သတင်း

မြန်မာစစ်ဘေးရှောင်များအရေး ကူညီပေးသွားမယ့်လို့ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်လောင်းပြော

မြန်မာစစ်ဘေးရှောင်များအရေး ကူညီပေးသွားမယ့်လို့ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်လောင်းပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၆၊ ၂၀၂၃
 
မြန်မာပဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြန်မာစစ်ဘေးရှောင်များ အတွက် အတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်လောင်းလည်း ဖြစ် Zoram People’s Movement (ZPM) ပါတီ ခေါင်းဆောင်လည်းဖြစ်သူ ပူးလာလ်ဒိုအောမ်မာက ဒေသတွင်း မီဒီယာများရဲ့ မေးမြန်းမှုကတဆင့် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
 
အခု Zoram People’s Movement (ZPM) ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ် ၀န်ကြီးချုပ်လောင်းလည်း ဖြစ်တဲ့ ပူးလာလ်ဒိုအောမ်မာဟာ အစိုးရသစ်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အုပ်ချုပ် ရေးမှူး (Governor)ကို ဒီကနေ့ တွေ့ဆုံပြီးနောက် သတင်းထောက်များနဲ့ တွေ့ဆုံမေးမြန်းချိန် မြန်မာ စစ်ဘေးရှောင်ကိစ္စနှင့် ပက်သက်ပြီး အိန္ဒိယဗဟိုအစိုးရနှင့်လည်း မကြာခင်မှာ တွေ့ဆုံဆွေးနွေး သွား မယ်လို့ မီဒီယာများရဲ့ မေးမြန်းမှုမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။
 
ဒါ့အပြင် မြန်မာ စစ်ဘေးရှောင်အရေးနဲ့ ပတ်သက်ပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးရာ ၀န်ကြီး တို့နှင့်လည်း တယ်လီဖုန်းဖြင့် စကားပြောဆိုရာမှာလည်း အိန္ဒိယ၏ မြန်မာအပေါ်ထားရှိသော ပေါ်လစီ စသည့် အကြောင်း အရာများကိုလည်း ဆွေးနွေးခဲ့ ကြသည့်အပြင် နယူးဒေလီမြို့သို့ သွား ရောက်ပြီး လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။
 
Zoram People’s Movement (ZPM) ပါတီဟာ ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် ၄၀ ယှဉ်ပြိုင်ရာ ၂၇ နေရာထိ အများဆုံးဖြင့် အနိုင်ရရှိ ထားတာကြောင့် မကြာခင်ရက်ပိုင်းထဲမှာ အစိုးရအသစ် ဖွဲ့စည်းနိုင်တော့မှာ ဖြစ်ပါတယ်။
 
လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ ရွေးကောက်ပွဲ အနိုင်ရရှိထားတဲ့ Zoram People’s Movement (ZPM) ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမယ့် မီဇိုရမ်ပြည်နယ် အစိုးရသစ်ကို တရား၀င် အာဏာလွဲပြောင်းပေးမှာဖြစ်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အိမ်တော် Raj Bahwan မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနား ကျင်းပသွားမယ်လို့ သိရပါတယ်။
 
ပါတီသက်တမ်း ၆ နှစ်သာ ရှိသေးတဲ့ Zoram People’s Movement (ZPM) ပါတီဟာ အခုတော့ ပထမဦးဆုံးအကြိမ် ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
 
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာတော့ လက်ရှိ မြန်မာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော် ခိုလှုံလျှက် ရှိနေတယ်လို့ သိရပါတယ်။
 
ကိုးကား – India Local News – Northeast Live, Khonumthung Burmese
ဓါတ်ပုံ – Khonumthung Burmese

Related Articles

Back to top button