သတင်းဆောင်းပါး

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော – ၄

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော – ၄

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ထိန်မောင်နော်တောင် | သတင်းဆောင်းပါး

အပိုင်း (၄)

၅။ တော်လှန်ရေးအင်အားစုများ

တော်လှန်ရေးအင်အားစုများဟု ဆိုရာတွင် စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ခိုက်နေကြသော အင်အားစု အားလုံးကို ဆိုလိုသည်။ လက်ရှိ စစ်ကောင်စီအား မြေပြင်စစ်ရေး တိုက်ခိုက်ရာ၌ အောင်မြင်မှုများ ရရှိနေသည်ကို တွေ့ရှိရသည်။

.

(က) မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ၎င်းတို့လိုချင်သော ပန်းတိုင်၏ ၇၀ ရာခိုင်နှုန်းခန့် ပြီးမြောက်ပြီဟု ဆိုနိုင်သည်။ ထိုသုံးဖွဲ့ထဲမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့သည် ရည်မှန်းချက်အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိတော့ပေ။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့်ဟု ဆိုသော်လည်း ထိုသို့ အခြေအနေရောက်လာမည်ကို လူအများကကြိုတင် ခန့်မှန်းတွက်ဆပြီးဖြစ်သည်။

.

လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ရခိုင်ပြည်နယ်၏ နယ်မြေအများစုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှု မဖြစ်ပေါ်လာနိုင်ဟု မဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် တရုတ်အစိုးရသည် ၎င်းတို့၏ အကျိုးအမြတ်အား ထိခိုက်စေနိုင်သည့် ကိစ္စမျိုးမလိုလားပေ။ ယခင်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ နှင့် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီတို့ သဘောတူညီခဲ့သည့် ရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်းထောင်ချီ တန်ဖိုးရှိသော ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းအား  စစ်ကောင်စီနှင့် CITIC တို့သည် ပြန်လည်ပြင်ဆင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုအခြေအနေသည် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်ကြား တရုတ်အစိုးရ ကြားဝင်လာနိုင်သည်ဟု ဆိုရမည်။ တဖက်တွင်လည်း ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် တရုတ်၏ ကြားခံမှုကို လိုလားတောင့်တနေမည်မှာ အမှန်ပင်ဖြစ်သည်။

.

(ခ) K3C, NUG, C3C, J2C

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ပါဝင်သည့် K3C အဖွဲ့နှင့် အခြား EAO ဖွဲ့တို့သည် NUG အပါအဝင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အင်အားစုတို့နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

.

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C)၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) တို့ကို စုဖွဲ့ထားနိုင်ခဲ့သည်။ ထို့နောက် တိုင်းစစ်ဒေသ Military Division Command (MDC) စစ်တိုင်း ၃ ခုအား ဖွဲ့စည်းခဲ့သည်။ MDC1 မြောက်ပိုင်းစစ်ဒေသခေါ် အမှတ် (၁) စစ်ဒေသ၊ MDC2 တောင်ပိုင်းစစ်ဒေသခေါ် အမှတ် (၂) စစ်ဒေသ၊ MDC3 အလယ်ပိုင်း စစ်ဒေသခေါ် အမှတ် (၃) စစ်ဒေသတို့ဖြစ်သည်။

.

စစ်ဒေသ (၁) MDC1 တွင် ကချင်၊ ချင်း ၊ ရှမ်းမြောက်၊ စစ်ကိုင်း ၊ မကွေး ၊ မန္တလေးတို့ပါဝင်ပြီး  KIA ၏ C3C စစ်ရေး ဦးဆောင်မှုအောက်တွင် စစ်ရေးလှုပ်ရှားများဆောင်ရွက်လျက်ရှိကာ စစ်ဒေသမှုး (စစ်ဦးစီးချုပ်) ဒုဗိုလ်ချုပ်ကြီး R Hkawng Lum နှင့် ခရိုင်မှူးများ ကွပ်ကဲသည်ဟု ဆိုသည်။ တောင်ပိုင်းစစ်ဒေသခေါ် စစ်ဒေသ (၂) MDC2 ၏ COC သည် KNU ဦးဆောင်သော J2C ဖြစ်ပြီး စစ်ဒေသ (၂) ထဲတွင်မူ ကရင်၊ ရန်ကုန်၊ ပဲခူး ၊ ဧရာဝတီ၊ တနင်္သာရီ တို့ပါဝင်ကာ စစ်ဒေသမှုး (စစ်ဦးစီးချုပ်) အနေဖြင့် KNU ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဘောကျော်ဟဲ နှင့် တပ်မဟာ ၃ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးတရော် တို့က တာဝန်ယူ ဆောင်ရွက်နေသည်ဟု ဆိုသည်။ ထို့အတူ အလယ်ပိုင်းစစ်ဒေသခေါ် စစ်ဒေသ (၃) MDC3 ရှမ်းတောင်၊ ကရင်နီ၊ နေပြည်တော် တို့ပါဝင်ပြီး စစ်ဒေသမှူး (စစ်ဦးစီးချုပ်) အနေဖြင့် KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် မှ တာဝန်ယူသည်။ နေပြည်တော် စစ်ဒေသခွဲအား MDC2 နှင့် ပူးပေါင်းလှုပ်ရှား၍ KNLA တပ်မဟာ ၂ တောင်ငူခရိုင် တပ်မဟာမှူးသည် စစ်ဒေသခွဲ ကွပ်ကဲပြီး ဒုစစ်ဒေသခွဲမှူးသည် NUG မှ ဖြစ်သည်ဟု သိရသည်။

.

ဤသို့သော အခြေအနေများကို ကြည့်မည်ဆိုပါက စစ်ကောင်စီအား စစ်ရေးအရတုန့်ပြန်ရန် ၎င်းအဖွဲ့အစည်းများကြား ပူးပေါင်းကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးတို့ကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ကွပ်ကဲဆောင်ရွက်လျက်ရှိသည်ဟု ဆိုရမည်။ ထို့အပြင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အင်အားကြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်ကြဖြစ်သည့် Karenni National Defense Force (KNDF), Kachin People’s Defense Force (KPDF), Chinland Defense Force (CDF) တို့လို အဖွဲ့အစည်းများသည်လည်း C3C နှင့် ပူးပေါင်းချိတ်ဆက်လျက် ရှိသည်။ အလားတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်ဖွဲ့သည်လည်း ၎င်းတို့ အခြေချနယ်မြေရှိ EAO များနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက် ရှိနေသည်။

.

ထိုသို့ NUG ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းချိတ်ဆက်မိသွားခြင်းသည် လက်ရှိနွေဦးတော်လှန်ရေး အောင်မြင်မှုရရှိရန်နှင့် ပြည်သူလူထု မျှော်လင့်နေသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ တက်လမ်းနိုင်ရန် လမ်းစဟု ရှုမြင်မည်ဆိုပါက မြင်နိုင်သည်။

.

လက်ရှိအချိန်သည် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီထက် နိုင်ငံရေး၊ စစ်ရေး အဖက်ဖက်တွင် အသာရရှိနေချိန်ဖြစ်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် မိမိလူမျိုး တစ်မျိုးတည်းလွတ်မြောက်ဖို့ထက် အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ဦးစားပေးလုပ် ဆောင်မည်ဆိုပါက မိမိတို့လူမျိုး၊ အမျိုးသားလွတ်မြောက်မှုလည်းရ၊ ဘုံရန်သူလည်းကျဆုံး တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို အချိုပေါ်သကာလောင်း ရလိုက်မည်ဖြစ်သည်။

.

ဤသို့မဟုတ် မိမိတစ်မျိုးသားတည်းလွတ်မြောက်ဖို့ရန် ကိုယ်လွတ်ရုန်းသွားသော် တချိန်ချိန်တွင် မြန်မာစစ်တပ်၏ ပြန်လည်ရန်စ တိုက်ခိုက်ခြင်းကိုခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးသည် အဘယ့်ကြောင့် ကြာရှည်နေရသည်ဆိုသည်မှာ သာဓက ပေါင်းများစွာ ဖြစ်ပျက်ခဲ့ပြီး၍ မြင်နိုင်သည်။

.

ထို့ကြောင့် ယနေ့အချိန်အခါသည် နှစ်ပေါင်းများစွာ သက်ဆိုးရှည်ကြာကာ မြန်မာပြည်၊ မြန်မာပြည်သူနှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံအကြား ဂုတ်သွေးစုပ် အနိုင်ကျင့်ဗိုလ်ကျနေသော အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်တို့ မြန်မာ့မြေပေါ်မှ အပြီးပိုင် နိဂုံးချုပ်ရမည့် အချိန်ကောင်းဖြစ်သောကြောင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်ကြပါစို့ဟု တိုက်တွန်းလိုက်ပါရစေ။

Related Articles

Back to top button