သတင်း

ဗန်းမော်ကနေ နမ်ဆန်ယန်ကို ဦးတည်ချီတက်လာတဲ့ စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၂၀ ဦးခန့် သေဆုံးမှုရှိဟုဆို

ဗန်းမော်ကနေ နမ်ဆန်ယန်ကို ဦးတည်ချီတက်လာတဲ့ စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်သား ၂၀ ဦးခန့် သေဆုံးမှုရှိဟုဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၃၁ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကနေ လိုင်ဇာအနီး နမ်ဆန်ယန်ဘက်သို့ ဦးတည်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း ဟာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲထဲက နွမ်လန့်ကျေးရွာအနီး မြို့သစ်နဲ့ ဒါဆိုင်း ကျေးရွာကြားမှာ ယမန်နေ့ ဩဂုတ် ၃၀ ရက်နေ့က ကြားဖြတ် တိုက်ခဲ့ခံရလို့ စစ်သား ၂၀ ဦးခန့် သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီက သိရပါ တယ်။

အဲဒီ စစ်ယာဉ်တန်းဟာ စစ်အင်အားတင်ဆောင်ထားတဲ့ စစ်ကား ၆ စီးနဲ့ လက်နက်စစ်ရိက္ခာတင်ဆောင်ထားတဲ့ စစ်ကားအစီး ၂၀၊ စုစုပေါင်း စစ်ကားအစီး  ၂၆ စီးဖြစ်ပြီးတော့ ဩဂုတ်လ ၂၈ ရက်နေ့ ဗန်းမော်မြို့ပေါ်ကနေ ည ၁၁ နာရီလောက်မှာ ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။

ဗန်းမော်ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည် အင်အားဖြည့်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ကားလမ်းမတကြော စစ်သားအင်အားနဲ့ စစ်လက်နက်ရိက္ခာအပြည့် တင်ဆောင်ကာ ချီတက်လာကြတဲ့ ယာဉ်တန်းဟာ နွမ်လန့် (Numlang) တပ်စခန်းမရောက်မှီ ကချင်ပြည် လွတ်မြောက် ရေးတပ်ဖွဲ့(KIA) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက် ခဲ့တာပါ။

နာရီပိုင်းအကြာ နှစ်ဖက်ပစ်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီ စစ်ကြောင်းက​တော့ နွမ်လန့် (Numlang) တပ်စခန်းထိ ရောက်ရှိသွားနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

အဲဒီကြားဖြတ် တိုက်ခိုက်ခံရမှုအတွင်း စစ်သား ၂၀ ခန့် သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပေမယ့် FJMM အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူ ယမန်နေ့ ဩဂုတ် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ဝိုင်းမော်မြို့နယ်ထဲက KIA တပ်ရင်း(၁) နယ်မြေဖြစ်တဲ့ ဆမားနဲ့ ဂျာပူ ကျေးရွာကြားမှာလည်း အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ် ပူးပေါင်းအဖွဲ့နဲ့ KIA တပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ FJMM ရဲ့ သတင်းရင်းမြစ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ ခယာတောင်နဲ့ ဝေကြိုင်တောင် လက်နက်ကြီး တပ်စခန်းဘက်က လက်နက်ကြီးပစ်ကူ တိုက်ခဲ့လို့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ဒေသဘက်က စစ်ရေးတင်းမာမှုဟာ အခုနှစ် နှစ်ဝှက်ကနေ စတင်ပြီး အရှိန်မြင့်တက်လာသလို လက်တတော်မှာ​တော့ အမြင့်ဆုံးကို ရောက်ရှိနေပြီး KIA ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာနဲ့ အနီးဝန်းကျင်တို့မှာလည်း စစ်မြေပြင် ဧရိယာ ဖြစ်နေပြီလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ကချင်သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

ကချင်ဒေသဘက်က စစ်ရေးတင်းမာနေမှုနဲ့ ပက်သတ်ပြီး သီးခြားအတည်ပြုနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ FJMM အနေနဲ့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဓါတ်ပုံ – CJ

Related Articles

Back to top button