သတင်း

လွိုင်ကော်မြို့တွင် စစ်ရေးတင်းမာမှုကြောင့် ပြည်သူတချို့ မြို့ထဲပိတ်မိနေ

လွိုင်ကော်မြို့တွင် စစ်ရေးတင်းမာမှုကြောင့် ပြည်သူတချို့ မြို့ထဲပိတ်မိနေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊၂၀၂၃
လွိုင်ကော်မြို့အနီးနားမှာ ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့က နှစ်ဖက် တိုက်ပွဲများပြင်းထန် လျက်ရှိ တာကြောင့် လွိုင်ကော်မြို့ အတွင်းရှိ ပြည်သူများ ပိတ်မိပြီး အိမ်ထဲကနေ အိမ်ပြင်ထွက်ဖို့အတွက် အခက်ခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။
လွိုင်ကော်မြို့ ရေယို၊ ထေးဌားလျား၊ ချိကယ်၊ နာနတ်တောတို့တွင် တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီ ဖက်မှ အကျအဆုံးများပြီး လက်နက်များလည်း အများအပြား သိမ်းဆည်းရမိတယ်လို့ ကရင်နီ ပူးပေါင်း တပ်ဖွဲ့ များမှ ထုတ်ပြန်ထားပါတယ်။
ဒေသခံတဦးမှ ” ကျွန်တော့်သမီးကို လွိုင်ကော်မှာ ကျောင်းထားတယ်၊ အခုလွိုင်ကော်မြို့တွေမှာ တိုက်ပွဲ ဖြစ်တော့ ကျောင်းတွေပိတ်ထားခံရတယ်လေ၊ သွားခေါ်လို့ လည်းမရဘူး၊ နောက်ပြီး မြို့ထဲမှာ ရွာက တက်လာတဲ့ ကျောင်းသားကျောင်းသူတွေလည်း အများကြီးကျန်ရှိတယ်၊ တချို့လူတွေ ဆိုရင် လည်း မြို့အပြင်ဖက် ထွက် ပြေးလို့မရဘဲ ပိတ်နေကြတာ အများကြီးရှိသေးတယ်။”
လွိုင်ကော်မြို့ထဲက နာနတ်တောရပ်ကွက်၊ ရေယို၊ ထေးဌာလျား၊ နောင်ယား(က)၊ နောင်ယား(ခ) တို့ရှိ ပြည်သူများမှာလည်း အများအပြားပိတ်မိနေတယ်လို့လည်း သိရှိရပါတယ်။
ယခုနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာလည်း လွိုင်ကော်နှင့် ဒီးမောဆို တချို့နေရာတွေမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – KNDF

Related Articles

Back to top button