အင်ဂျန်းယန်မြို့မှာ ဆယ်စုနှစ်ကြာ တပ်စွဲတဲ့ စစ်တပ်စခန်း ၂ ခု ရုတ်သိမ်းသွား
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၂၊ ၂၀၂၃
ကချင်ပြည်နယ် မြစ်ဆုံအထက် အင်ဂျန်းယန်မြို့မှာ ဆယ်စုနှစ်ကြာ တပ်စွဲတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခု ရုတ်သိမ်း ဆုတ်ခွာသွားတယ်လို့ ကချင်သတင်းရင်းမြစ်တွေ ဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက် မနေ့ညနေပိုင်း ၃ နာရီခန့်ကတည်းက စတင်ပြီး အင်ဂျန်းယန်မြို့မှာ တပ်စွဲထားတဲ့ အင်အား ၁၀၀ ခန့် ရှိတဲ့ ခလရ (၄၀) တပ်စခန်းနဲ့ ရဲတပ်ဖွဲ့များ အပါအဝင် ၁၅ မိုင်ဂိတ် ဇွပ်မိုင်ယန်စတဲ့ စခန်းတွေထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ စစ်ကား ၅ စီးနဲ့ ပြောင်းရွေ့ ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီပြောင်းရွေ့ခဲ့ကြတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ဟာ အင်ဂျန်းယန်အောက် ဂွေထော်တပ်စခန်းမှာ ရပ်နားခဲ့ပြီး ဂွေထော်တပ်စခန်းအပါအဝင် ယမန်နေ့ နိုဝင်ဘာ ၂၁ မှာတော့ အပြီး ရုတ်သိမ်းသွားတဲ့ ပုံစံဖြင့် မြစ်ကြီးနားဘက်သို့ ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းတဲ့ အင်ဂျန်းယန်ဒေသမှာ အခုလို ရဲအပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ဘာ ကြောင့် ဆုတ်ခွာ သွားတာလည်းဆိုတာ ရှင်းရှင်းမသိရသေးပေမယ့် လုံခြုံရေးကို စိုးရိမ်တာကြောင့် ကြိုတင်ပြင်ဆင်တဲ့ အနေအထား ဖြစ်တယ်လို့ ဒေသခံတွေက ကချင်သတင်းဌာနတွေကို သုံးသပ် ပြောဆိုထားပါတယ်။
NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သူရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် “KIA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ မြစ်ဆုံ အထက် ဒေသ အင်ဂျန်းယန် မြို့နယ်က စစ်တပ်၊ ရဲ နှင့် အရပ်ဖက် အုပ်ချုပ် ရေး ဝန်ထမ်းအားလုံး တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။ အင်ဂျန်းယန် မြို့နယ်ကတော့ သွေးမစွန်းပဲ အပ်လိုက်ပါပြီ” လို့ ရေးသား အသိပေးထား ပါတယ်။
အင်ဂျန်းယန်ဒေသကတော့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ ၁ တည်ရှိတဲ့ နယ်မြေ အဝန်းအဝိုင်း ဒေသလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ – ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (Website)