သတင်း

ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲမှာ စစ်သားများ စခန်းစွန့်ထွက်ပြေး

ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲမှာ စစ်သားများ စခန်းစွန့်ထွက်ပြေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၀၊ ၂၀၂၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်ရှိ စစ်ကောင်စီ ထယ်ဘွေး အထိုင်ချစခန်းကို တိုက်ခိုက်ခံရချိန် စစ်သားများက စခန်းကို စွန့်ခွာ ထွက်ပြေး သွားတယ်လို့ သိရပါတယ်။

အဲဒီ စခန်းစွန့်ခွာပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်က လိုက်လံ ရှာဖွေ နေတယ်လို့ CDF- မတူပီ ဘက်က သတင်းထုတ်ပြန် ထားပါတယ်။

စခန်းစွန့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ စစ်သားများဟာ ဆင်ဖြူတိုက်ပွဲလို့ အမည် ပေးထားတဲ့ ချင်းပူးပေါင်းတပ် ဖွဲ့တို့ရဲ့ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲမှာ တိုက်ခိုက်ခံရချိန် ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားတဲ့ စစ်သားများကို ချင်းပူးပေါင်းတပ်ဖွဲ့များကို နယ်မြေရှင်းလင်း လိုက်လံ ရှာဖွေ နေတာကြောင့် အချိန်မရွေး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနိုင်တယ်လို့လည်း အသိပေးထား ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇ နာရီခွဲစတင်တဲ့ ဆင်ဖြူတိုက်ပွဲ (Vui Bawk) စစ်ဆင်ရေးလို့ အမည် ပေးထားတဲ့ ထယ်ဘွေးကျေးရွာက ခြေလျင်တပ်ရင်း၊ ခလရ (၃၀၄)လက်အောက်ခံ ထယ်ဘွေး အထိုင်ချ စစ်စခန်းသိမ်း တိုက်ပွဲမှာတော့ CDF မတူပီ၊ CNO/CNDF၊ CDF- မင်းတပ်၊ CDF – Lautu တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီနောက် ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် စစ်ကောင်စီစခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး CDF – မတူပီ အလံကို စိုက်ထူနိုင်ခဲ့တယ်လို့ ဓါတ်ပုံ မှတ်တမ်းနှင့်တကွ ထုတ်ပြန်ပါတယ်။

စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနေချိန်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်ရေး ပစ်မှတ်မဟုတ်တဲ့ ဗန်ကိုင်းကျေးရွာနှင့် လေဆင်ကျေးရွာတို့ကို စစ် ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲ တိုက် ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး သေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Matupi CDF

Related Articles

Back to top button