သတင်း

စစ်ကောင်စီရဲ့ ဘဏ္ဍာရေးစစ်မျက်နှာကို ရိုက်ချိုးဖို့ ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်သတင်းစာရှင်းလင်းပွဲကျင်းပ

စစ်ကောင်စီရဲ့ ဘဏ္ဍာရေးစစ်မျက်နှာကို ရိုက်ချိုးဖို့ ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်သတင်းစာရှင်းလင်းပွဲကျင်းပ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၆ ရက်၊ ၂၀၂၃။

စစ်ကောင်စီရဲ့ ဘဏ္ဍာရေးစစ်မျက်နှာကို ရိုက်ချိုးဖြတ်တောက်ဖို့အတွက် နွေဦးတော်လှန်ရေးအင်အားစုတွေက ဖက်ဆစ်ဝင်ငွေကိုဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၅ရက်၊ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲကို Zoomအပလီဂေးရှင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ လူသိများထင်ရှားတဲ့ ဒေါက်တာတေဇာဆန်း၊ မချောစုစံနှင့် မခက်ဆစ်တို့က တက်ရောက်ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီထံ ဝင်ငွေတိုက်ရိုက်စီးဆင်းနေသော စစ်ကောင်စီထုတ်ကုန်များဖြစ်တဲ့ ၁။မြန်မာ ဘီယာ (Myanmar Beer)၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold) ၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay) ၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)၆။ အာမီရမ် (Army Rum) ၇။ Red Ruby စီးကရက် နှင့် ၈။ Premium Gold စီးကရက် တို့ကို အသုံးမပြုကြဖို့ကိုလည်း ထပ်မံတိုက်တွန်းထားပါတယ်။

ပြည်သူတွေရဲ့ စစ်ကောင်စီထုတ်ကုန်များကို အသုံးမပြုခြင်းကြောင့် စစ်တပ်ဝင်ငွေများကို သိသိသာသာလျော့ကျနိုင်ခဲ့သော်လည်း လက်ရှိမှာ စစ်ကောင်စီပိုင် မြန်မာဘရူဝါရီလီမိတက် တစ်ခုတည်းကနေ တနှစ်ကို အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း (၃၀) ခန့် ရနေဆဲဖြစ်ပြီး (၂၀၂-၂၃) ဘဏ္ဍာနှစ်အတွက် ဖက်ဆစ်တပ်ဟာ MOGE ကနေ ရငွေ ကျပ်ဘီလီယံပေါင်း (၂၃၄၅) ကျော်ရရှိ နေကြောင်း သိရပါတယ်။

ထိုသို့ စစ်ကောင်စီထံဝင်ရောက်နေသော နိုင်ငံခြားဝင်ငွေများကို ဖြတ်တောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုမှ ဦးဆောင်ဖြင့် ပြည်သူများပြုလုပ်ခဲ့ကြတဲ့ တောင်းဆိုမှုတို့မှာလည်း အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုတာကို Blood Money Campaign(သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု) အဖွဲ့ထံမှ သိရပါတယ်။

” ကျွန်တော် တို့ ပြည်တွင်းအင်အားစုတွေ ဆန်ရှင်တွေတောင်းခဲ့တာမရေတွက်နိုင်တော့ပါဘူး။ ဒါပေမဲ့ MOGEကို Sanction မလုပ်ပဲနဲ့ MOGEက ညွှန်ချုပ်နဲ့ ဒုညွှန်ချုပ်ကို ပဲ လုပ်ခဲ့တယ်။ ကျွန်တာကတော့ တခြားအပိုင်းတွေကိုပဲ Sanction လုပ်သွားတာပါ။ အဲ့လို လုပ်သွားတဲ့ အထဲမှာ အထိရောက်ဆုံးကို ပြောပါဆိုရင် MFTB MICB ကို ဆန်ရှင်လုပ်တာရယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လေယာဉ်ဆီကုမ္ပဏီတွေကို ဆန်ရှင်လုပ်တာရယ်က တော်တော်ထိရောက်တယ်လို့မြင်ပါတယ်။ ” လို့ BMC အဖွဲ့ဝင်တစ်ဦးမှ FJMM ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို ဖြတ်တောက်ကြဖို့နဲ့ NUG အစိုးရနဲ့တကွ ကိုယ့်တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ္ဍာရန်ပုံငွေစနစ်တွေကို ခိုင်မာအားကောင်းအောင် တည်ဆောက်ကြဖို့ အဓိထားဆွေးနွေးခဲ့ကြပါတယ်။

၂၁ရာစု ကမ္ဘာ့နောက်ခံ အခင်းအကျဉ်းမှာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကြီးဟာ တိုက်ပွဲ နည်းနာတခုတည်းအပေါ်မှာပဲ လုံးလုံးလျားလျား အားပြုရပ်တည်နေတာ မဟုတ်ဘဲ လက်နက်စွဲကိုင် ခုခံတွန်းလှန်စစ်တိုက်ပွဲ (Arm Resistance) နည်းနာနဲ့အတူ လူထုတိုက်ပွဲ (Civil Resistance) နည်းနာကလည်း အထူးအရေးကြီးတဲ့ တော်လှန်ရေးမဏ္ဍိုင်ကြီးတရပ်ဖြစ်တယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာတေဇာဆန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီသတင်းစာရှင်းလင်းပွဲ တက်ရောက်လာတဲ့ ပြည်တွင်းပြည်ပသတင်းမီဒီတာတွေရဲ့ မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားတာတွေပြုလုပ်ပေးခဲ့ပြီး ဘဏ္ဍာရေးတိုက်ပွဲ မျက်နှာစာနဲ့ပါတ်သက်တာတွေကို ဆွေးနွေးရှင်းလင်းခဲ့ကြပါတယ်။

ဓါတ်ပုံ – Getty Images

Related Articles

Back to top button