သတင်း

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သား သုံးရာကျော်သေဆုံးမှုရှိ

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သား သုံးရာကျော်သေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄ ၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ အရပ်သား သေဆုံးမှု ၃၀၉ ဦးထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရပါတယ်။

စစ်ဆင်ရေး စတင်ပြီးနောက် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုများက စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသလို စစ်ကောင်စီတပ်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်မှုများ ရှိနေသောကြောင့် တနိုင်ငံလုံး အတိုင်း အတာဖြင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၃၀၉ ဦးထိ မြင့်တက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ သေဆုံးသူများထဲမှာတော့ အမျိုးသား ၁၁၄ ဦး ၊ အမျိုးသမီး ၄၈ ဦးနှင့် ကလေးငယ် ၄၂ ဦးပါဝင်ကြောင်း ၊ ကျား ၊ မ ခွဲခြားနိုင်ခြင်းမရှိဘဲ သေဆုံးသည့်သူ ၁၀၅ ဦးရှိကြောင်း၊ ဒေသအလိုက် သေဆုံးသူအများစုမှာ ရှမ်းပြည်နယ်မှ ဖြစ်ပြီး ၉၈ ဦး၊ ဒုတိယသေဆုံးသူအများစုမှာ စစ်ကိုင်းတိုင်းမှ ၆၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူများဟာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှု၊ ဓားပြမှု နှင့် သေနတ်ဖြင့် ပစ်ခတ်မှု စသည်တို့အပါအဝင် အမည်တပ်နိုင်မှု မရှိသည့် အခြားအကြောင်း အရင်းများလည်း ရှိနေပြီး သေဆုံးသူ အရေအတွက်ဟာ မြေပြင်မှာ ပိုများနိုင်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များကို အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်သည့် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ဖြစ် သော မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ် (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်(TNLA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ စစ်ဆင်ရေး ဖြစ်ပါတယ်။

ဓာတ်ပုံ-Ministry of Human Rights-NUG

Related Articles

Back to top button