သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများ ကြိုးစားဖို့ NLD ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး ပြန်လည်လွှတ်မြောက်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းနဲ့ ကြိုးစားဖို့ NLD ဆုံးဖြတ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုက် ၃၀ ရက်၊ ၂၀၂၃။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယအကြိမ် ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယအကြိမ်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဥ်းသားများ ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများနဲ့ ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးကို ဇူလိုင်လ ၂၉ရက်နေ့မှာ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ ချမှတ်နိုင်ခဲ့ကြောင်း NLD ဗဟိုမှ ထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရနိုင်တဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ကြိုးပမ်းဖို့နှင့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုရှိရှိ ပူးပေါင်းနိုင်ဖို့အတွက် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖို့ စတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်အတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ယခု အစည်းအဝေးကို အွန်လိုင်းက တစ်ဆင့်ပြုလုပ်ခဲ့ပြီး NLD သဘာပတိအဖွဲ့ဝင် ဦးမန်းဂျော်နီအပါအဝင် ဗဟိုကော်မတီဝင်၊ အရံဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလုပ်အမှုဆောင် အပါအဝင် စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်အထိချမှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားတယ်လို့ NLD ပါတီက ဇူလိုင်လ ၂၈ ရက်နေ့မှာ အတည်ပြုထားပါတယ်။

စစ်ကောင်စီ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စား လှယ် Mr. Deng Xijun ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးမလား ဆိုတာကိုတော့ နိင်ငံရေးစောင့်ကြည့်လေ့လာသူတွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

ဓါတ်ပုံ – Getty Images 

Related Articles

Back to top button