ပလက်ဝ စစ်ဘေးရှောင်များအတွက် WFP ကပေးတဲ့ရိက္ခာ ကန့်သတ်ပိတ်ပင်ခံရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၀၊ ၂၀၂၃
ချင်းပြည်နယ်၊ ပလက်ဝမြို့ထဲက စစ်ဘေးရှောင်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပေးတဲ့ ဆန်တွေကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း စစ်ဘေးရှောင်တွေအတွက် ပေးတဲ့ဆန်တွေကို အနောက် ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
” စားနပ်ရိက္ခာက အခက်အခဲကြုံနေကြပါတယ်။ ရိက္ခာအပြည့်ရှိပါတယ်။ ဒါပေမဲ့ ထုတ်မပေးဘူး။ နပခ တိုင်းမှူးက အမိန့်မရလို့ ထုတ်မပေးဘူးလို့ သိရပါတယ်။ အခု စစ်ဘေးရှောင်တွေလည်း အခက်အခဲ ကြုံနေကြတယ်။ မြို့ခံတွေလည်း အခက်အခဲကြုံနေကြပါတယ်”
စစ်ကောင်စီက စားနပ်ရိက္ခာတွေကို ကန့်သတ်ထားတဲ့အတွက် စစ်ဘေးရှောင် တွေရဲ့ စားရေး သောက်ရေးဟာ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
“စားရေးသောက်ရေးက လုံးဝအဆင်မပြေဘူး။ နည်းနည်းပါးပါးရှိတဲ့ လူတွေ ဆီက ချေးငှားပြီးတော့ စားနေရပါတယ်။ WFP က ပေးလာမယ့်ဟာကို အားလုံးက မျှော်နေကြတာပါ။ ပြီးခဲ့တဲ့လအတွက် WFP က ဆန်မပေးသေးဘူး။ စစ်ကောင်စီက ခွင့်မပြုတဲ့အတွက် ပေးလို့မရဘူး”
စစ်ဘေးရှောင်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က လှူဒါန်းပေးတဲ့ ဆန်အိတ် ၃၀၀၀ ကျော်ကို မြို့မအားကစား ခန်းမမှာ စစ်ကောင်စီက ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။
ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းခန့်အထိရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓါတ်ပုံ – Getty ပုံဟောင်း။