
ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၈၊ ၂၀၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မော်စီဇာရပ်ကွက်မှာ တည်ဆောက်ထားတဲ့ ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်းဒေးရှင်းအဖွဲ့၏ အမျိုးသမီး စွမ်းရည်မြင့် အလုပ်ရုံ အဆောက်အဦး ဒီကနေ့ မတ် ၁၈ ရက်နေ့ နံနက်ပိုင်းက ဖျက်ဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။
“ဒီကနေ့ မနက်ပိုင်း အစောကြီးကပေါ့၊ ၂ နာရီလောက်ဖြစ်မယ်ထင်တယ်၊ ဖားကန့်အခြေစိုက် တပ်မ ၃၃ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာဖျက်ဆီးသွားကြတာဖြစ်တယ်”လို့ အဲဒီဖွဲ့က တာဝန်ရှိသူတဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို အတည်ပြု ပြောဆိုပါတယ်။
ဘာကြောင့်အခုလို လာရောက် ဖျက်ဆီးသွားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲဒီလာရောက်ဖျက်ဆီးစဉ် ခြံစောင့်ဖြစ်တဲ့ အမျိုးသားဖြစ်တဲ့ ဆလန် မဂေါန်ဆိုင်းအောင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ခြံစောင့်အမျိုးသားနဲ့ ပတ်သက်ပြီး ပြန်လည် လွတ် မြောက်လာနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်းဒေးရှင်း (ဖားကန့်)ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဆိုပါ အဆောက်အဦး ဖျက်ဆီးခံရစဉ်မှာတော့ ရုံးသုံးပစ္စည်းများနဲ့ သင်တန်းသုံး ကွန်ပြူတာ ၉ ခုအပါအဝင် အလုပ်ရုံ အဆောက်တဦး တခုလုံးပါ ဖျက်ဆီးခံခဲ့ရတာပါ။
ယခု ဖျက်ဆီးခံခဲ့ရတဲ့ အမျိုးသမီး စွမ်းရည်မြင့် အလုပ်ရုံ အဆောက်အဦးဟာ ယမန်နေ့ မတ် ၁၆ ရက်နေ့က ကွန်ပြူ တာ အခြေခံ သင်တန်းကျောင်း သင်ကြားနိုင်ဖို့ စတင်ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
ကချင်လူမှုဖွံ့ဖြိုးရေးဖောင်းဒေးရှင်း(ဖားကန့်)၏ အမျိုးသမီးရေးရာအဖွဲ့ဟာ ဖားကန့်ဒေသမှာ မှီတင်း နေထိုင်ကြတဲ့ အမျိုးသမီးများအတွက် စားဝတ်နေရေး အလှုပ်အကိုင်များရရှိရေး၊ လက်မှုအတက်ပညာများအပါအဝင် ကျောက်စိမ်း အရည်အသွေးကြည့်ရှုခြင်း၊ တန်ဖိုးဖြတ်ခြင်းနှင့် အခြားသော လူမှုအသိပညာများ လေ့လာခွင့် ရရှိနိုင်ဖို့ ဦးဆောင်ကြိုးပမ်း ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။