သတင်း

လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် မင်းပြားမြို့မှ ကျေးရွာတချို့ ရေနစ်မြုပ်‌နေ

လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် မင်းပြားမြို့မှ ကျေးရွာတချို့ ရေနစ်မြုပ်‌နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၅ ရက်၊ ၂၀၂၃။

လေးမြို့မြစ်ရေ မြင့်တက်လာနေတဲ့အတွက် မင်းပြားမြို့နယ်မှ ကျေးရွာ ၂၀ ခန့်ဟာ ရေနစ်မြုပ်နေပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် တောင်ကျရေတွေ ဒလဟောစီးကျလာပြီးတော့ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောပါတယ်။

လေးမြို့မြစ်ရေဟာ မနေ့ကနေ စတင်မြင့်တက်လာပြီးတော့ လက်ရှိအချိန်ထိလည်း ၅ပေခန့်အထိ ပြည့်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။

” ရွာထဲမှာ ရေတွေပြည့်နေပါတယ်။ မြေနိမ့်တဲ့နေရာတွေမှာဆိုရင် ၅ ပေလောက်အထိ ပြည့်နေပါတယ်။ တချို့ဆိုရင် လောင်၊ လှေတွေနဲ့ သွားလာကြတာတော့ရှိတယ်။ လက်ရှိကတော့ နေထိုင်လို့ရသေးတဲ့အ‌‌ခြေအနေပါ။ ဒီထက်တိုးလာရင်တော့ စိုးရိမ်ရတယ်” လို့ ‌ဆိုပါတယ်။

မင်းပြားမြို့နယ်က ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေမှာ ရွှေကျန်၊ ခွဆုံ၊ထိန်ပင်၊ ပေါက်တော၊ ရွှေတောင်၊ အိုးဗျိုင်တောင်စတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ လောက်ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာဟာလည်း ရေနစ်မြုပ်နေတယ်လို့ ရွာခံ အမျိုးသမီးငယ်တစ်ယောက်ကပြောပါတယ်။

” ချောင်းနဲ့နီးတဲ့ အိမ်တွေမှာ ရေပြုံနေတယ်။ လယ်ကွင်းတွေမှာလည်း ရေပြည့်လျှံနေတယ်။ ချောင်းနားမှာ နေထိုင်တဲ့သူတချို့ကတော့ ကုန်းမြင့်တဲ့နေရာတွေကို ပြောင်းရွေ့နေထိုင်ကြတာတွေရှိတယ်” လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ရေပြည့်နေတဲ့အတွက် ဒုက္ခသည်တွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တခြားကုန်းမြင့်တဲ့ ဒေသတွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒီ‌လိုမျိုး ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားနေတဲ့အတွက် စပါးခင်းများ ပျက်စီးသွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button