သတင်း

ပြည်သူ့လုံခြုံရေးနဲ့ စစ်ရေးသတိ၊ အသိဆိုင်ရာ KIO အရေးပေါ် ထုတ်ပြန်

ပြည်သူ့လုံခြုံရေးနဲ့ စစ်ရေးသတိ၊ အသိဆိုင်ရာ KIO အရေးပေါ် ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃။

ပြည်သူ့လုံခြုံရေးနဲ့ စစ်ရေးသတိ၊ အသိဆိုင်ရာကို ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့(KIO) ရဲ့ သတင်း ပြန်ကြား ရေးအဖွဲ့က လိုင်ဇာတီဗွီကနေ ကချင်ဘာသာ ရုပ်သံဖြင့် အရေးပေါ် ထုတ်ပြန် သတိပေး တိုက်တွန်းလိုက်ပါတယ်။

အဲဒီအရေးပေါ် ထုတ်ပြန်ချက်ရဲ့ ဖော်ပြချက်အရ လက်ရှိ ကချင်ဒေသထဲကို မြန်မာစစ်တပ်ရဲ့ အင်အားဖြည့် ထိုးစစ်ဆင် တိုက်ခိုက်မှု စစ်ရေးအရှိန် မြင့်မားလာတာနှင့် အတူ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းများရောက်ရှိနေတဲ့ ဒေသများက အရပ်သားများနှင့် ဘာသာရေးခေါင်းဆောင်များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးကာ လူသားတဒိုင်းအဖြင့် ကျယ်ပြန့်စွာ အသုံးပြုလာတာ တွေ့မြင်လာရပြီး ဒေသခံ အရပ်သားပြည်သူများကိုလည်း မယုံသင်္ကာ စွပ်စွဲပြီး ဖမ်းဆီး သတ်ဖြတ်မှု များကိုလည်း ကျူးလွန်နေတာ ခပ်စိတ်စိတ် ဖြစ်လာတာကို တွေ့ရှိရတယ်လို့ သတိပေးလိုက်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က ၎င်းတို့ရဲ့ တပ်တည်ရှိတဲ့ နေရာများ အနီးဝန်းကျင်နဲ့ စစ်ကြောင်းများကို ဖြတ်သန်း သွားလာတဲ့ လမ်းကြောင်းအနီးဝန်းကျင်များက အရပ်သားများနေထိုင်တဲ့ ကျေးရွာများကိုလည်း ရှောင်ကျဉ်မှုမရှိပဲ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်တိုက်ခိုက် မှုများကို  ပြုလုပ်လာနေတာကြောင့် အရပ်သားများ ထိခိုက် သေဆုံးမှု ရှိနေသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်များ၊ ဘာသာရေး အဆောက် အဦးများလည်း ထိခိုက်ပျက်စီးမှုများ မြင့်တက် လာနေတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ် စစ်ကြောင်းများ ရောက်ရှိနေတဲ့ ဒေသများက အမျိုးသမီးများနှင့် ကလေး မိခင်များကို လည်း လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုနေပြီး သတ်ဖြတ်မှုများလည်း ပြုလုပ်နေတာကြောင့်  ကျေးရွာများ ထဲက အမျိုးသမီးများနှင့် ကလေးမိခင်များ မိမိတို့နေအိမ်များထဲတွင် တဦးတည်း နေထိုင်စဉ် သတိ၀ီရိယ များစွာဖြင့် နေထိုင်ကြရန်နှင့် နေအိမ်ပြင်ပတို့ တဦးတည်း သွားလာခြင်းများကို ရှောင်ရှားဖို့လည်း သတိပေး ချက်မှာ ပါဝင်ပါတယ်။

ဒါ့ကြောင့် စစ်ရေးနှင့် ပတ်သက်တဲ့ သတင်းအချက်အလက်များကို နေ့စဉ်မပျက် သတင်းများကို နားစွင့်နေပြီး မြန်မာစစ်တပ်တို့ရဲ့ ဖမ်းဆီးခြင်းများမှ ရှောင်ရှားနိုင်ဖို့ အရေးတကြီးလိုအပ်ချက်များမှအပ ခရီးသွားလာခြင်းများ ကျေးရွာများနှင့် နီးစပ်တဲ့ တော်တောင်များထဲသို့ ခရီးသွားလာခြင်းများကို အတက်နိုင်ဆုံး ရှောင်ရှားကြရန်နှင့် ရှောင်လွဲလို့ မရတဲ့အရေးတကြီး လုပ်ငန်းများမှအပ ကျေးရွာများထဲမှာ လူအုပ်စုဖွဲ့ပြီး နေထိုင်ခြင်းများနှင့် ညအချိန်လွန် နေအိမ်ပြင်ပ ထွက်လည်ခြင်းများ၊ ပျော်ပွဲ ရွင်ပွဲ များကို မပြုလုပ်ကြဖို့ ကျေးရွာတာဝန်ရှိများက ကြပ်မတ်ပြီး သတိပေး နှိုးဆော်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

Related Articles

Back to top button