သတင်း

ရိဒ်ခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲမှာ အိန္ဒိယဘက် ထွက်ပြေး သွားတဲ့ စစ်ကောင်စီတပ်သား ၃၉ ဦးကို မြန်မာဘက် ပြန်ပို့

ရိဒ်ခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲမှာ အိန္ဒိယဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၃၉ ဦးကို မြန်မာဘက် ပြန်ပို့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၄၊ ၂၀၂၃
ချင်းပြည် ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲ တွင် အိန္ဒိယနိုင်ငံဖက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား (၃၉)ဦး အိန္ဒိယ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ ဘက်ကို ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNA), CDF Hualngoram နဲ့ CDF-ထန်တလန် ဒရုန်းတပ် ပူးပေါင်း တပ်ဖွဲ့တို့မှ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ က ရိဒ်ခေါ်ဒါရ် အမှတ်(၁)ရပ်ကွက် တောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းနဲ့ အမှတ်(၂) ရပ်ကွက် တီယိုချောင်း တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းနိုင်ခဲ့ ပြီးနောက် စစ်ကောင်စီတပ်သား (၃၉) ဦး အိန္ဒိယဘက်ခြမ်း ထွက်ပြေးသွားခဲ့ကြောင်း မြေပြင် စစ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မနေ့က ကျနော်တို့ စခန်းသိမ်းလိုက်တော့ လက်နက်စွန့်ပြီး သူတို့က အိန္ဒိယ ဘက်ခြမ်းကို ထွက်ပြေး သွားတယ်။ ဒါကို အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီး ခဲ့ပြီးတော့ မီဇိုရမ်နဲ့ မဏိပူအစပ် မော်လဲ(Moreh) ဘက်ကနေ ပြန်လွှတ်ပေးခဲ့ တာလို့ သိရတယ်”
ဒါပေမယ့် အိန္ဒိယအာဏာပိုင်တွေ မြန်မာဖက်ပြန်လွှဲပေးတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဆီကို လွှဲပြောင်းပေးခဲ့တယ် ဆိုတာ ကိုတော့ ရှင်းရှင်း မသိရပါဘူး။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး (၇)ဦး အရှင် ဖမ်းဆီး ရမိသလို လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာတော့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဖက်က လည်း ရဲဘော်တချို့ ကျဆုံးမှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ရိဒ်ခေါ်ဒါရ်မြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် တံတားမှာလည်း ချင်းအမျိုးသားအလံကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ထို့အပြင် လက်ရှိတွင် နယ်မြေရှင်းလင်ရေးလုပ်ဆောင်နေရတာကြောင့် ရိဒ်ခေါ်ဒါရ်မြို့နဲ့ ဆက်သွယ် ထားတဲ့ လမ်းပိုင်းအချို့ကိုလည်း ပိတ်ပင်ထားပြီး အခြေအနေတည်ငြိမ်မှ ပြန်လည်ဖွင့်လှစ်ပေးမယ်လို့ CDF Hualngoram က သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button