သတင်းဆောင်းပါး

ကျောင်းပြင်ပပြောင်းရွေ့နေထိုင်ခွင့် ပိတ်ပင်ခံရတဲ့ ရှမ်းတောင်နဲ့ ရှမ်းရှေ့က တက္ကသိုလ်ဝန်ထမ်းများ

ကျောင်းပြင်ပပြောင်းရွေ့နေထိုင်ခွင့် ပိတ်ပင်ခံရတဲ့ ရှမ်းတောင်နဲ့ ရှမ်းရှေ့က တက္ကသိုလ်ဝန်ထမ်းများ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

သတင်းဆောင်းပါး | သူရိန်ကျော်

စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ တက္ကသိုလ်တွေရှိ Non CDMပညာရေးဝန်ထမ်းတွေအနေနဲ့ အခုဇန်နဝါရီလ၊ ပထမပါတ်က စတင်ပြီး ကျောင်းပြင်ပပြောင်းရွေ့နေထိုင်ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။

.

 တောင်ကြီး၊ အေးသာယာ၊ ပင်လုံ၊ ကျိုင်းတုံစတဲ့မြို့တွေမှာရှိတဲ့ တက္ကသိုလ်တွေအားလုံးမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ Non CDMဝန်ထမ်းတွေအနေနဲ့ တက္ကသိုလ်ဝန်းထဲမှာရှိတဲ့ ဝန်ထမ်း အိမ်ယာ တွေမှာသာ နေထိုင်ကြဖို့နဲ့ ကျောင်းဝန်းပြင်ပကို ရွေ့ပြောင်းနေထိုင်တာ လုံးဝမပြုလုပ်ကြဖို့ ပါမောက္ခချုပ် အမိန့်နဲ့ ညွှန်ကြားစာထုတ်ပြီး တားဆီးပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

.

အဲဒီညွှန်ကြားစာထဲမှာတော့ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် တက္ကသိုလ် ဝန်ထမ်း အိမ်ယာအဆောက်အဦတွေမှာသာ မဖြစ်မနေနေထိုင်ရမယ်လို့ ဖော်ပြထားသလို တက္ကသိုလ် ဝန်းထဲမှာ နေထိုင်ကြသူတွေအနေနဲ့ ည၇နာရီကျော်လွန်ပါက ကျောင်းပြင်ပကို ထွက်ခွာသွားလာတာတွေ မပြုလုပ်ကြဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

.

“အရင်ကတော့ လိုင်းခန်းမှာမနေချင်ရင် အပြင်မှာနေလို့ရတယ်။ ကျောင်းလာရင်တော့ ဂိတ်မှာ ဝန်ထမ်းဆိုရင် ဝန်ထမ်းကဒ်ပြပြီးဝင်ရတယ်၊ ဝန်ထမ်းမိသားစုဝင်တွေဆိုရင် ဘယ်ဝန်ထမ်းရဲ့ မိသားစုဝင် ပါဆိုပြီး လက်မှတ်ထိုးဝင်ရတယ်။ ဘယ်အချိန်ပြန်ထွက်လဲဆိုတာပါ ထိုးရတယ်။ ကျောင်းသားတွေက ကျောင်းသားကဒ်ပြပြီးဝင်ရတာပေါ့”လို့ တောင်ကြီးတက္ကသိုလ်ဝန်ထမ်းတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

.

လက်ရှိမှာတော့ ပြင်ပမှာနေအိမ်၊ အခန်းငှားရမ်းနေထိုင်နေကြတဲ့ တက္ကသိုလ်ဝန်ထမ်းတွေအနေနဲ့ ကျောင်းအတွင်းမှာသာ ပြန်လည်နေထိုင်ကြဖို့၊ ကျောင်းရဲ့အတွင်းသတင်းတွေ ပေါက်ကြားမှုမရှိအောင် သတိထားဖို့နဲ့ ပြင်ပအန္တရာယ် တစ်စုံတစ်ခုကျရောက်လာပါက ထိခိုက်မှုမရှိအောင် ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားတာပါ။ ဒီညွှန်ကြားချက်ကို တက္ကသိုလ်ဝန်ထမ်းအများစုကတော့ လက်ခံသဘောမတူ ကြပေမဲ့ လက်ရှိအချိန်ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေအားလုံးဟာ အမိန့်အတိုင်းသာလုပ်ဆောင်ရတာဖြစ်တာကြောင့် ဘယ်လိုမှမတတ်နိုင်ဘဲ လက်မှိုင်ချပြီး နေနေရတာ ဖြစ်တယ်လို့ ဝန်ထမ်းတွေက ပြောဆိုနေကြပါတယ်။

.

“ပြင်ပ လုံခြုံရေးဝန်ထမ်းခေါ်ယူပေမယ့် လျှောက်ထားသူမရှိဘူး။ အရင်က စစ်တပ်က လုံခြုံရေးဂိတ် တွေသာ လာဖွင့်ပြီး အင်အား ၂ ဦးကနေ ၅ ဦးအထိရှိခဲ့ပေမဲ့ လက်ရှိမှာတော့ လက်နက်ကြီးအပါအဝင် လက်နက်အင်အားအပြည့်အစုံနဲ့ လာရောက်တပ်စွဲထားပြီ။ ဒရုန်းဖျက်စက်တွေပါ တပ်ဆင်ထားတယ်။ ကျောင်းအားကစားရုံတွေ၊ အားကစားကွင်းတွေမှာလည်း အရင်လို အားကစားလုပ်သူတွေမရှိတော့ဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကြီးတက္ကသိုလ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

.

ဒါ့အပြင် ပြင်ပလူ အလွယ်တကူဝင်လို့မရအောင် ဝန်းတံခါးတွေကို သံကြိုးတွေနဲ့ အထပ်ထပ် သော့ခတ် ထားတဲ့အပြင် တက္ကသိုလ်ဝင်ပေါက်ကနေ စာသင်ခန်းအဆောင်တွေ၊ ရုံးခန်းအဆောင်တွေ၊ ဝန်ထမ်း အိမ်ရာ တွေရှေ့အထိ အတားအဆီးအကာအရံတွေ ချထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

.

အဲဒီတက္ကသိုလ်အားလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် ကျောင်းလုံခြုံရေး ဝန်ထမ်း တွေပါ လုံခြုံရေးချထားပြီး ပြင်ပလူဝင်ရောက်ခွင့်ကို တားမြစ်ထားသလို အကြောင်းကိစ္စတစ်ခုခုကြောင့် အရေးပေါ်ဝင်ရောက်လိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ကို ဂိတ်ဝမှာအပ်ထားခဲ့ရပါတယ်။

.

“စစ်ကောင်စီတပ်သားတွေကလည်း နေ့ခင်းကြောင်တောင် သောက်စားမူးယစ်ပြီး မိန်းကလေးတွေကို ထိပါးနှောင့်ယှက်မှုတွေရှိနေတယ်။ အရင်တုန်းကတော့ ” လို့ တက္ကသိုလ်ကျောင်းသူတစ်ဦးကလည်း ပြောပါတယ်။

.

တက္ကသိုလ်ဝန်ထမ်းမိသားစုဝင်တွေထဲမှာ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွှယ်တာရှိ/မရှိ၊ PDF တွေကို ထောက်ပံ့နေတာရှိမရှိစစ်ဆေးနေပြီးတော့ ဝန်ထမ်းတွေကို အလှည့်ကျနဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဇီးပင်ကြီး)သင်တန်းသွားတက်ခိုင်းနေတယ်လို့ သိရပါတယ်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက အမျိုးမျိုး ဖိအားတွေပေးနေတာဖြစ်တယ်လို့ တောင်ကြီးတက္ကသိုလ်က Non CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဆရာ/ဆရာမနဲ့ ဝန်ထမ်းတွေကလည်း စစ်အာဏာသိမ်း မှုကို ဆန့်ကျင်ခဲ့ကြပြီး နောက်ပိုင်းမှာ လုံခြုံရေးအပါအဝင် မိသားစုအခက်အခဲတွေကြောင့် စစ်ကောင်စီ ရဲ့ ဝန်ထမ်းအဖြစ် ပြန်လည်ထမ်းဆောင်နေကြရတာလည်း ဖြစ်ပါတယ်။

.

စစ်ကောင်စီအနေနဲ့ အခုလိုတင်းကြပ်လိုက်တာဟာ ဝန်ထမ်းတွေအတွက်သာမက ဝန်ထမ်းမိသားစုဝင် တွေအတွက်ပါ ပညာရေး၊ လူမှုရေးနဲ့ အလုပ်အကိုင်၊ စီးပွားရေးလုပ်ကိုင်ရာမှာ စိန်ခေါ်မှုတွေရှိလာနေပြီး လုံခြုံရေးကိစ္စတွေပါ စိုးရိမ်လာရသလို လူမှုရေးဆက်ဆံရေးကိစ္စတွေမှာပါ ဝင်ရောက်စွတ်ဖက်တာတွေ ကြုံတွေ့လာရတယ်လို့ သိရပါတယ်။

.

“အပေါင်းအသင်းတွေလာတာ၊ အလုပ်ကိစ္စအတွက် မိတ်ဆွှေတွေလာတယ်ဆိုရင်လည်း ဘယ်သူလဲ၊ ဘာကိစ္စအတွက်လာတာလဲ၊ ဘယ်နှနာရီကြာမှာလဲ ဒီလောက်အထိဝင်စွတ်ဖက်လာတယ်။ မသင်္ကာတဲ့ အကြည့်နဲ့ အကြည့်ခံရတယ်။ ကလေးတွေ ကျောင်းထားတာတောင် ကိုယ်ပိုင်ကျောင်းမထားရဘူး၊ အစိုးရကျောင်းမှာပဲ ထားခိုင်းတာ။ သမီးမိန်းကလေးပျိုတွေရှိတဲ့မိသားစုတွေဆို ညနေလောက်ဆိုရင် ဂိတ်ကိုမဖြတ်ခိုင်းရတော့ဘူး”လို့ တက္ကသိုလ်ဝန်ထမ်း ကိုမျိုးနိုင်(အမည်လွှဲ)က ပြောပါတယ်။

.

အဲဒီလိုအခြေအနေတွေကြုံတွေ့နေရတာကြောင့် ဝန်ထမ်းအများစုဟာ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ပေမယ့် လက်ရှိအချိန်မှာ CDMပြုလုပ်ဖို့ မလွယ်ကူတော့တာ ကြောင့် ကျန်းမာရေးကိစ္စကိုအကြောင်းပြုပြီး အလုပ်ထွက်စာတင်တာ၊ အထက်တာဝန်ရှိသူတွေကို လာဘ်ငွေပေးဆောင်ပြီး အလုပ်ထွက်ခွင့်တောင်းတာစတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြပြီး တကယ်လို့အဲဒီနည်းလမ်းတွေနဲ့ အဆင်ပြေပါက ရရာနည်းလမ်းနဲ့ CDMပြုလုပ်ပြီး တိမ်းရှောင်ဖို့ကြိုးစား သွားမယ်လို့ ဆိုပါတယ်။

.

စစ်ကောင်စီတပ်ကလည်း တက္ကသိုလ်ဝန်းတွေထဲမှာ အခိုင်အမာတပ်စွဲပြီး စစ်ရေးခံတပ်သဖွယ် ပြင်ဆင်မှုတွေပြုလုပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေသာ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဓားစာခံအဖြစ် အသုံးချလာနိုင်တာကြောင့် စစ်ကောင်စီ လက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ကြဖို့ ဒေသအရေးစောင့်ကြည့်လေ့လာသူတွေကလည်း တိုက်တွန်း ပြောဆိုနေကြပါတယ်။

Related Articles

Back to top button