ဂျာနယ်စာစဉ်

ဂျာနယ်စာစဉ် အမှတ် ၃၉ ဖတ်ရှုနိုင်ပြီ

ဂျာနယ်စာစဉ် အမှတ် ၃၉ ဖတ်ရှုနိုင်ပြီ။

 

ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အမှတ်စဉ်အလိုက် ဂျာနယ်စာစဉ်များကို ၃ လတကြိမ် ပုံမှန်ထုတ်ဝေပေးလျက် ရှိပါတယ်။

ဒီတကြိမ်မှာတော့ “မြန်မာပြည်ထောင်စုရဲ့ ဗဟုအမျိုးသားဖြစ်တည်မှု” ခေါင်းစဉ်နဲ့ ထုတ်ဝေလိုက်တာပါ။

– အယ်ဒီတာ့အာဘော်

နွေဦးတော်လှန်ရေးဟာ လပေါင်း ၃၀ ပြည့်လာပြီ ဖြစ်သလို၊ တော်လှန်‌ရေးနှင့် ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်ဆင်ခြင်သုံးသပ်ရမည့် အချိန်ကာလကို ရောက်ရှိလို့ လာပါပြီ။

လက်ရှိနွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုဟာ တော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ (၁) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး။ (၂) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး။ (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး။ (၄) အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး။ ဟူသော လေးရပ်သော ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ဘယ်လောက် နီးလာပြီလဲ ဆိုတာ သုံးသပ်ရမဲ့ အခြေအနေ ဖြစ်ပါတယ်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးသည် တော်လှန်ရေးအတွက် အန္တိမပန်းတိုင်တစ်ခု ဖြစ်သလို၊ အနှစ် (၇၀) ကျော် ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အောင်မြင်အောင် အကောင်အထည် မဖော်နိုင်သေးတဲ့ အမျုးသားတန်းတူမှုကို လက်ရှိနွေဦးအချိန်ကာလမှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။

အမျိုးရေးတန်းတူညီမှုရှိရန်အတွက် အခြေခံကျသော ဝေါဟာရဖြစ်သည့် အမျိုးသား ဖြစ်တည်မှုနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ တွေးမြင်ဖို့ လိုပါတယ်။ အမျိုးသားတစ်ရပ်သည် လူမျိုးတစ်မျိုး (သို့မဟုတ်) တစ်မျိုးထက်ပိုသော လူမျိုးတွေနဲ့ နိုင်ငံရေးရပ်တည်ချက်တူညီစွာ စုပေါင်းထားသော နိုင်ငံရေးယူနစ်တစ်ရပ်ဖြစ်ပါတယ်။

အမျိုးသားဖြစ်တည်မှုကို အခြေပြုပြီး ဖက်ဒရယ်ယူနစ်တွေကို တည်ဆောက်ဖို့ လိုလားတဲ့ မြန်မာနိုင်ငံအတွက် အရေးတကြီး လုပ်ဆောင်ရမဲ့အရာသည် အမျိုးသားရေးဖြစ်တည်မှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန်နှင့် တည်ရှိပြီးသားအမျိုးသားဖြစ်တည်မှုကို ပြန်လည်ခွဲထုတ်ပြီး လူမျိုးစုတစ်ခုချင်းအပေါ် အခြေခံကာ နိုင်ငံရေးတည်ဆောက်မှု၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ စဉ်းစားချက်များ၊ အကောင်အထည်ဖော်မှုများကို မလုပ်မိအောင် သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။ ထို့ပြင် ဗဟုအမျိုးသားဖြစ်တည်မှုကို ပယ်ဖျက်ကာ တမျိုးသားတည်း ဖြစ်တည်ရန် အတင်းအကျပ် သွတ်သွင်းမှုမျိုးကိုလည်း မပြုလုပ်ရန်အရေးကြီးပါတယ်။

မြန်မာ့နိုင်ငံရေးသည် ထိလွယ်ရှလွယ်သဘောသဘာဝမှ လေဒဏ်၊ နေဒဏ်ခံနိုင်သော နိုင်ငံရေးမျိုး ဖြစ်လာရန် လုပ်ဆောင်ဖို့ လိုပါတယ်။

နွေဦးတော်လှန်ရေးသည် အနှစ် (၇၀) ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အဆုံးသတ်ဖြစ်လာစေဖို့ ရည်မျှော်သလို၊ အားလုံးလိုလားသော အမျိုးသားတန်းတူမှုအပေါ် အခြေခံ တည်ဆောက်နိုင်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် စမှတ်ဖြစ်လာစေဖို့လည်း မျှော်မှန်းပါတယ်။

သို့မဟုတ်ပါက မဆုံးနိုင်သော ပြည်တွင်းစစ်များ၊ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းတော်လှန်ရေးများ၊ နိုင်ငံပျောက် ပြည်သူများ၊ ပညာကောင်းစွာ မသင်ရတဲ့ ကလေးသူငယ်များ၊ ထိုအရာများစွာတို့သည် မဆုံးသော ဝဲကယက်တွင် အဖန်ဖန် ကျင်လည်ကြရမည်သာ….။ 

ဂျာနယ်စာစဉ် အမှတ် ၃၉ ကို ဖတ်ရှုလိုပါက အခမဲ့ ဒေါင်းလုတ်လင့်ခ်မှာ ရယူနိုင်ပါတယ်။ 

CLICK HERE TO DOWNLOAD

Related Articles

Back to top button