လွိုင်ကော်၊ ဆော်ခီးဒေါကျေးရွာထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ အရပ်သား(၂)ဦး သေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၃၁ ရက်၊ ၂၀၂၃။
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ ဆော်ခီးဒေါကျေးရွာထဲ သြဂုတ် ၃၁ ဒီကနေ့မနက် (၁၀)နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ် လိုက်တာကြောင့် ကျေးရွာထဲ ကျရောက်ပေါက်ပြီး အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆော်ခီးဒေါအနီးနားရှိ ဒေသခံတစ်ဦး ပြောပြတာက ” တိုက်ပွဲဖြစ်တာလည်းမရှိဘူး၊ ရုတ်တရက်ကြီး ရွာထဲမှာ လက်နက်ကြီး (၂)လုံးကျပါတယ်၊ လက်နက်ကြီး တစ်လုံးက အိမ်တည့်တည့်ကျပြီး အိမ်ထဲမှာရှိတဲ့ လူ (၂)ယောက်ပွဲချင်းပြီး သေဆုံးတယ်၊ တစ်ယောက်တော့ ဒဏ်ရာရတယ်၊ “
သေဆုံးသွားသည့် အရပ်သား(၂)ဦးမှာ အသက်(၄၀)ကျော်ရှိပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလို့လည်း သိရပါတယ်။ သေဆုံးသည့် အမျိုးသမီးကတော့ မသန်စွမ်းသူ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
တိုးတက်သော ကရင်နီပြည် ပြည်သူ့အင်အားစု (PKPF) ရဲ့ စစ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ( ၃၁ )ရက်နေ့အထိ ကယား(ကရင်နီ) ပြည်၊ ဒေသတွေမှာ ပဋိပက္ခနောက်ဆက်တွဲ အရပ်သားသေဆုံးမှု (၃၇၅)ဦးထိ ရှိလာပြီလို့လည်း ဖော်ပြနေပါတယ်။
ဓါတ်ပုံ – CJ (ပုံဟောင်း)