ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တတိယတော်လှန်ရေးကို ဆင်နွှဲနေကြောင်း PNFC ဥက္ကဌ ခွန်မြင့်ထွန်းပြော
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၊ ၂၀၂၄
နွေဦးတော်လှန်ရေးမှာ ပအိုဝ်းအင်အားစုတွေ ပါဝင်ဆင်နွှဲနေကြတာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောဆိုလိုက်ပါတယ်။
ပအိုဝ်းဒေသအတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ ပအိုဝ်းဖြူနဲ့ ပအိုဝ်းနီအကြား၊ ပအိုဝ်းအချင်းချင်းကြား ဖြစ်ပွားတဲ့ပဋိပက္ခ မဟုတ်သလို PNOနဲ့ PNLO အကြား၊ PNOနဲ့ PNFC အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခမဟုတ်ဘူးလို့ စစ်ကောင်စီက ပအိုဝ်းအမျိုးသားဝတ်စုံဖြင့် စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခိုင်းတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အခုလို ပြောဆိုလိုက်တာပါ။
“ကျနော်တို့၂၀၀၉ခုနှစ်က ပြုလုပ်ခဲ့တဲ့ ပအိုဝ်းအမျိုးသားညီလာခံကနေပြီးတော့ PNLO/PNLAကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီဖွဲ့စည်းပြီးကတည်းက ပအိုဝ်းနီလည်းမဟုတ်တော့ဘူး၊ ပအိုဝ်းဖြူလည်းမဟုတ်တော့ဘူး၊ ပအိုဝ်းအနက်တွေလို့ ခံယူခဲ့ကြပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ ပအိုဝ်းအင်အားစုတွေ ပါဝင်ဆင်နွှဲနေကြတာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တတိယတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်လို့ပဲ တင်ပြချင်ပါတယ်”လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
လက်ရှိမှာ PNLO/PNLAနဲ့ စစ်ကောင်စီတပ်တို့အကြား ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပအိုဝ်းပြည်သူ့စစ် PNOက ပအိုဝ်းအမျိုးသားဝတ်စုံနဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေခဲ့ကာ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်က ပအိုဝ်းတွေနဲ့ တခြားသောစစ်အာဏာရှင်တွေကိုဆန့်ကျင်နေကြတဲ့ညီနောင်တိုင်းရင်းသားတွေအကြားမှာ ရန်တိုက်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပအိုဝ်းဒေသ လူနေကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာ၊ လူနေအိမ်တွေ၊ ဘာသာရေးနဲ့ အခြားအဆောက်အဦတွေထိခိုက်ပျက်စီးတာတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေနဲ့ပါတ်သက်ပြီး ခွန်မြင့်ထွန်းက “တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲနေတာက တော်လှန်ရေးတပ်ဖွဲ့တွေကိုသူတို့က မနိုင်တော့တဲ့အခါကြတော့ လူထုကိုနှိပ်စက်ပြပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်တာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
PNLO/PNLAနဲ့ PNFCရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဆီဆိုင်ဒေသရဲ့နေရာအများစုကို သိမ်းပိုက်ထားပြီး ဟိုပုံးဒေသကို ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။