲပျက်စီးနေလို့ အသစ်ပြန်လုပ်တာ တစ်ပတ်လောက်ကြာတယ်။ ဒါတောင် မြို့နယ်ဦးစီးမှူးကို ကိုယ်တိုင်ဝင်တွေ့ပြီး ကျွန်တော် ဂျာနယ် သတင်းထောက်ပါ။ ရန်ကုန်မြို့မှာနေတာမို့ ခဏခဏခွင့်မရလို့ပါ။ ဖြစ်နိုင်မယ်ရင် နှစ်ရက်သုံးရက်နဲ့ လုပ်ပေးပါဆရာ။ မှတ်ပုံတင် ပျောက်ဆုံးတာလည်း မဟုတ်ပါဘူး။ ကဒ်အသစ်လဲတာပါ။ ပြီးတော့ ဘယ်လောက် ငွေကုန်မလဲမေးကြည့်တော့ မပေးရပါဘူးတဲ့။ လိုအပ်တဲ့ဖောင်လေးတွေဝယ်ပြီး ဖြည့်ပေးရင် ရပါပြီလို့ ဦးစီးမှူးက ပြောတယ်။ သူ့လက်ထောက်ကို လိုက်လုပ်ပေးဖို့ခိုင်းတယ်။ နောက်တစ်ပတ်အကြာ မှတ်ပုံတင်ရလို့ သူငယ်ချင်းကို သွားယူခိုင်းတယ်။ အရင်လုပ်ပေးတဲ့ ဦးစီးမှူးလက်ထောက်က သူ့ဆရာ လက်ဖက်ရည်ဖိုးဆိုပြီး ငွေ ၂၀၀၀ဝ တောင်းလို့ပေးခဲ့ရတယ်” ဟု သတင်းထောက်တစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

သတင်းထောက်တစ်ဦး ဖြစ်သည့်အတွက် အဆိုပါ ပမာဏသာတောင်းခြင်းဖြစ်ပြီး အခြားသူဆိုပါက ရက်ပိုင်းဖြင့် အမြန်လိုချင်ပါက သိန်းဂဏန်းထိ ပေးရကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယင်းကာလသည် အမျိုးသားစီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်စ ကာလဖြစ်ပြီး  အစိုးရကိုယ်တိုင်က ပြောင်းလည်းချိန်တန်ပြီဟူသည့် စကားနှင့်အတူ ပြုပြင်ပြောင်းလဲရေး စတင်လုပ်နေသည့် ကာလလည်း ဖြစ်သည်။

သတင်းများကို လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် ရနေချိန်လည်းဖြစ်သည်။ အကြောင်းအရာ တစ်ခုခု ဖြစ်ပွားပါက သတင်းဂျာနယ်များတွင် ပါဝင်လာပြီး လူသိများကာ အရေးယူခံရမည်ကိုလည်း ကြောက်နေရသည့်ကာလ ဖြစ်သည်။

တရားရုံး၊ ဆေးရုံအပါအဝင် အခြားဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများက ပြည်သူကို လူလိုသူလို ဆက်ဆံ နေချိန်ဖြစ်သည်။ ဌာနဆိုင်ရာရုံးတိုင်းနှင့် အခြားအဖွဲ့အစည်းများတွင် မူလ အကျင့်လာဘ်ပေးလာဘ်ယူမှုများကို ပေါ်ပေါ်ထင်ထင် မလုပ်ရဲသော်လည်း နောက်ကွယ်မှ လက်ဖက်ရည်ဖိုး အမည်ခံကာ ‌တောင်းယူမှုများ ရှိနေသည်။ ပြည်သူများကလည်း ယခင်အတိုင်း ပေးရမြဲဖြစ်သည်။ သို့သော် ယခင်ကဲ့သို့ အော်ငေါက်လည်းခံရ၊ တောင်းသလောက် လည်း ပေးရ အခြေအနေမျိုး မဟုတ်တော့ဘဲ သဒ္ဓါကြေးမဟုတ်တောင် ကြည်ဖြူစွာ ပေးနေရဆဲဖြစ်သည်။

“ကျွန်မ ခရီးသွားစရာရှိလို့ ရပ်ကွက်ရုံးထောက်ခံစာ သွားလုပ်တာ ထောက်ခံစာတစောင်ကို ငွေ ၅၀၀၀ ကျပ် တောင်းလို့ ပေးခဲ့ရတယ်။ ပြီးတော့ ဧည့်စာရင်းတိုင်လည်း တစ်ကြိမ်ကို ၃၀၀၀ ပေးရတယ်။ အရင်တုန်းကဆိုရင် ဧည့်စာရင်းပဲ တိုင်တိုင် ထောက်ခံစာပဲ ရေးရေး အလှူခံပုံးလေးမှာ စာရွက်စာတမ်းဖိုးဆိုပြီး စေတနာရှိသလောက် ထည့်လို့ရတယ်။ မထည့်လည်း ဘာမှမပြောဘူး။ အခုကတော့ ပေါ်တင်တောင်းတော့တာ” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဒေါ်ရတနာက ပြောသည်။

ထိုကဲ့သို့ဖြစ်ရပ်များစွာသည် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးများနှင့် အခြားအဖွဲ့အစည်းများတွင် ဖြစ်နေသည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ်မှတ်ယူနေကြသည်။ ပြည်သူများအမြဲထိတွေ့နေရသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိမြို့နယ်ရပ်ကွက်ရုံးများ၊ စည်ပင်သာယာရေး၊ လူဝင်မှုကြီးကြပ်ရေးဆေးရုံများ အပါအဝင်ဌာနဆိုင်ရာရုံးအားလုံးသည်အလုပ်ကိစ္စကြီးငယ်အလိုက် အရပ်စကားနှင့် ပြောရလျှင်ရေမလောင်းပါက အဆင်ပြေမည်မဟုတ်မှာသေခြာသည်။

နိုင်ငံနှင့်အဝှမ်းတိုင်းဒေသပြည်နယ်အသီးသီးတွင် လာဘ်ပေးလာဘ်ယူမှုများသည် မူကွဲပုံစံတူများချည်း ဖြစ်နေသည်။ ဝေးလံခေါင်ဖျားပြီး ဆက်သွယ်ရေးခက်ခဲသည့် တိုင်းရင်းသားဒေသများတွင် ဗမာစကားအားနည်းမှုဌာနဆိုင်ရာ ရုံးများနှင့် ပတ်သက်သည့် အတွေ့အကြုံအားနည်းခြင်းများကြောင့် လာဘ်ပေးရာ၌ ပိုမိုပေးဆောင်နေကြရသည်။

ယခင် ဒီမိုကရေစီအစိုးရလက်ထက်အတွင်း အနည်းငယ် ပြောင်းလည်းလာသယောင်ရှိခဲ့သည့် လာဘ်ပေးဘ်ယူမှု များသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ယခင့်ယခင်ထက် များစွာပိုဆိုးလာ ခဲ့သည်မှာ ကြုံဖူးသူတိုင်း မငြင်းနိုင်သည့် အချက်ဖြစ်သည်။ မည်သည့် ဌာနဆိုင်ရာရုံးမဆို ကိစ္စအကြီးအငယ်လိုက် လာဘ်ပေးနိုင်မှအဆင်ပြေမည်ဖြစ်သည်။

ကျောင်သားလေး အသက်၁၂ ပြည့် မှတ်ပုံတင်လုပ်ရာတွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) မှ ပွဲစားက တစ်ဆင့် ငွေသုံးသိန်းတောင်းခြင်းကြောင့် မလုပ်တော့ဘဲ ပြန်ခဲ့ကြောင်း မိတ်ဆွေတစ်ဦးကပြောဖူးသည်။

ယခုအခါ စာရေးသူတို့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ကို မလိုလားသဖြင့် ပြည်သူအများစုမှ ဆန့်ကျင် တော်လှန်ခဲ့သည့် နွေဦးတော်လှန်ရေးကြီး ဆင်နွှဲတိုက်ခိုက်နေချိန်ဖြစ်သည်။ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှလည်း မိမိတို့ဒေသလွတ်မြောက်ရေးအတွက် တိုက်ယူနေချိန်လည်းဖြစ်သည်။

တစ်ချိန်တွင် စစ်အာရှင်စနစ်ချုပ်ငြိမ်းပြီး ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ် ထွန်းကားလာချိန်တွင် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသများတွင် ပြည်သူကို တန်ဖိုးထားသည့် ပြည်သူ့ဝန်ထမ်းကောင်းများ ထွက်ပေါ်လာပြီး လာဘ်ပေးလာဘ်ယူမှုများလည်း အာဏာရှင်စနစ်နှင့်အတူ အပြီးတိုင် ပျောက်ကွယ်ပါစေလို့ သာဆုတောင်းရပါသည်။   ။

Related Articles

Back to top button