ဆောင်းပါးအတွေးအမြင်

စစ်ရေးအလှည့်အပြောင်းသည် နိုင်ငံရေးညှိနှိုင်း လက်တွဲမှုများ၏ စမှတ်ဖြစ်နိုင်မည်လား

စစ်ရေးအလှည့်အပြောင်းသည် နိုင်ငံရေးညှိနှိုင်းလက်တွဲမှုများ၏ စမှတ်ဖြစ်နိုင်မည်လား

– People’s Message
 
၂၀၂၃ ခုနှစ် အောက်တိုဘာလ သည် နွေဦးတော်လှန်ရေး၏ ထူးခြားသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
 
နှစ်နှစ်တာစစ်ရေးပြင်ဆင်မှုများပြုလုပ်ပြီးနောက် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ MNDAA ကိုးကန့်၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ သည် ၁၂ ရက်တာကာလအတွင်း ရှမ်းပြည် မြောက်ပိုင်း တခွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက် အောင်မြင်ခဲ့ပြီးဖြစ်သည်။
 
ကြီးမားကျယ်ပြန့်ပြီး စစ်ရေးအရ ဗျူဟာကျသည့် စခန်းများနှင့် ကုန်သွယ်ရေးဇုံ ထိန်းချုပ်မှုတို့ကို အချိန်တိုအတွင်း ဆုံးရှုးလိုက်ရပြီး သည့်နောက် စစ်ကောင်စီဘက်မှ တန်ပြန်ထိန်းချုပ်ရန် ပြင်ဆင်လာနိုင်သည့် ကိစ္စရပ်များကို ကြိုတင်တွက်ဆကာ မိမိတို မဟာမိတ်အင်အား စုဖွဲမှုအရှိန်လျော့ကျမသွားဖို့ ပြင်ဆင် လုပ်ဆောင်သွားနိုင် ကြမည်ဟု ယုံကြည်သည်။
 
စစ်ကိုင်းတိုင်းအတွင်း ကောလင်းခရိုင်နှင့် ပင်လယ်ဘူးမြိုများအတွင်း စခန်းသိမ်းစစ်ရေးလှုပ်ရှားမှုများ အချိန် ကိုက် စတင်လာသည့် စစ်ဆင်ရေးများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA နှင့် PDF ပူးပေါင်းတပ်ဖွဲများ၏ စစ်ရေးအမြတ်ထုတ်မှုအဖြစ် ပုံဖော်ထားသည့် စစ်ကောင်စီ၏ မီဒီယာဗျူဟာကို ကြည့်ခြင်း အားဖြင့် တော်လှန်ရေးအင်အားစုများဘက်မှ စစ်ရေးအရ Coordinated multi-front offensive attack ဖြင့် တိုက်ခိုက်လာသည့်အချက်ကို ဖုံးဖိထားကာ ၎င်းတိုကို ထောက်ခံသည့်အင်အားစုများ ယခုထက်ပို၍ စိတ်ပျက် မသွားစေရန် စည်းရုံးနေသည်ကို တွေ့ရသည်။
 
တဖက်တွင် နွေဦးတော်လှန်ရေး အင်အားစုများ စုစည်းအင်အားကောင်းလာခြင်း မရှိစေရန် ရှမ်းပြည်အတွင်း အပါအဝင် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲများအကြား သွေးထိုးလှု့ဆော်မှုများ အချိန်ကိုက် လုပ်ဆောင်လာနေသည်ကို သတိပြုမိကြရန်လိုသည်။
 
စစ်ကောင်စီ၏ အမျိုးမျိုးသော လှည့်ကွက်များနှင့် သပ်လျှိ သွေးခွဲမှုများကို ကြိုတင်တွက်ဆ နိုင်ပြီဆိုလျှင် တော်လှန်အင်အားစုများမှ စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မည့် စစ်ရေး အရှိန်အဟုန် မြှင့်တင်ပူးပေါင်းမှုများမှတဆင့် တော်လှန်ရေးအမြန်ဆုံးအောင်မြင် အဆုံးသတ်နိုင်ရေးသို့ ဦးတည်ကြရလိမ့်မည်ဟု နားလည်သည်။
 
လက်တလောအခြေအနေအရ စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ဆက်ဆံရေးရှိနေခဲ့သည့် အိမ်နီးချင်းတရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအပြောင်းအလဲလာကို သတိပြုမိရန်လိုအပ်သည်။
 
တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား တဆင့်တက်သော ယုံကြည်မှုနှင့် ဆက်ဆံရေးကိုတည်ဆောက်ပြီး နိုင်ငံခြားဆက်ဆံရေး စစ်မျက်နှာတွင် လက်ဦးမှုရယူနိုင်ရေး အရေးကြီးနေပြီဖြစ်သည်။
 
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန်ကြိုးစားမှုနောက်ပိုင်း ပိုမိုဆိုးရွားလာသည့် အွန်လိုင်းငွေကြေး လိမ်လည်ခြင်းလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ၎င်းတိုနိုင်ငံနှင့် ၄င်းနိုင်ငံသားများ၏ ပုံရိပ်ထိခိုက်မှုများကြောင့် စစ်ကောင်စီမဟုတ်သည့် အခြားသောအင်အားစုများနှင့် ပူးပေါင်းနှိမ်နှင်းရန် ဆုံးဖြတ်ခဲ့ဟန်ရှိကြောင်း အပေါ်ယံ အားဖြင့် မြင်တွေ့ရနိုင်ပြီး ဘေဂျင်းအစိုးရအနေဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ များနှင့် သမိုင်းကြောင်းချီ ဆက်ဆံရေး တည်ဆောက်ပြီးသားဖြစ်ရာ ၎င်းတိုအလိုရှိသည့် မူဝါဒကို လက်တွေ့ အကောင်အထည်ဖော်ရန် အချိန်မရွေး တိုက်ရိုက်ပြောဆို ပူးပေါင်းဆောင်ရွက်နိုင်မှု ရှိနေခဲ့လျှင်လည်း အံ့သြစရာ မရှိပါ။
 
နွေဦးတော်လှန်ရေးဖြစ်စဥ်ကို အထောက်အကူပြုသည့် စစ်ဆင်ရေး ၁၀၂၇ မှအစပြုသည့် နောက်ဆက်တွဲ စစ်ဆင် ရေးများသည် စစ်ရေးအလှည့်အပြောင်းကို စတင်ခဲ့ပြီးဖြစ်ရာ တော်လှန်ရေးအင်အားစုများအကြား ဟန်ချက်ညီ အချိန်ကိုက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ဖော်ဆောင်နိုင်ရေး၊ လူသားခြင်းစာနာ ထောက်ပံ့မှုများ ရရှိနိုင်ရေး တို့အတွက် အားလုံးဝိုင်းဝန်းအားစိုက်ကြရမည့်အချိန်ဖြစ်ကြောင်း အငြင်းပွားစရာလိုမည် မထင်ပါ။
 
တပြိုင်တည်းတွင် အင်အားစုများအချင်းချင်း ပွင့်လင်းသောဆက်ဆံရေးများ တည်ဆောက်ပြီး ပြည်တွင်း နှင့် နိုင်ငံတကာမျက်နှာစာတွင် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးကို လက်တွေ့ဖော်ဆောင်နေကြပြီဖြစ်ကြောင်း သမိုင်းသစ်ပုံရိပ် ပြသနိုင်ရန် တော်လှန်ရေး နိုင်ငံရေး ခေါင်းဆောင်များ၊ အင်အားစုများက တပြိုင်တည်း အားထုတ်ကြဖို့ အရေးကြီးနေချိန်ဖြစ်သည်။
 
စစ်ရေး၊ နိုင်ငံရေးဘက်မျှသော ခေါင်းဆောင်မှုများဖြင့် အပြန်အလှန် ထိန်းကျောင်းမှုရှိသော တော်လှန်ရေး၊ နှစ် ၇၀ ကြာ ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်မည့် သမိုင်းဖြစ်စဥ်အဖြစ် မြန်မာပြည်သူ တော်လှန်အင်အားစုများ၊ လူထုများကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ်ဖန်တီး၊ ကိုယ့်ဂုဏ်သိက္ခာကိုယ် ပြန်မြှင့်တင်ကြရင်း ကမ္ဘာ့အသိုင်းအဝိုင်းတွင် တပါးသူတို့၏ အသုံးချခံအဖြစ်မှ လွတ်မြောက်နိုင်ကြစေရေး ဆက်လက်တိုက်ပွဲဝင် သက်သေပြကြပါစို့။
 

– People’s Message

Related Articles

Back to top button