သတင်း

ပင်လုံကတိကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ KIO ကြိုးပမ်းနေ

ပင်လုံကတိကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ KIO ကြိုးပမ်းနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၅၊ ၂၀၂၃
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနဲ့ ပင်လုံကတိကဝတ်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဦးတည်ကြိုးပမ်းအားထုတ်နေတယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်မြောက်နေ့ မိန့်ခွန်းမှာ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ထပ်မံ အသိပေး ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။
အခုလိုကာလဟာ စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး စစ်ကောင်စီက သူ့ရဲ့ အကျပ်အတည်းထဲကနေ ရုန်းထွက်နိုင်ဖို့ ပြည်သူတွေကို ရန်သူလို သဘောထား ပြီး ညှင်းပမ်း နှိပ်စက် သတ်ဖြတ်နေမှုကြောင့် ပြည်သူအမြောက်အများ စစ်ဘေးဒုက္ခရောက် နေရတာ ကမ္ဘာသိ ထင်ထင်ရှားရှား ဖြစ်ပေါ် နေပြီဖြစ်သလို တနိုင်ငံလုံးဟာလည်း ဘက်ပေါင်းစုံကနေ ယိုယွင်း ပျက်စီးမှုသို့ ဦးတည်လာနေတာကို မြင်ရတယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျပ်အတည်းဆိုက်နေတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ အကျပ်အတည်းထဲကနေ ရုန်း ထွက်နိုင်ဖို့ နောက်ထပ် နည်းလမ်းဖြစ်တဲ့ မြို့ပြနဲ့ ကျေးလက်များ ကိုပါ မကျန် ပြည်သူ့စစ် အဖွဲ့များ ကို အတင်းအဓမ္မ ဖွဲ့စည်း နေတာကို တွေ့ရပြီး အဲဒီလုပ်ရပ်ဟာ ပြည်သူအချင်းချင်း ရန်ဘက်ဖြစ်စေဖို့ ဖန်တီးနေတဲ့ လုပ်ရပ်ဖြစ်တာ ကြောင့် ပြည်သူများ ပါဝင်ခြင်းမရှိဘဲ နည်းလမ်းရှာ ရှောင်ရှားနိုင်အောင် ကြိုးစားကြဖို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက သူ့ရဲ့ မိန့်ခွန်းကတဆင့် ထပ်လောင်းပြီး အလေး အနက် သတိပေး တိုက်တွန်းထားပါတယ်။
အလားတူ စစ်ကောင်စီက သန်းခေါင်းစာရင်းကောက်ယူပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆို နေမှု ဟာလည်း လက်ရှိတိုင်းပြည်အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ပဲ စစ်ကောင်စီက ရဲ့ နိုင်ငံရေးထွက်ပေါက် ရှာနေတဲ့ ကြိုးပမ်းအားထုတ်မှုသာဖြစ်လို့ ပြည်သူများ ပါဝင် ထောက်ခံ အားပေးခြင်း မပြုကြဖို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ထပ်မံ တိုက်တွန်း ထားပါတယ်။
အခုလို တိုင်းပြည် အသွင်ကူပြောင်းနေတဲ့ ကာလအတွင်း ပြည်သူ့အမှုထမ်းများဟာလည်း လိုက်နာ ဆောင်ရွက် ရမည့် စည်းကမ်းကျင့်ဝတ်များကို လိုက်နာပြီး အာဏာရှင်စရိုက်များကို မလုပ်ဆောင် မိကြဖို့ တိုက်တွန်းသလို ပြည်သူတရပ်လုံးကလည်း စစ်အာဏရှင်စနစ် တည်မြဲရေးအတွက် ပံ့ပိုးမှုများ မဖြစ်စေဖို့ အထူးသတိချပ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိအောင် ပူးပေါင်း ပါဝင်ကြိုးပမ်းကြဖို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့ မိန်းခွန့်က တဆင့် ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည် ထောင် ခြင်း (၆၃) နှစ်မြောက်နေ့သို့ ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ ကချင်အမျိုးသား ခေါင်း ဆောင်ကြီးများ ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ အပါအဝင် အခြားတိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ ဆောင် ရွက် နေတဲ့ အတွက် မကြာမီ အနာဂတ် ကာလများ မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် အပြည့်အ၀ အာမခံချက် ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်သို့ ရောက်ရှိ နိုင်တော့မှာ ဖြစ်ကြောင်းနဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက် ပေးလှူသွားခဲ့တဲ့ ကချင် တိုင်းရင်းသားများ အားလုံးကို ဦးညွတ်အလေးပြုကြောင်း သဝဏ်လွှာ ပေးပို့ထားတာ တွေ့ရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ကိုတော့ ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ – LAIZA TV (Screenshot)

Related Articles

Back to top button