သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ အပိုင်း (၁၊ ၂)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ
သုံးလကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်၊ မြန်မာက လစဉ် လေ့လာပြုစု ပေါင်းချုပ်၍ ထုတ်ပြန် လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ (၃) လ အတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်း သား ဒေသများတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု၊ စစ် ကောင်စီ၏ထိုးစစ်ကြောင့် ပြည် သူ့ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများကို အောက်ပါအတိုင်း စုစည်း တင်ပြ ထားပါသည်။

အပိုင်း (၁)

(က) တိုက်ပွဲဖြစ်ပွားမှု နှင့် နှစ်ဖက်တပ်သားသေဆုံးမှု

၂၀၂၃ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ (၃) လကာလအတွင်း တိုင်းရင်းသား ပြည်နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် အကြိမ်ပေါင်း (၈၅၈) ကျော်ဖြစ်ပွားခဲ့ရာ ကရင်ပြည်တွင် (၄၆၀) ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး၊ ရှမ်း ပြည်နယ်တွင် (၂၀၅) ကြိမ်ဖြင့် ဒုတိယအများဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဤသုံးလအတွင်း စစ်ကောင်စီ စစ်သား‌(၁၁၈၀) ဦးခန့် သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် သေဆုံးမှု (၁၄၅) ဦးခန့်ရှိခဲ့ပါသည်။

(၁) ကချင်ပြည်

ဤသုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၅၅) ကြိမ်ခန့် ရှိခဲ့ပြီး စစ်ကောင်စီ စစ်သား (၁၂၇) ဦးကျော်သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ပြည်သူ့ ပူးပေါင်း တပ်ဖွဲ့များဖြစ်သော KIA နှင့် PDFs တို့ဖက်မှ တော်လှန်ရေးတပ်သား (၁၁) ဦး ကျဆုံး မှု၊ ဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများသည် ကချင်ဒေသများထဲက ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဖားကန့်မြို့နယ်တို့အပြင် ကချင်-စစ်ကိုင်း နယ်စပ်ဒေသများဖြစ်သော ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသောမြို့နယ်များနှင့် ကချင်-ရှမ်း မြောက်ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသောမြိုနယ်များသို့လည်း KIA တပ်မဟာများ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပူးပေါင်းစစ်ဆင်လျှက်ရှိပါသည်။

(၂) ချင်းပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၂၆) ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၇၈) ဦး နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၇) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဉီး(CNF/A)နှင့် မြို့နယ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့(CDFs)များ ပူးပေါင်းစစ်ဆင်မှုသည် အဓိကကျပါသည်။ ချင်းလဲန်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နယ် နှင့်ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကောဒေသတစ်ဝိုက်နှင့် စစ်ကိုင်းတိုင်း မြောက်ဖက် ကလေး ကဘော်ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုရှိသည်။

(၃) ရှမ်းပြည်

သုံးလအတွင်း ရှမ်းပြည်နယ်အတွင်း ထိတွေ့ပစ်ခတ်မှုပေါင်း (၂၀၅) ကြိမ်ကျော်ရှိရာ၊ စစ်ကောင်စီ တပ်သားသေဆုံးမှု (၃၂၀) ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖက်မှ ကျဆုံးမှု (၁) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် ကိုးကန့် (MNDAA)၊ တအောင်း (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ထိတွေ့ပစ်ခတ်မှုများအပြင် ရှမ်းလူမျိုးအခြေခံလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့အကြား ထိတွေ့ပစ်ခတ်မှုများရှိတက်သည်။

(၄) ကယား(ကရင်နီ)ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၁၀၃) ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၂၀၁) ဦး နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှတပ်သားကျဆုံးမှု (၂၀) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီ နှင့် ကရင်နီတပ်မတော်(KA)တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ အခြား ကရင်နီ ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိ တွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့ များသည် ကရင်နီအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသများဖြစ်သော ဖယ်ခုံမြို့နယ် နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ ရှမ်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ချို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိသည်။

(၅) ကရင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ် နှင့် ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၄၆၃) ကြိမ်၊ စစ်ကောင်စီတပ်သားသေဆုံးမှု (၄၄၇) ဦး နှင့် ပြည်သူ့ပူးပေါင်း တပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၈၆) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

(၆) မွန်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၆)ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ နှင့် အစေအပါးများသေဆုံးမှု (၁၃) ဦးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုအား မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါ။

မွန်ပြည်နယ်မြို့နယ်များထဲတွင် ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော သထုံ၊ ဘီးလင်း နှင့် ကျိုက်ထို စသောမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေ (ခေါ်) KNU/KNLA ထိန်းချုပ်နယ်မြေများ ဖြစ်သည့် အလျောက် ၎င်းမြို့နယ်အခြေခံသော ကာကွယ်ရေးတပ်ဖွဲ့များသည် KNLA ၏ စစ်ရေး ကွပ်ကဲမှုဖြင့် ပူးပေါင်း စစ်ဆင်လျက်ရှိပါသည်။

(ခ) ပဋိပက္ခနောက်ဆက်တွဲ အရပ်သားများအပေါ် သက်ရောက်မှု

(၁) အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု

၂၀၂၃ ခုနှစ် ဩဂုတ်လ မှ အောက်တိုဘာလအထိ သုံးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှု၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ မြေမြုပ်မိုင်းထိခိုက်မှု နှင့် တိုက်ပွဲ အတွင်းပစ်ခတ်သတ်ဖြတ်ခံရမှုများကြောင့် တိုင်းရင်းသားဒေသအတွင်း အရပ်သား ပြည်သူများသေဆုံးမှု စုစုပေါင်း (၁၅၁)ဉီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်ပြည်တွင် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး (၅၀) ဦး သေဆုံးမှုအား မှတ်တမ်းတင် နိုင်ခဲ့ပါသည်။ ကချင်ပြည်တွင် အရပ်သားသေဆုံးမှု ဒုတိယအများဆုံးဖြစ်ကာ (၄၂) ဉီး နှင့် ရှမ်းပြည်တွင် တတိယအများဆုံးဖြင့် (၃၀) ဉီး၊ မွန်ပြည်တွင် (၁၈)ဉီး၊ ကရင်နီပြည်တွင် (၆) ဉီး နှင့် ချင်းပြည်တွင် (၅) ဦး စသည်ဖြင့် အရပ်သားသေဆုံးမှုအသီးသီးအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

(၂) အိုးအိမ်ပျက်စီးမှု

ဤသုံးလအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲ အတွင်း လက်နက်ကြီးထိခိုက်ခံရမှု နှင့် တိုက်ပွဲများကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ (၉၇၃) လုံး ပျက်စီး မှုအား မှတ်တမ်းတင်နိုင်ခဲ့သည်။

ကချင်ပြည်တွင် ပြည်သူ့အိုးအိမ်ပျက်စီးမှုအများဆုံးဖြစ်ပြီး (၄၁၂) လုံး၊ ကရင်နီပြည်တွင် ဒုတိယ အများဆုံးဖြင့် (၂၅၁) လုံး၊ ကရင်ပြည်တွင် တတိယအများဆုံးဖြင့် (၁၉၈) လုံး၊ ရှမ်းပြည်တွင် (၉၆) လုံး နှင့် ချင်းပြည်တွင် (၁၆) လုံး အသီးသီးပျက်စီး ဆုံးရှုံးမှုရှိခဲ့သည်။

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၃) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ နှင့် လူမှုအဖွဲ့အစည်းများ
၄) ဖက်ဒရယ်ဂျာနယ် မြန်မာမှ သီးသန့်မေးမြန်းချက်၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ စုစည်းတင်ပြသည်။

Related Articles

Back to top button