သတင်း

ဒီးမော့ဆို PDF က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို ပြန်လွှတ်ပေး

ဒီးမော့ဆို PDF က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို ပြန်လွှတ်ပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၉၊ ၂၀၂၃

ကယား(ကရင်နီ)ပြည်၊ မယ်စဲ့မြို့နယ် တိုက်ပွဲမှာ ရဲစခန်းက ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးရထိန်းသိမ်းထားတဲ့ စစ်ကောင်စီမိသားစုဝင်တွေကို ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်တယ်လို့ ဒီးမော့ဆို PDF က ဒီကနေ့မှာ ထုတ်ပြန် အသိပေး ထားပါတယ်။

မယ်စဲ့ရဲစခန်းမသိမ်းမှီ ဇွန်လ ၁၆ရက်က ဒီးမော့ဆိုPDFက မယ်စဲ့မြို့အတွင်း ကင်းလှည့်လှုပ်ရှားနေစဉ် ရဲစခန်းကနေ တိမ်းရှောင်ထွက်ပြေးလာတဲ့ စစ်တပ်မိသားစု တစ်စုနဲ့ ရဲမိသားစုတစ်စု၊ စုစုပေါင်း လူ ၉ဦးကို ဖမ်းဆီးထိန်းသိမ်း ထားခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေအနက် ရဲတပ်ကြပ်ကြီးဇနီးကသူ့အမျိုးသားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့ပူးပေါင်းပြီး CDM ပြုလုပ်ဖို့ ဇူလိုင်လ ၁၆ရက်က သူကိုယ်တိုင်စခန်း အထိ သွားရောက်စာပို့ခဲ့ပေမယ့် ရဲစခန်းမှ အရာရှိက ပေးစာကိုသာ လက်ခံပြီး လူချင်းတွေ့ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

အဲဒီအမျိုးသမီးက သူ့အိုမျိုးသားက ထပ်မံစာပေးရန် သွားရောက်တွေ့ဆုံလိုတယ်လို့ တင်ပြတောင်းခံလာတာကြောင့် စာရေးပြီး သွားရောက်ခွင့်ပြုခဲ့ပေမယ့် ယခင် အကြိမ် အတိုင်း လုံးဝလက်ခံတွေ့ဆုံခွင့်မပြုခဲ့ဘဲ ငြင်းပယ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပူးပေါင်းတော်လှန်ရေးအင်အားစုတွေက မယ်စဲ့ရဲစခန်းနဲ့ မယ်စဲ့တောင်ပေါ် စစ်တပ်စခန်းတွေကို ဝင်ရောက်ခဲ့တဲ့အချိန်မှာအတွင်း ဖမ်းဆီးထားတဲ့ စစ်ကောင်စီ မိသားစုတွေရဲ့ အမျိုးသားတွေ သေဆုံးသွားတယ်လို့ သိရပြီး အဲဒီမိသားစုဝင်တွေက မယ်စဲ့စခန်းကို ပြန်မပို့ဖို့ တောင်းဆိုလာတာကြောင့် လုံခြုံတဲ့နေရာမှာ ထိန်းသိမ်း ထားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလအတွင်း မိမိတို့ဒီးမော့ဆိုတပ်ဖွဲ့က သူတို့ကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာ၊ နှိပ်စက်ခြင်းတွေ လုံးဝမပြုလုပ်ဘဲ လိုအပ်တဲ့ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ တပ်ဖွဲ့နဲ့ တန်းတူထားရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၈ရက်မှာတော့ သူတို့နေရပ်ကို ပြန်လိုတယ်လို့ တင်ပြတောင်းဆိုလာ တာကြောင့် သူတို့ရဲ့ဆန္ဒအရ ပြည်သူ့ကာကွယ်ရေးတပ်း-ဒီးမော့ဆို (DMO-Local PDF)တပ်ဖွဲ့က လမ်းစရိတ်အတွက် ငွေ(၅၀,၀၀၀)ကျပ်နဲ့အတူ လုံခြုံတဲ့နေရာ တစ်ခုကို ကောင်းမွန်စွာ ပို့ဆောင် ပေးခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button