သတင်း

လောက်ကိုင်ကိုပို့လိုက်တဲ့ စစ်ကောင်စီ တပ်ရင်း တစ်ရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

လောက်ကိုင်ကိုပို့လိုက်တဲ့ စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၅၊ ၂၀၂၃
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကို ပို့လိုက်တဲ့ စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး ပြည်သူ့ရင်ခွင်ထံခိုလှုံအလင်းဝင်သွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
 
ကလောမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ-၅၅ကနေ လောက်ကိုင်ကို စစ်ကူပို့လိုက်တဲ့ တပ်ရင်း တစ်ရင်းလုံးဟာ လောက်ကိုင်ကိုရောက်ပြီးနောက်တစ်ရက်မှာပဲ အလင်းဝင် သွားတာဖြစ်တယ်လို့ သိရပါတယ်။
 
“ကလောတပ်မ၅၅ရဲ့အင်အားအများစုက အရင်ကတည်းက စစ်တိုက်ဖူးတဲ့ အတွေ့အကြုံရှိတာ မဟုတ် ဘူး။ နောက်တစ်ခုက ကလောဒေသခံတွေနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရှိတယ်။ အဲလိုလူတွေကို ရှေ့တန်းပို့လိုက်တော့ တန်းပြီးအလင်းဝင်သွားတာပေါ့” လို့ အဆိုပါသတင်းရင်းမြစ်က FJMMကို ပြောပါတယ်။
 
အင်အား ၇၀ကျော်ရှိတဲ့ အဆိုပါတပ်ရင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ တတိယပါတ်အတွင်းက ကလော တပ်မ-၅၅ကနေ စတင်ထွက်ခွာသွားတာဖြစ်ပြီး ကလော-ရပ်စောက်-ကျောက်ဂူ-နောင်ချို-လားရှိုး −သိန်းနီ-ကွမ်းလုံလမ်းကနေ လောက်ကိုင်ကိုပို့လိုက်တာဖြစ်ပေမယ့် ဒီကနေ့မှာတော့ တပ်ရင်း တစ်ရင်းလုံးအလင်းဝင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့က အောက်တိုဘာလ ၂၇ရက်ကစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ခန့်နဲ့ မြို့ ၇မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို လက်နက်ချအလင်းဝင်လာသူ ရာဂဏန်းအထက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button