သတင်း

၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌအား ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝပေးရန် လိုအပ်ဟု ဝန်းရံသူတွေဆို

၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌအား ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝပေးရန် လိုအပ်ဟု ဝန်းရံသူတွေဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၉၊ ၂၀၂၃

စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးဟာ မနေ့က ရုတ်တရက် ကျန်းမာရေးမကောင်းတဲ့အတွက် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။

အသက် ၆၇ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ညိုအေးဟာ မနေ့က စစ်တွေတရားရုံးသို့ အရောက်တွင် သွေးပေါင်ချိန် ၂၀၀ အထိ တက်သွားတဲ့အတွက် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသခဲ့ရတယ်လို့ ‌သူနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

“မနေ့ကသူ ကျန်းမျာရေးမကောင်းတဲ့အတွက် တရားရုံးကိုရောက်တာနဲ့ ချက်ချင်းဆေးရုံကိုတင်ပြတယ်။ ဖြစ်တာကတော့ အသဲအဆီဖုံးတယ်။ သွေးပေါင်ချိန် ၂၀၀ ကျော်အထိ တက်သွားတဲ့အတွက် အရေးပေါ်ကုသခဲ့ရတယ်” လို့ ဆိုပါတယ်။

စစ်တွေအကျဉ်းထောင်အတွင်းတွင် အကျဉ်းသားတွေအား တစ်နေ့လျှင် ၈ နာရီခန့် အထိ ထိုင်ခိုင်းထားပြီး လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ စကားလုံးအသုံးအနှုန်းတွေ ပြောဆိုဆက်ဆံတာတွေကိုလည်း ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ဒေါ်ညိုအေးရဲ့ အခြေအနေမှာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တဲ့အတွက် ဆေးရုံတင်ပြီး ကုသဖို့လိုအပ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

” ဒေါ်ညိုအေးအခြေအနေက ဆင်းရုံတင်ပြီးတော့ ကုသရမဲ့ အခြေအနေပါ။ ဒါပေမဲ့ အပြင်လူနာအဖြစ် ကုသပြီးတော့ ထောင်အချုပ်ကို ပြန်ပို့လိုက်တယ်။

သူ့အနေအထားက စိုးရိမ်ရတဲ့ အနေအထားတစ်ခုပါ။ ဒီထက်ပိုပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိဖို့လိုအပ်တယ်။ နောက်ပြီးတော့ ထောင်ထဲမှာ ကျန်းမာရေးကုသခွင့် အရမ်းအားနည်းတယ်လို့ ပြောခဲ့တယ်” ဟုဆိုပါတယ်။

ဒေါ်ညိုအေးအား ဆေးရုံတင်ပြီး ကုသဖို့ လိုအပ်ပေမယ့် စစ်ကောင်စီက ကူးသခွင့်မပေးတာဟာ ဒေါ်ညိုအေးမိတ်ဆွေတွေ ရောက်ရှိလာပြီး သတင်းစကားတွေ ပြန့်သွားမှာကို စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ ရခိုင်တက်ကြွအမျိုးသမီးတစ်ယောက်က ဆိုပါတယ်။

” နဂိုကတည်း ဒေါ်ညိုအေးက ကျန်းမာရေးမကောင်းဘူး။ သူ့မှာ ရောဂါအခံတွေရှိတယ်။ ကျန်းမာရေးထိခိုက်နေပေမဲ့ ဆေးဝါးတွေက လုံလောက်မှုမရှိဘူး။ သူ့မှာ အမြဲတမ်းသောက်နေတဲ့ဆေးတွေကို လုံ‌လုံလောက်လောက် မသောက်ရတာတွေလည်း ရှိတယ်။ သူက ဆေးရုံတင်ပြီး ကုသရမဲ့အခြေအနေပါ။ ဒါပေမဲ့ အာဏာပိုင် စစ်ကောင်စီတွေက သူမိတ်ဆွေတွေ ရောက်လာမှာကို စိုးရိမ်ပြီးတော့ ဆေးရုံတင်ခွင့်မပေးဘဲနဲ့ ထောင်အချုပ်ကို ယူသွားတယ်လို့ပဲ သုံးသပ်မိတယ်” လို့ ပြောပါတယ်။

ဒေါ်ညိုအေးအား ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီက နိုင်ငံတော် ဆူပူလှုံဆော်မှု ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button