“လူပုဂ္ဂိုလ်” အခြေမပြု၊ “နိုင်ငံရေးမူ” အခြေပြု နွေဦးတော်လှန်ရေးဖြစ်ကြောင်း GSCC အသိပေးထုတ်ပြန်
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၇ ရက်၊ ၂၀၂၃။
နွေဦးတော်လှန်ရေးကြီးဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ “မူ”အားဖြင့် အခိုင်အမာ အခြေပြု တော်လှန် နေသော ပြည်သူ့တော်လှန်ရေးကြီးဖြစ်ပြီး လူတဦးတယောက် အပေါ်အခြေပြုထားခြင်းမဟုတ်သလို “လူပုဂ္ဂိုလ်” အခြေမပြု၊ “နိုင်ငံရေးမူ” အခြေပြု နွေဦးတော်လှန်ရေးဖြစ်ကြောင်း အထွေထွေသပိတ်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(GSCC) အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နိုင်ငံရေးအတွက် အဓိကဖြေရှင်းရမည့်အကြောင်းအရင်းဟာ ကိုယ်ပိုင်လက္ခဏာ နောက်ခံ စုံလင် ကွဲပြားစွာ ရှိ တည်နေသည့် “အစု” များအကြား တရားမျှတရေး၊ အခွင့်တူညီမျှရေး နှင့်ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသည့် ပြည် ထောင်စု မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ နိုင်ငံရေး အကျပ်အတည်းမဖြေရှင်းနိုင်ခြင်းကြောင့် ပြည်တွင်းစစ်ဖြစ်လာခဲ့ရခြင်းဖြစ်သလို နိုင်ငံရေး ပဋိပက္ခ နှင့် စစ်ရေးပဋိပက္ခသည် တဆက်တစပ်တည်းဖြစ်ပြီး နိုင်ငံရေးပဋိပက္ခသပ်သပ်၊ စစ်ရေး ပဋိပက္ခ သပ်သပ် ဟူ၍ သီးခြား ခွဲထုတ် ရှုမြင်မှုသည် လုံးဝမှားယွင်းသည့်ရှုမြင်မှု ဖြစ်တယ်လို့ GSCC က ဆိုပါတယ်။
GSCC ရဲ့ ထုတ်ပြန်ချက်အရ ယခုရက်ပိုင်းအတွင်း အစိုးရသစ်အား အာဏာလွှဲအပ်ရန် စောင့်ဆိုင်းနေရသည့် ထိုင်းအိမ်စောင့်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးသည် ရက်ပိုင်းမျှသာ ကျန်ရှိသည့် လက်ကျန် အချိန်ကို အသုံးချလျက် မြန်မာ့နိုင်ငံရေးတွင် ရှုပ်ထွေးမှုများ ဖြစ်ရန် ဖန်တီးခဲ့သည်ကို တွေ့ရတယ်လို့ သုံးသပ် ထားပါတယ်။
ဒါ့ကြောင့် ခေါင်းဆောင်ပုဂ္ဂိုလ်အခြေပြု နိုင်ငံရေးဓလေ့ကို စွဲကိုင်လျက် မြန်မာနိုင်ငံရေးအား အာဆီယံအဖွဲ့တွင်း ထည့်သွင်းလာ သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် “လူပုဂ္ဂိုလ်” အခြေပြုမဟုတ်ပဲ “နိုင်ငံရေးမူ” အခြေပြုကာ စွန့်လွှတ် အနစ်နာခံ ပေးဆပ်ခြင်းများစွာဖြင့် အခိုင်အမာတော်လှန်နေသည့် မြန်မာပြည်သူများ၏ နွေဦး တော်လှန်ရေးကြီးအား လစ်လျူရှု စော်ကားသည့်အပြင် နိုင်ငံရေးအရ သွေးခွဲရန် ထိုးခွဲရန် ကြံစည် ကြိုးစား ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအနေနှင့် မြန်မာ့အရေးဖြေရှင်းရန် ကူညီ ဆောင် ရွက်ကြရာတွင် နွေဦးတော်လှန်ရေးကြီးကိုဆင်နွှဲနေသည့် မြန်မာပြည်သူ လူထုကြီး ၏သဘော ထားနှင့် အညီသာ ဖြစ်ရ မည်ဖြစ်ပြီး၊ ကိုယ်ပိုင်သဘောထားများသက်သက်ဖြင့် မလိုလားအပ်ပဲ အခြေအနေကို ပိုမို ရှုပ်ထွေး စေသည့် ကြံစည် ကြိုးစားမှုများအား လုံးဝ မလုပ်ဆောင်ကြရန် GSCC က ပြင်းထန်စွာ သတိပေး ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – GSCC (ပုံဟောင်း)